အနော်ရထာမင်းနဲ့ ကျန်စစ်သား သားအဖအရင်းတော်စပ်ကြောင်း အထောက်အထားကျောက်စာအကြောင်း

အနော်ရထာမင်းကြီး၏ သားအရင်းဖြစ်သော ကျန်စစ်သားမင်းကြီး (သို့မဟုတ်) လှည်းထောင်ဘုရားကျောက်စာရှင်းတမ်း

ကျန်စစ်သားမင်းကြီးသည် အနော်ရထာမင်းကြီး၏ သားအရင်းဖြစ်ကြောင်း ထင်ရှားခိုင်လှုံသောသက်သေမှာ သက္ကရာဇ်(၄၇၃)ခုနှစ်တွင် အလောင်းစည်သူမင်းကြီးရေးထိုးခဲ့တဲ့ “လှည်းထောင်ဘုရားကျောက်စာ” ပင်ဖြစ်သည်။

ထိုကျောက်စာထဲတွင် ကျန်စစ်သားမင်းကြီးသည်အနော်ရထာမင်းကြီး၏ သားအရင်းဖြစ်ပြီး အလောင်းစည်သူမင်းကြီးသည် ကျန်စစ်သားမင်း၏ မြေးဖြစ်ကြောင်း အတိအလင်းရေးထိုးထားသည်။ သို့သော် လှည်းထောင်ဘုရားကျောက်စာနှင့်ပတ်သက်၍ ရှင်းလင်းချင်သော အချက်များလည်းရှိပါသည်။

ထိုကျောက်စာရဲ့ စာ‌ပေအရေးသားပုံအရ “မင်းကြီးအနော်ရထာသားချစ်တမူလည်း ဖြစ်ထသော၊ ထီးလှိုင်လျှင် ကျန်စစ်သားမင်း၏ မြေးချစ်တမူဖြစ်ထသော” လို့ရေးထိုးထားတဲ့အတွက် အဓိပ္ပာယ်ကောက်ရရင် အလောင်းစည်သူမင်းက “အနော်ရထာရဲ့သား၊ ကျန်စစ်သားရဲ့မြေး” ဆိုပြီး နားလည်ရခက်နေပါလိမ့်မည်။

ဒါပေမယ့် ကျောက်စာအထောက်အထားများအရ အနော်ရထာမင်း နတ်ရွာစံပြီးမှ စောလူးမင်း၊ ကျန်စစ်သားမင်းနှင့် အလောင်းစည်သူမင်းတို့က အစဉ်လိုက် နန်းတက်ခဲ့ကြောင်းသိရသည်။ ထို့ကြောင့် ကျောက်စာရဲ့ဆိုလိုရင်းအမှန်မှာ “မင်းကြီးအနော်ရထာရဲ့သား ကျန်စစ်သား၏မြေး” ဟူ၍ ရေးသားထားခြင်းပင်ဖြစ်နိုင်သည်။

ကျန်စစ်သားမင်း ရေးထိုးခဲ့တဲ့ ရွှေဆံတော်ဘုရားမွန်ကျောက်စာ(မြန်မာဘာသာပြန်)မှာလည်း “ခမည်းတော်ကား၊ အာဒိစ္စဝံသ မင်းမျိုးတည်း” ဟူ၍ရေးထိုးထားတဲ့အတွက် ကျန်စစ်သား၏ ဖခင်ဟာ ဘုရင်မျိုး၊ မင်းမျိူးဖြစ်တယ်လို့ သိနိုင်ပြီး….တစ်နည်းအားဖြင့် ကျန်စစ်သားမင်း၏ ဖခင်ဟာ အနော်ရထာမင်းကြီးဖြစ်ကြောင်းသိနိုင်ပါတယ်။

ဒါ့ကြောင့် ကျန်စစ်သားမင်းကြီးသည် အနော်ရထာမင်းကြီး၏ သားအရင်းဖြစ်ကြောင်းကို အလောင်းစည်သူမင်းကြီးရေးထိုးခဲ့တဲ့ လှည်းထောင်ဘုရားကျောက်စာက သက်သေထူ နေကြာင်းဖော်ပြပေးလိုက်ရပါသည်။

Ye_Min_Thu

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page