ငါးထပ်ကြီး၊ ခြောက်ထပ်ကြီး၊ ကိုးထပ်ကြီး၊ ဆယ်ထပ်ကြီးဘုရားလို့ ခေါ်ရတဲ့ အကြောင်းရင်း

ရန်ကုန်မြို့မှာ ငါးထပ်ကြီး ၊ ခြောက်ထပ်ကြီး နဲ့ ကိုးထပ်ကြီး ဘုရား ၊ ပြည်မြို့မှာ ဆယ်ထပ်ကြီး ဘုရား စသည်ဖြင့် ကြားဖူးကြပါလိမ့်မယ်။

အဲဒီဘုရားများမှ ‘ထပ်ကြီး’ ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ကို မသိတဲ့ သူများပါလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း အစက မသိပါ။ ထပ် ဆိုတာ ဘာထပ်ကိုပြောတာလဲ .. အထပ်လား ၊ ဝါအရလား ၊ ကြီးစဉ်ငယ်လိုက်လား တောင်တောင်အီအီ စဉ်းစားဖူးသော်လည်း အတိအကျ အဖြေမရခဲ့ပါ။

စာရေးဆရာ လင်းရောင်တင်၏ ဆောင်းပါးတစ်ပုဒ်ကို ဖတ်လိုက်တော့မှ ဒီအဓိပ္ပါယ်ကို သိသွားပါတယ်။ ဆောင်းပါးတွင် ဆရာလင်းရောင်တင်က သူနှင့် ပြည်ရွှေဘုန်းပွင့် စာကြည့်တိုက်မှ ဥက္ကဌကြီး ဦးလေးကြိုင်တို့ တွေ့ဆုံပုံကို အောက်ပါအတိုင်းဖော်ပြထားပါတယ်။

ဦးလေးကြိုင်။ ။မင်းကိုတွေ့ရတာ ၀မ်းသာတယ်။ ဒါနဲ့သားက ဘယ်မှာနေတာလဲ။ စာရေးသူ။ ။ကျွန်တော်ရန်ကုန်သားပါ အဘ ၊ ကျိုက္ကဆံရပ်ကွက်မှာ နေပါတယ်။

ဦးလေးကြိုင်။ ။ဟေ ဟုတ်လား ဒါဆို ခြောက်ထပ်ကြီးဘုရားကို ဘာလို့ ခြောက်ထပ်ကြီးလို့ခေါ်တာလဲ သိလား။ စာရေးသူ။ ။ကျွန်တော်မသိသေးဘူး အဘ။

ဦးလေးကြိုင်။ ။”မသိလို့ မဖြစ်ဘူးကွ။ တခြားသူမသိတာ ကိစ္စမရှိဘူး။ မင်းက စာရေးဆရာလုပ်နေတာဆိုတော့ သိဖို့လိုတယ်။ ဒီလိုကွာ ဘုရားတည်လို့ ငြမ်းဆင်ရင် ဘာနဲ့ဆင်ရသလဲ။ စာရေးသူ။ ။ဝါး နဲ့ ပါအဘ။

ဦးလေးကြိုင်။ ။ဟုတ်တယ် ဝါးနဲ့ ငြမ်းဆင်ရတယ်။ ဒီဝါးကို ခြောက်ပြန်ဆက်ပြီး ဆင်တဲ့ ဘုရားမို့ ခြောက်ထပ်ကြီးလို့ ခေါ်တာလေ။ ဝါး ငါးပြန် ဆက်ပြီးဆင်တဲ့ဘုရားကျတော့ ငါးထပ်ကြီး ၊ စမ်းချောင်းနားက ကိုးထပ်ကြီးကျတော့ ဝါးကိုးပြန် ဆင်ရတာ။ တို့များ ပြည်က ဆယ်ထပ်ကြီးဘုရားကျတော့ ဝါးဆယ်ပြန် ဆင်ရလို့ ဆယ်ထပ်ကြီးလို့ ခေါ်တာ။

စာရေးသူ။ ။ကျေးဇူးပါပဲ အဘ။ ကျွန်တော် မသိသေးတာကို သိလိုက်ရလို့။ ဦးလေးကြိုင်။ ။အေး…အဲသလို ကိစ္စလေးတွေက သိထားမှ ကောင်းတယ်၊ မဟုတ်ရင် ညံ့ရာကျတယ်။

ခြောက်ထပ်ကြီး ငါးထပ်ကြီး ဘုရားများရဲ့ အဓိပ္ပါယ်ကို မသိသေးသူများ သိစေဖို့ ဗဟုသုတအဖြစ် တင်ပြလိုက်ပါတယ်။ (ဒီနေရာမှာ အချို့သူတွေက ငါးထပ်ကြီး နဲ့ ကိုးထပ်ကြီးက သိပ်မကွာဘူး လို့ပြောကြသလို အချို့သူတွေက ဝါးကိုးပြန်တော့ မမြင့်ဘူးလို့ ပြောလာကြတဲ့ အတွက် အနည်း ငယ် ထပ်ဖြည့်လိုက်ပါတယ်။)

အချက်အလက်များအရ ငါးထပ်ကြီးဘုရားရဲ့အမြင့်က ၄၅.၅ပေ၊ ခြောက်ထပ်ကြီးဘုရားရဲ့အမြင့်က ၅၂.၅ ပေ၊ ကိုးထပ်ကြီးဘုရားရဲ့ အမြင့်က ၇၂ပေ နှင့် ဆယ်ထပ်ကြီးဘုရားရဲ့ အမြင့်က ၁၁၁ ပေတို့ ဖြစ်ပါတယ်။

ငြမ်းဆင်တဲ့အခါ ဝါးလုံးတစ်လုံးရဲ့ အောက်ခြေကနေ ထိပ်ဖျားအထိကို မဆင်ပါဘူး။ ထိပ်ဖျားက အရွယ်အစားသေးသွားတဲ့အတွက် မခိုင်မှာ စိုးတဲ့အတွက် ခိုင်တဲ့နေရာလောက်ထိပဲ ဆင်ပါတယ်။ အဲဒီတော့ ဝါးလုံးရဲ့အရှည်က ၁၂ ပေ လောက်ရှိပေမယ့် ငြမ်းဆင်ရင်တော့ ၇ပေ ၈ပေ အကွာအဝေးလောက်ပဲ ရှိတော့ ပါတယ်။

မူရင်းရေးသားသူအား လေးစားမှုဖြင့်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page