ဖေ့ဘုတ်ကို အင်တာနက်လို့ ထင်နေကြတဲ့ မြန်မာပြည်က လူတချို့နဲ့ ၁၉၇၀ ခုနှစ်မှာ ပိတ်မိနေသူများ
စာရေးသူဟာ ယခုလို သတင်းစာတွင် ဆောင်းပါးရေးခွင့် ရသည့်အတွက် အလွန်အမင်း ဝမ်းမြောက်နေပုံရ ပါတယ်။ ဒီကနေ သာဓု ခေါ်လိုက်ပါတယ်။ ဒါပေမယ့် ဘဝင်မကျတာလေး ရှိနေလို့ အခုလို ရေးတာပါ။
ဖေ့ဘုတ်ဟာ အင်တာနက်ထဲက များစွာသော လူမှုကွန်ယက်တွေထဲက တခုပါ။ ပညာရှာမှီးလိုတဲ့ လူတယောက် အတွက် အင်တာနက်ဟာ အသက်တမျှ အရေးကြီးပါတယ်။ လွန်ခဲ့တဲ့ ၁၈ နှစ်ကျော် ကျောင်းသား ဘဝက အင်တာနက် ဆိုလို့ အိုင်ပီစတား သာရှိပြီး လက်ဖက်ရည် တခွက် ၅၀ ကျပ် ခေတ်မှာ အင်တာနက် တနာရီ ၁,၂၀၀ ကျပ် ပေးရပါတယ်။
ဒါပေမဲ့ အမြန်နှုန်းက အခုခေတ်ရဲ့ ဖုန်းလိုင်းရဲ့ အပုံ ၂၀ ပုံတပုံတောင် မရှိပါဘူး။ စဉ်းစားသာ ကြည့်ပါတော့။ ကျွန်တော် အဲဒီလေးကွေးလှတဲ့ လိုင်းကနေ စာလေးတွေကို Floppy Disk (1.44MB သာရှိ) အဲဒီနောက် R/W CD နဲ့ နောက်ပိုင်း 128MB ရှိတဲ့ MP3 player (memory stick မဝယ်နိုင်သောကြောင့်) လေးနဲ့ သိချင်တာရှာပြီး အိမ်ကိုသယ် လေ့လာ ခဲ့ရင်း ကျောင်းနဲ့ မဆိုင်တဲ့ သီးခြား professional အတတ်ပညာကို တတ်မြောက်ခဲ့တာပါ။
ဒါတောင် အဲဒီခေတ်က video တွေ download လုပ်ဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်ပါဘူး။ ကျွန်တော် လက်ရှိ လုပ်ကိုင် စားသောက်နေတဲ့ အတတ်ပညာရဲ့ ၇၀% လောက်က အင်တာနက် ပေါ်က သင်ယူခဲ့တာပါ။
အခုခေတ် video သာမက live လွှင့်ပြီး ပညာ သင်လို့ ရနေတဲ့ ခေတ်မှာ အင်တာနက် ဈေးတက်တာကို အချိန်မဖြုန်းဖြစ်လို့ သဘောကျသလို ရေးတာက စာရေးသူရဲ့ အချိန်ဖြုန်းချင်တဲ့ အကျင့်ကို အင်တာနက်ပေါ်မှာ လွှဲချလိုက်တာပဲ ဖြစ်ပါတယ်။ ရမယ်ရှာတယ်ပေါ့ဗျာ။
မြန်မာနိုင်ငံမှာ အင်တာနက်ကို ပညာဆည်းပူး ဖို့ အတွက် မဟုတ်ဘဲ အချိန်ဖြုန်းဖို့ သပ်သပ် သုံးနေသူ အချို့က စာရေးခွင့်ရလာတဲ့ အခါမှာ အင်တာနက်ကို ဖေ့ဘုတ် လို့ သတ်မှတ် လိုက်တဲ့ စောင် ကျိုးနဲ အယူအဆကြီး ထွက် ပေါ်လာပါတယ်။
အင်တာနက်ပေါ်မှာ အလွန်ကို အကျိုးရှိတဲ့ စာပေတွေက အပြင်လောကက စာအုပ်ဆိုင် ထောင် သောင်း မကထက် များပါတယ်။ အင်တာနက်ဈေးတက်လို့ စာဖတ်ချိန်တွေ ပိုထွက်လာတယ် ဆိုတော့ အင်တာနက် ပေါ်မှာ စာဖတ်လို့ရတယ် ဆိုတာ စာရေးသူ သိပုံ မရတာ အတော့်ကို သေချာနေပါတယ်။
ဘာဝနာ ပွါးများနိုင်ဖို့ အင်တာနက်မှာ ရှာလို့ရတဲ့ တရားတော်တွေဟာ အခွေဆိုင်ပေါင်း ရာချီထက် ပိုများပါတယ်။ တရားစာအုပ်ဖတ်မလား စာအုပ်တွေ ဝယ်စရာတောင် မလိုဘဲ ဖုန်းထဲ ထည့်ဖတ်လို့ ရပါတယ်။
အင်တာနက်ပေါ်မှာ သတင်းတု သတင်းယောင် တွေကြောင့်လို့ ခေါင်းစဉ်တပ်ပါရင်လည်း အနှီ စာဖတ်ဝါသနာ ပါတယ် ဆိုတဲ့ စာရေးသူကြီးဟာ စာတွေဖတ်တဲ့ အတွက် အမှား အမှန် ခွဲခြားတတ်ရမှာပါ။ ဒါ့ကြောင့် စောဒကတက်စရာ အကြောင်း မရှိပေ။
တခြား လူကြီး မျက်စိနောက်စရာ ကို့ယို့ကားယား ကိစ္စတွေကလည်း block and hide all လုပ်လို့ရတာကို သိပုံမရပါဘူး။ အင်တာနက်ကို ဖေ့ဘုတ် တခုထဲလို့ သိတယ် ဆိုရင်တောင် ဖေ့ဘုတ် ကို ကျွမ်းကျင်စွာသုံးတတ်ရင် ပညာလေ့လာဖို့အတွက် အကြီးအကျယ် အသုံးချလို့ ရပါတယ်။
ဒါကို နားမလည်တာဟာ ပညာရေးမှာ အလွန် နိမ့်ပါးနေတာကို ပြသနေတာပါ။ ပြောချင်တာက အင်တာနက် ဈေးတက်ရတဲ့ အကြောင်းအရင်းကို အရှိအတိုင်း ပြောလို့ရ ပါတယ်။
ဒါပေမယ့် ကိုယ်တိုင် နားမလည်ဘဲ အချိန်ဖြုန်းဖို့ သပ်သပ် သုံးခဲ့တဲ့ သူတယောက်က အင်တာနက်ရဲ့ တန်ဖိုးကို မသိတာကို ဖုံးကွယ်ပြီး အသံကောင်းဟစ်တာမျိုးဟာ လူတိုင်း၏ ပညာရေး နှင့် သက်ဆိုင်တဲ့ အသိကို ပျက်စီး စေဖို့ အားပေးနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်နောင် ဒီလို အဆင့်အတန်း နိမ့်တဲ့ ဆောင်းပါးမျိုး မရေးသားဖို့ အကြံပြုလိုပါတယ်။
တာဝန်မသိမိသည့် နိုင်ငံသား အပေအတေလေး တဦး