စကစရဲ့ သုံးလပြတ် အခြေခံပညာအတန်းများ အတန်းတင်စာမေးပွဲကြီး စစ်မယ့်နေ့ကို ကြေညာလိုက်ပြီ
၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာအတန်းများရဲ့ နှစ်ဆုံးစာမေးပွဲတွေကို ယခုမတ်လ (၁၇)ရက်နေ့မှာ စတင်ဖြေဆိုရမှာ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာနက ကြေညာလိုက်ပါတယ်။
အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်မှုစစ်ဆေးခြင်းကို မတ်လ(၁၇)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း စစ်ဆေးမှာဖြစ်ပြီး ကျန်ရှိနေတဲ့ ကျောင်းတွင်းစစ် စာမေးပွဲတွေကို မတ်လ(၁၇)ရက်နေ့မှာ (၂၁)ရက်နေ့အတွင်း ကျင်းပမှာဖြစ်တယ်လို့ သိရပါတယ်။
အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်မှုစစ်ဆေးခြင်း grade-11 သင်ရိုးဟောင်းကိုတော့ မတ်လ(၁၇)ရက်နေ့မှ (၂၃)ရက်နေ့အတွင်း ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ (ယခင် ၁၀ တန်း စာမေးပွဲ) ကိုတော့ မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး အဆိုပါစာမေးပွဲ အားလုံးကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်-၁၉ စည်းမျဉ်းစည်းကမ်းများနဲ့အညီ စစ်ဆေးကျင်းပသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ယခုအချိန်တွင် တချို့ဖွင့်လှစ်နေတဲ့ စကစ လက်အောက်ခံ စာသင်ကျောင်းများ၌ ကိုဗစ် ကူးစက်မှုများ အစုလိုက် အပြုံလိုက် ဖြစ်ပွားနေပေမယ့်လည်း ကျောင်းပိတ်ခြင်း မရှိဘဲ ကျောင်းဆက်လက်ဖွင့်ထားတာကို တွေ့ရပါတယ်။
ကလေးတွေကနေ တဆင့် အိမ်မှာရှိတဲ့ မိသားစုများကို ကူးစက်မှု ဖြစ်ပေါ်နေပြီး အခြေအနေ မတည်ငြိမ်မှုကြောင့် ကျောင်းမတက်ရခြင်း၊ ကိုဗစ်ဖြစ်ပြီး နေမကောင်းမှုကြောင့် ကျောင်းပျက်ခြင်း စသည်များကြောင့် ကျောင်းသားကျောင်းသူတွေ အနေနဲ့ စာသင်ချိန် အပြည့်အဝ မရရှိခဲ့ဘူးလို့ ကျောင်းသားမိဘ တဦးက ပြောပါတယ်။