လူကတောင်းစားနေရပေမယ့် သဒ္ဓါတရားက ဇောတိက ဖြစ်နေတဲ့ ရေနံချောင်းက ဗိုလ်ကြည်မောင်

ရေနံချောင်းမြို့က ဦးမောင်မောင်ကြည် (ခ)ဗိုလ်ကြည်မောင်သည် တောင်းရမ်းလို့ရသမျှငွေများကို စုဆောင်းကာ ရေနံချောင်းမြို့ရှိ ရွှေကြာငုံ ဓမ္မဗိမာန်တော်၌ သံဃာတော်များနှင့်သီလရှင်များအားပင့်ဖိတ်၍ နံနက်အာရုဏ်ဆွမ်းတော်ကြီးလောင်းလှူပွဲကို ဖေဖော်ဝါရီ၁၉ရက်တွင် ကျင်းပပြုလုပ်မယ်လို့ သိရပါတယ်။

ဦမောင်မောင်ကြည်သည် ယခင်ကလည်း တောင်းရမ်းရသမျှငွေကြေးများထဲမှ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲငွေပဒေသာပင် ငွေကျပ်၃၇၀၀၀၊ လွတ်လပ်ရေးနေ့ စာရေးတံမဲ ငွေကျပ်တသိန်းခွဲနှင့် ပဒေသာပင် ငွေကျပ်တသိန်းခွဲ၊ ကျမ်းကိုင်ဘုရားပြုပြင်ရန် ငွေကျပ်ငါးသောင်း၊ ဆွမ်းလောင်းအသင်းအတွက် ငွေကျပ်တသိန်း၊ ရေနံချောင်းမြို့အောက်စီဂျင်စက်ရုံဖြစ်မြောက်ရေး ငွေကျပ်သုံးသောင်းကို လှူဒါန်းခဲ့ပြီးဖြစ်ပါတယ်။

အလှူရှင်၏ ဆုတောင်းမှာ ဘဝဆက်တိုင်း တောင်းရမ်းသူ မဖြစ်ပါစေနဲ့ဟုဖြစ်ပြီး ယခုလှူဒါန်းမှုအပေါ် ပြည်သူများကလည်း အံ့အားသင့်ဝမ်းမြောက်စွာ သာဓုအကြိမ်ကြိမ်ခေါ်ဆိုပေးလျက်ရှိကြပါတယ်။

“ရေနံချောင်းမြို့မ ဈေးကြီးတဝိုက်မှာ သူ့ကိုတွေ့နိုင်တယ်။ အမြဲပြုံးရွှင်တဲ့မျက်နှာထားနဲ့ လူတွေ့ရင် အကိုအကိုနဲ့။ လောဘလည်း မရှိ ဒေါသလည်း မရှိ မောဟ လည်းမရှိ။ အတိတ်ဘဝက ကုသိုလ်ကံမကောင်းခဲ့လို့သာ ခုလို ဘဝရောက်ရပေမယ့် ရေနံချောင်းမြို့နယ်ဆိုင်ရာ အလှူပွဲတွေမှာ သူတောင်းရသမျှ ပိုက်ဆံလေးတွေနဲ့ လှူရှာတယ်။ သူ့အလှူလေးတွေမြင်တိုင်းကြည်နူးစွာ သာဓုခေါ်ပါတယ်”ဟု မြို့ခံတဦးက ဆိုပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page