သံဖြူဇရပ်မှာ စွန့်ပစ်ခံထားရတဲ့ ၃ ရက်သား သမီးလေး (အမခိုင်နှင်းဝေကို အကြောင်းကြား ပေးကြပါဦးဗျာ)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် စခန်းကြီးကျေးရွာရှိ မရှိခဏဆေးတောင်မုဒ်ဦးဝ၌ မတ် ၂ ရက်ညပိုင်းက သုံးရက်သားခန့်သာရှိသေးသည့် ကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရကြောင်း သိရပါတယ်။
မတ် ၂ ရက် ည ၈ နာရီခန့်က ကလေးငယ်တစ်ဦး စွန့်ပစ်ခံထားရသည့် ကိစ္စနှင့်ပတ်သက်ပြီး မရှိခဏဆေးတောင် ဆရာတော်က အကြောင်းကြားလာသည့်အတွက် သံဖြူဇရပ်ဆေးရုံမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းတိုင်ပင်ပြီးနောက် သွားရောက်ခေါ်ဆောင်ခဲ့ကြောင်း သံဖြူဇရပ်မြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိုးမင်းက ပြောကြားပါတယ်။
“ပထမအစီအစဉ်က ကလေးကို သံဖြူဇရပ်ဆေးရုံမှာ တစ်ညထားပြီးရင် နောက်နေ့မှာ ကလေးမွေးမယ့် ဂေဟာတစ်ခုခုကို ပို့ဆောင်မယ်ဆိုပြီး ရည်ရွယ်ထားခဲ့ပေမယ့် တကယ့်တကယ်တော့ ကလေးလေးမှာက အသားဝါနေတယ်။ အဲဒါကြောင့်ဆေးရုံ မှာ မဖြစ်မနေ ဆေးကုသမှု ခံရမယ်ပေါ့နော်။ အဲဒီတော့ ကျွန်တော့်အနေနဲ့က ကလေးအတွက် လူနာစောင့်တစ်ဦးကို စီစဉ်ပေးထားပါတယ်။ လက်ရှိမှာလည်း ကလေးလေးက ဆေးရုံမှာ ဆေးကုသမှုခံယူနေရပါတယ်။ ကလေးလေးက မိန်းကလေးပါ” လို့ တပ်ဖွဲ့မှူးက ပြောကြားလိုက်ပါတယ်။
ကလေးငယ်အား မွေးစားလိုသူအများ အပြားရှိနေသည့်အတွက် မြို့နယ်အဆင့် သက်ဆိုင်ရာဌာနအဖွဲ့အစည်းများနှင့် ချိတ်ဆက်ကာ မွေးစားခွင့်ပေးသွားရန် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးစိုးမင်း၏ ပြောကြားချက်အရ သိရပါတယ်။ အလှူရှင်များကလည်း စွန့်ပစ်ခံရတဲ့ ကလေးအတွက် အလှူငွေများ ပေးပို့ လှူဒါန်းပေးနေတယ်လို့ သိရပါတယ်။
အွန်လိုင်း အသုံးပြုသူ အတော်များများကတော့ ပရဟိတ မင်းသမီးကြီး ခိုင်နှင်းဝေကို အကြောင်းကြားဖို့ တိုက်တွန်းကြောင်း မှတ်ချက်အများအပြား ရေးသားထားကြတာ တွေ့ရပါတယ်။
အရမ်းငယ်ရွယ်လွန်းတဲ့ ကလေးတွေကို ဒီလို နေရာမျိုးတွေမှာ စွန့်ပစ်ခဲ့ရင် အလွန်အန္တရာယ်ရှိကြောင်း၊ ဘာမှ မသိနားမလည်သေးတဲ့ ကလေးငယ်တွေကို တာဝန်မယူနိုင်ဘဲနဲ့ မမွေးသင့်ကြောင့် ပြည်သူတွေက မှတ်ချက် ပြုနေကြပါတယ်။