တနေ့ထဲ မွေးခဲ့ကြပြီး ခေတ်ကြီးကို ပြောင်းလဲအောင် ကိုင်လှုပ်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး (၃) ဦးအကြောင်း
ဖေဖော်ဝါရီ ၁၃ ရက်နေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ ဖြစ်ပါတယ်။ သူသာ အသက်ထင်ရှား ရှိနေသေးတယ်ဆိုရင် အသက် ၁၀၇ နှစ် ရှိပါပြီ။
ဗိုလ်ချုပ်အောင်ဆန်း၊ အေဘရာဟင် လင်ကွန်း၊ ချားလ်စ် ဒါဝင် ခေတ်ကြီးတစ်ခေတ်ကို ပြောင်းသွားအောင် ကိုင်လှုပ်နိုင်ခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီး ၃ ယောက် စလုံးဟာ တစ်နေ့တည်းလောက်မှာ မွေးခဲ့ပြီး၊ မွေးဇာတာတွေ တစ်ထေရာတည်း တူလောက်တယ်လို့ ကျွန်တော်ထင်တယ်။
၁၂-၂-၁၈၀၉ အင်္ဂလန်နိုင်ငံမှာ Charles Darwin ကို မွေးဖွားခဲ့ပါတယ်။ Evolution Theory ကို ခုထိ ကျောင်းမှာ မသင်ပေးသေးတဲ့ (ပိတ်ပင်ထားတဲ့) နိုင်ငံမှာမို့ ဒါဝင်အကြောင်းကို နဲနဲလေးတော့ ပြောချင်တယ်ဗျာ။
ချားလ်စ် ဒါဝင်ဆိုတာ ကမ္ဘာပေါ်မှာ သက်ရှိတွေ အားလုံးဟာ evolution ဆင့်ကဲဖြစ်စဉ်နဲ့ တဖြေးဖြေးချင်း ပြောင်းလဲနေတယ်၊ လူဆိုတာ မျောက်လိုလို သတ္တဝါကနေ ဆင်းသက်လာတယ်ဆိုတဲ့ Darwinism ကို အခိုင်အမာ သက်သေပြ ဖော်ထုတ်ခဲ့တဲ့ evolution theory ရဲ့ ဖခင် အင်္ဂလိပ် သိပ္ပံပညာရှင်ကြီး တစ်ယောက် ဖြစ်ပါတယ်။
မိမိ ဘာသာရေး အယူအဆအရ လူဆိုတာ မျောက်ကနေ မျိုးစိတ်ကွဲပြီး ထွက်လာတာ မဟုတ်ဘူးလို့ ငြင်းချင်ရင် ငြင်းလို့ ရပါတယ်။ ဒါပေမဲ့ သမိုင်းမှတ်တမ်း အထောက်အထား တွေ့ရှိရတဲ့ အရိုးစုတွေ အထောက်အထားတွေအရ၊ ရှေးခေတ်က လူတွေဟာ ဒူးကို 180° မဆန့်နိုင်ခဲ့ဘူး၊ ခါးကိုလည်း 180° မတ်နေအောင် မဆန့်နိုင်ဘူး၊ ပေါင်ကိုလည်း မစိထားနိုင်ခဲ့ဘူး၊ မျောက်တွေလိုဘဲ ကုန်းကုန်းကွကွ အမြဲ နေနေခဲ့ရတယ်ဆိုတာကို ငြင်းလို့ မရပါဘူး။
မယုံတဲ့သူ ကိုယ်တိုင် အရိုးတွေကို သွားကြည့်လို့ ရပါတယ်။ ဒါဟာ အရမ်း အဆင့်မြင့်တဲ့ သိပ္ပံပညာ မလိုအပ်ဘဲ၊ အရိုးကို ကြည့်ရုံနဲ့တောင် သိနိုင်တဲ့ ကိစ္စ ဖြစ်ပါတယ်။ သူဘာတွေ ဘယ်လို ရေးခဲ့တယ် ဆိုတာလေ့လာချင်ရင် ချားလ်စ် ဒါဝင် ထုတ်ဝေခဲ့တဲ့ The Descent of Men ဆိုတဲ့ စာအုပ် အစစ်ကို ကိုယ်တိုင် ဝင်ဖတ်နိုင်ပါတယ်။
၁၂-၂-၁၈၀၉ တုန်းက အမေရိကန် သမ္မတ Abraham Lincoln ကို မွေးဖွားခဲ့ပါတယ်။ US$5 တန် ဒေါ်လာ ငွေစက္ကူအပေါ်မှာ လူအများတွေ့ဖူးနေကျ ဒုတိယ အလေးစား ခံရဆုံး အမေရိကန်သမ္မတ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျွန်စနစ်ကို ဖျက်သိမ်းပြီး၊ လူဖြူ လူမည်း အားလုံးဟာ ဥပဒေရှေ့မှောက်မှာ တန်းတူညီတယ်လို့ ပြောင်းလဲသတ်မှတ်နိုင်ခဲ့တဲ့ ဒီမိုကရေစီ ဖခင်တစ်ယောက်ဖြစ်ပါတယ်။
၁၃-၂-၁၉၁၅ တုန်းက ဖေဖော်ဝါရီ ၁၃ မှာ စတုတ္ထမြန်မာနိုင်ငံကို တည်ထောင်သူ (သို့) မြန်မာ့ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဖြစ်လာမယ့် မောင်ထိန်လင်း ကို မြန်မာနိုင်ငံ နတ်မောက်မြို့မှာ မွေးခဲ့တယ် ဆိုတာ မြန်မာအများ သိပြီး ဖြစ်ပါတယ်။
(အဲဒီတော့ ဒီ ၃ ယောက်လုံးရဲ့ birth sign က Aquarius တွေ၊ တပို့တွဲလဖွားတွေချည်းပဲ။ နောက်တစ်ချက်က- မြန်မာနိုင်ငံနဲ့ အမေရိကန် နိုင်ငံနဲ့ အကြမ်းဖျင်း ၁၂ နာရီလောက် ကွာပါတယ်။ EST, CST, MST, PST, AST, HST စသည်ဖြင့် အမေရိကန် time zone ၆ခု တောင် ရှိတာမို့ အတိအကျ မပြောတော့ပါဘူး။ ဒီတော့ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁၃ ရက် မနက် တစ်ပိုင်းက ကမ္ဘာတစ်ဘက်ခြမ်းက အမေရိကန် နိုင်ငံမှာ ဖေဖော်ဝါရီ ၁၂ ရက်နေ့ ညနေ/ညပိုင်းပဲ ရှိသေးတယ်ဆိုတာ သိကြမှာပါနော်?
ဒါကြောင့် ခေတ်ကြီးတစ်ခေတ်ကို ပြောင်းသွားအောင် ကိုင်လှုပ်နိုင်ခဲ့တဲ့ ဒီပုဂ္ဂိုလ်ကြီး ၃ ယောက် စလုံးဟာ တစ်နေ့တည်းလောက်မှာ မွေးခဲ့ပြီး၊ မွေးဇာတာတွေ တစ်ထေရာတည်းလောက် ကို တူနေမယ်လို့ ကျွန်တော် ထင်မိတယ်။)
Zaw Htut