မိုးသီးကြွေတတ်တဲ့ အချိန်နဲ့ မိုးသီးကြွေရခြင်း အကြောင်းရင်းမှန်

မိုးသီး (Hail) များဟာ မိုးတိမ်တောင်များမှ အများဆုံးကြွေကျတတ်ကြပါတယ်။ မိုးတိမ်တောင်ဆိုတာ အခုလို နွေဦးကာလမျိုးမှာ အပူချိန်မြင့်မားခြင်းကြောင့် ဖြစ်ပေါ်လာရတဲ့ တိမ်တိုက်ကြီးတွေဖြစ်ပါတယ်။ အင်္ဂလိပ်လို Thunderstorms လို့ခေါ်ပါတယ်။ လေပူ-လေအေးတွေ အထက်အောက် စုန် ဆန် တိုက်ခတ်နေတဲ့ တိမ်တိုက်ကြီး တစ်ခုပါပဲ.. ။

အပူဟာ လေ နဲ့ ရေ ကို ပွစေပြီး အထက်သို့ တက်စေပါတယ်။ အထက်သို့တက်သွားတဲ့ လေ နေရာကို အေးသောလေများက ဝင်ရောက်နေရာယူပါတယ်။ လေပူတွေဟာ အထက်သို့ ဆန်တက်ပြီး လေအေးတွေကတော့ အောက်သို့ စိုက်ဆင်းပါတယ်။

အထက်သို့ရောက်လာတဲ့လေနဲ့အတူ ရေခိုးရေငွေ့တွေဟာ မိုးတိမ်တောင်ရဲ့ အပေါ်ဖက်မှာ ရေခဲခြင်း (တနည်း) မိုးသီးများ ဖြစ်လို့လာပါတယ်။ မိုးတိမ်တောင်ဖြစ်စဉ်မှာ အပူချိန် အတက်အကျ ပြင်းထန်တဲ့အတွက် လေတိုက်ခတ်မှုလည်း အားကောင်းပါတယ်။ အဲဒီလေပြင်းများကြောင့် မိုးသီးများဟာ ကြွေကျဖို့ အကြောင်းဖန်လာပါတော့တယ်..။

ဒါပေမယ့်.. မိုးတိမ်တောင်ထဲမှာ အောက်ကပင့်တဲ့ လေအားကလည်း ရှိနေပြန်တော့.. မိုးသီးများဟာ မကြွေကျပဲ တိမ်တိုက်အထက်သို့ ပြန်ဆန်တက်ကြပြန်ပါတယ်။ အဲဒီအခါမှာ တိမ်တိုက်ထဲက ရေတွေကို ထပ်မံပွတ်တိုက်မိပြီး ရေခဲတွေ ထပ်မံပေါင်းစပ် ဖြစ်ပေါ်လာပါတယ်။

အဲ့ဒါကြောင့် မိုးသီးတစ်လုံးကို ကြည့်လိုက်လျှင် ကြည်လင်ပြတ်သားတဲ့ (မူလ) ရေခဲ (Glaze) နေတဲ့နေရာတွေကြားမှာ ပုံစံမမှန်တဲ့ ရေခဲသီး (Rime)လေးတွေ ကပ်နေတာကို တွေ့ရမှာပါ။

ရေခဲတွေ တဖြည်းဖြည်း စုကပ်ရင်း အလေးချိန်များလာတဲ့အခါ (သို့မဟုတ်) အပေါ်ကို ဆန်တက်နေတဲ့ လေကြောင်း အားလျော့သွားတဲ့အခါမှာတော့ မိုးသီးတွေဟာ အခဲလိုက် မြေပေါ်သို့ ကျရောက်လာပါတော့တယ်။ မိုးတိမ်တောင်ရာသီဥတုတွေ အများဆုံးဖြစ်တတ်တဲ့ ဧပြီလ နဲ့ မေလ တို့မှာ ရံဖန်ရံခါ မိုးသီးများကြွေကျခြင်းကို ကျနော်တို့ ကြုံတွေ့ကြရပါတယ်။

အနာဂတ်ပညာရေးအတွက်..
သန့်ဦး (အာကာသနှင့် စကြဝဠာ သင်ထောက်ကူ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page