ကျိုင်းတုံသင်္ချိုင်းကုန်းမှ ထူးခြားဆန်းပြားလှတဲ့ အုတ်ဂူ ဒီဇိုင်းများ
အခြေခံကွန်ပျူတာဒီဇိုင်း သင်တန်းတက်တုန်းက နည်းပြဆရာမလေးရဲ့ ပြောစကားလေးတွေ မှန်လွန်းလို့ အခုချိန်ထိ အမှတ်ရနေမိပါတယ်။
နည်းပြဆရာမက ကိုယ့်ပတ်၀န်းကျင်ကို ကြည့်လိုက်စမ်းပါ၊ လူသားတို့နဲ့ ပတ်သက်နေသမျှ အရာ၀တ္ထုပစ္စည်းတို့ဟာ ဒီဇိုင်းပညာရဲ့ သဘောသဘာ၀နဲ့ ကင်းတာဆိုလို့ ဘာတစ်ခုမှ မရှိဘူးတဲ့။ သိပ်ဟုတ်တာပေါ့ ။
အရာအားလုံးလိုလို ဒီဇိုင်းတွေနဲ့ ပုံဖော်ထားကြတာချည်းပဲကိုး။ မျက်စိနဲ့မြင်လိုက်ရတဲ့ လူ့အသုံးဆောင်ပစ္စည်းမှန်သမျှ အကုန်လုံး ဒီဇိုင်းပညာရဲ့ ပြုပြင်မှုအောက်မှာ ရှိနေကြတာပဲမဟုတ်လား။
ဒီဇိုင်းပညာဟာ လူတွေကို ဘယ်လောက်ထိ ဆွဲဆောင်နိုင်သလဲတော့မသိ ၊ လူတစ်ယောက်ရဲ့နောက်ဆုံးခရီးကို သွားတဲ့နေရာအထိ လွှမ်းမိုးမှုရှိနေတာကိုတွေ့ရတော့ အံ့သြရတယ်။
ပုံတွေမှာ ဖော်ပြထားတာတွေက ကျိုင်းတုံမြို့သုသာန်တစ်နေရာက အုတ်ဂူလေးတွေဖြစ်ပါတယ်။ ဒီနေရာမှာ အုတ်ဂူတွေကို ဒီဇိုင်းအမျိုးမျိုးနဲ့ ပြုလုပ်ထားတာ တွေ့လို့ အသုဘပို့သွားရင်း ဓာတ်ပုံရိုက်လာခဲ့တာပါ။
တကယ်ကို စိတ်ကူးစိတ်သန်းကောင်းကောင်းနဲ့ ဆောက်ထားတဲ့ အုတ်ဂူတွေပါပဲ။ သုသာန်က အုတ်ဂူတွေဆိုပေမယ့် စိတ်ထဲမှာ အုတ်ဂူရယ်လို့မထင်ရလောက်အောင်ကို ဆွဲဆောင်မှုရှိနေတယ်။
အဲဒီအုတ်ဂူလေးတွေရဲ့ ဒီဇိုင်းလေးတွေက လှနေတော့ ကျွန်တော်လည်း ဓာတ်ပုံမရိုက်ဘဲ မနေနိုင်လောက်အောင်ဖြစ်သွားတယ်။ ဒါကြောင့် ကျိုင်းတုံသုသာန်က အုတ်ဂူဒီဇိုင်းလေးတွေ တင်ပြလိုက်တာပါ။
Yannaung Soe