ကျပ်တန်ပုံပြင် (လူ့လောကကို ဖော်ညွှန်းပြသခဲ့တဲ့ ဆရာမင်းလူရဲ့ လက်ရာ ဝတ္ထုတို တပုဒ်)

(၁) ဘတ်စ်ကား စပယ်ယာက လက်ကြားထဲတွင် အလျားလိုက်ခေါက်ပြီး ညှပ်ထားသော ငွေစက္ကူများထဲမှ ကျပ်တန်လေးရွက်ကို ဆွဲထုတ်ပြီး … “ငါးကျပ်တန်ပေးတာ ဘယ်သူလဲ” ဟု မေးသည်။ “ဒီမှာ … ဒီမှာ”

လူတွေကြားထဲက လက်တစ်ဖက် လျှိုထွက်လာသည်။ စပယ်ယာက ဖြန့်ထားသော လက်ထဲသို့ ကျပ်တန်တွေ ထည့်ပေးသည်။ လက်ကိုဆုပ်ပြီး ပြန်ရုပ်သွား၏။

ဘတ်စ်ကားသည် တာမွေ၊ ကျောက်မြောင်း၊ မအူကုန်း၊ သိမ်ဖြူ စသည်ဖြင့် ကျော်ဖြတ်မောင်းနှင်လာသည်။ လမ်းသုံးဆယ် မှတ်တိုင်မှာ ရပ်သောအခါ လူတော်တော်များများ ဆင်းသည်။

(၂) စာရေးမလေးသည် ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ခါးအပေါ်ကို တွန့်လိမ်တက်နေသော အင်္ကျီအောက်နားစကို ဆွဲဆန့်လိုက်သည်။ ထို့နောက် လမ်းကိုဖြတ်ကူးသည်။ ကမ်းနားလမ်းဘက်မှ လှည့်ပြီး ရုံးအပေါ်ထပ်သို့ တက်လာသည်။

အခန်းထဲ၀င်သည်။ စားပွဲပေါ် ခြင်းတောင်းချ၊ ကုလားထိုင်ဆွဲပြီး ထိုင်သည်။ ထို့နောက် ခြင်းတောင်းကို ပေါင်ပေါ်တင်လိုက်ပြန်သည်။ အလျားလိုက် ခေါက်ပြီး ထပ်ထားသော ကျပ်တန်လေးရွက်ကို နှိုက်ယူလိုက်သည်။ တစ်ရွက်စီဖြန့်ပြီး ထပ်သည်။ တတိယမြောက် ကျပ်တန်အလှည့်တွင် လက်က တုံ့ခနဲဖြစ်သွားသည်။

ကျပ်တန်အလယ်တည့်တည့်က ထက်ပိုင်းစုတ်ပြဲနေသည်ကို စက္ကူဖြင့် ပြန်ကပ်ထားခြင်း ဖြစ်သည်။ သူ့မျက်နှာက နည်းနည်းအိုသွားသည်။ ပြီးတော့မှ နှုတ်ခမ်းထောင့်စွန်းကလေး တွန့်ရုံ ပြုံးလိုက်၏။

ပိုက်ဆံအိတ်ဖွင့်၍ ကျပ်တန်အကောင်းဆုံး သုံးရွက်ကို ထည့်သည်။ ငါးကျပ်တန်တစ်ရွက် ပြန်ထုတ်သည်။ စောစောက ကျပ်တန်အစုတ်ကိုပါယူပြီး ခပ်လှမ်းလှမ်းရှိ စာရေးကြီး စားပွဲသို့ သွားသည်။

“ဆပ်ပြာဖိုး ငွေသွင်းလို့ရပြီလား” စာရေးကြီးက ဖိုင်တွဲလေးကို လှန်လှောနေရာမှ မော့ကြည့်ပြီး … “ရပြီလေ၊ သုံးပိုင်းအတွက် ခြောက်ကျပ်သွင်းရမယ်”

စာရေးမလေးက ငွေခြောက်ကျပ် လှမ်းပေးသည်။ စာရေးကြီးက ကျပ်တန်အစုတ်ကို မြင်သွား၏။ “ဟာဗျာ၊ ခင်ဗျားတို့ကလည်း အစုတ်အပြဲမှန်သမျှ ဒီမှာချည်း လာပေးတာပဲ။ ဟိုကျလို့ ငွေသွင်းတဲ့အခါ ခဏခဏစကားများရတယ်”

“ရပါတယ်၊ ဟိုကလည်း ဘဏ်သွင်းရမှာပဲဟာ” စာရေးမလေးက ပြောပြောဆိုဆို လှည့်ထွက်သွား၏။ ထိုအချိန်မှာပင် သက်သာလက်ဖက်ရည်ဆိုင်မှ စားပွဲထိုးကလေး ရောက်လာသည်။

“အစ်ကိုရေ၊ အစိတ်ဖိုးလောက် လဲပေးပါဦး၊ ကျပ်တန်ချည်းပဲရရင် ပိုကောင်းတယ်” “သိပ်ရတာပေါ့ကွာ” စာရေးကြီးက ကျပ်တန်အရွက်အစိတ် ရေတွက်ပြီး ပေးလိုက်သည်။

(၃) ရုံးအုပ်ကြီးက ကောင်တာပေါ်သို့ ဆယ်တန်တစ်ရွက် တင်လိုက်ပြီး… “လက်ဖက်ရည် နှစ်ခွက်ဟေ့” ဟုပြောလိုက်သည်။ ကောင်တာထိုင်သူက တိုကင်ပြား နှစ်ပြားအရင်ပေးလိုက်သည်။ ထို့နောက် အကြွေပြားနှစ်ဆယ်၊ ကျပ်တန်သုံးရွက်နှင့် ငါးကျပ်တန်တစ်ရွက် ပြန်အမ်းသည်။ ရုံးအုပ်ကြီးက ပြန်အမ်းငွေကိုယူ၍ လက်ဖက်ရည်ဖျော်သည့်နေရာသို့ ထွက်လာပြီးမှ ပြန်လှည့်ကာ …

“ဟေ့ကောင်၊ ကျပ်တန်တစ်ရွက် ပြန်လဲပေးကွာ၊ အစုတ်ကြီး” “ကျပ်တန်က ဒါပဲရှိလို့ပါ၊ ခုနရုံးပေါ်က သွားအမ်းလာတာ အစိတ်ဖိုးက ဒါနောက်ဆုံးကျန်တာပဲ။ သုံးလို့ရပါတယ် ဆရာရဲ့”

“ဟာ … ရမယ်မထင်ဘူးကွ၊ စုတ်တဲ့အပြင် နွမ်းလည်းနွမ်းနေသေးတယ်” “လွယ်ပါတယ်ဆရာရယ်၊ နောက်နေ့လည်း လက်ဖက်ရည် သောက်ဦးမှာပဲ။ အဲဒီတော့မှ ပြန်ပေးပေါ့”

(၄) ရသာမုန့်ဆိုင်ရှေ့ရှိသုံးဘီး၊ လေးဘီးဂိတ်တွင် လူတွေ ပုံနေသည်။ မှောင်စပြုလာသောအချိန်တွင် လူကပိုကျလာ၏။ ကားက အ၀င်နည်းနေသည်။ သုံးဘီးတစ်စီး ၀င်လာသည်။ နောက်ဘက်မှ တွယ်ပြီးလိုက်လာသော ကောင်လေးက “တာမွေ တာမွေ” ဟုအော်သည်။ လူတစ်စု ပြုံပြီးတိုးတက်သည်။ ရုံးအုပ်ကြီးသည် အစွန်ဆုံး တစ်နေရာကို ရလိုက်၏။

ကျောက်မြောင်း သီတာလမ်းထိပ်တွင် သူဆင်းသည်။ ကားမောင်းသမားကို ကျပ်တန်တစ်ရွက်ပေးပြီး ချာခနဲ လှည့်ထွက်လိုက်၏။ ခပ်သုတ်သုတ် လျှောက်သွားသည်။

မိန်းကလေးက သုံးဘီးကားကို လှမ်းတားသည်။ ကားရပ်ပေး၏။ မိန်းကလေးကမေးသည်။ “စိန်ဂျွန်းစျေးသွားချင်လို့” “ရပါတယ် ရှစ်ကျပ်တော့ပေးပေါ့” “ဟင် …များတာပေါ့၊ သိပ်မှမဝေးတာ၊ ငါးကျပ်ပဲ”

ကားဆရာက ခေါင်းခါပြီး … “ငါးကျပ်တော့ မရဘူး၊ ပိုပြောတာမဟုတ်ပါဘူး။ တစ်မနက်လုံး ကားပြင်နေရလို့ အုံနာခတောင် မရသေးပါဘူးဗျာ”

နောက်ဆုံး ခြောက်ကျပ်နှင့် စျေးတည့်သွားသည်။ စိန်ဂျွန်းစျေးသို့ ရောက်အောင် ဆယ်မိနစ်တောင် မမောင်းရ။ စျေးရှေ့တွင် ကားရပ်သည်။ မိန်းကလေးက ငါးကျပ်တန် နှစ်ရွက်ပေးသည်။ ကားဆရာက …

“ကျပ်တန်မပါဘူးလား” မိန်းကလေးက ခေါင်းခါပြသည်။ ကားဆရာသည် ငါးကျပ်တန် နှစ်ရွက်ယူပြီး ကျပ်တန်လေးရွက် ပြန်အမ်းသည်။ မိန်းကလေးက ကျပ်တန်လေးရွက်ကို ရေတွက်ကြည့်နေရာမှ “ဟင်” ဟု အာမေဋိတ်ပြုလိုက်ပြီး… “ဒီမှာ … ဒီမှာ ဟိုး…ဟိုး…” ဟု လှမ်းအော်သည်။ သုံးဘီးကားက မောင်းထွက်သွားပြီ ဖြစ်၏။

(၄) အလှကုန်ဆိုင်ရှင် အမျိုးသမီးကြီးသည် ဆိုင်ရှေ့မှာ လာရပ်သော မိန်းကလေးကို … “ဘာရှာသလဲ ညီမ”
ဟု ဆီးကြိုလိုက်သည်။ မိန်းကလေးက .. “မဉ္ဇူခေါင်းလျှော်ရည်ရှိလား” “ရှိတယ် ညီမ” “ဘယ်လောက်လဲ” “ဆယ့်နှစ်ကျပ်ပါ” “ဟင် … စျေးကလည်းများလိုက်တာ” “မများပါဘူးကွယ်၊ ပစ္စည်းမှန် စျေးမှန်ပါပဲ” “အရင်တစ်ခါ၀ယ်တုန်းက ကိုးကျပ်ပဲပေးရတယ်” “အခုမရတော့လို့ပါ ညီမရယ်၊ ကောက်တာတောင် ဆယ့်တစ်ခွဲပေးရပါတယ်။ အစ်မတို့ ငါးမူးစားရတာပါ”

“တစ်ဆယ်အတိပဲ ထားလိုက်ပေါ့” “မရလို့ပါ၊ တခြားဆိုင်တွေလည်း မေးကြည့်ပါ” “ထားလိုက်ပါ၊ တစ်ဆယ်ပဲ” “ကဲ … ဆယ့်တစ်နဲ့ယူသွား၊ ဟုတ်လား ။ နောက်လည်း ဒီမှာ၀ယ်ဖြစ်သွားအောင် ငါးမူးအရှုံးခံပြီး ပေးလိုက်မယ်”

ရှိုးကေ့စ်ထဲမှ ခေါင်းလျှော်ရည်တစ်ပုလင်း ထုတ်ပေးသည်။ မိန်းကလေးက လှမ်းယူပြီး ကြွပ်ကြွပ်အိတ်ထဲသို့ ထည့်လိုက်သည်။ ထို့နောက် ပိုက်ဆံအိတ်ကလေးထဲမှ ငါးကျပ်တန်နှစ်ရွက်ကို အရင်ထုတ်ပေးသည်။ ပြီးမှ ကျပ်တန်တစ်ရွက်ကို ခေါက်လျက်သား ပေးလိုက်၏။

(၅) မိန်းမကြီးတစ်ယောက် ထမင်းချိုင့်ထည့်ထားသော ပလတ်စတစ်လက်ဆွဲခြင်းကိုကိုင်လျက် ထော့နဲ့ထော့နဲ့ လျှောက်လာသည်။ ဆိုင်ရှေ့မှာ လာရပ်သည်။ ဆွဲခြင်းကို ဆိုင်ပေါ်တင်ပြီး နဖူးမှာသီးနေသော ချွေးသီးများကို လက်ဖြင့်သပ်ချလိုက်သည်။ ဆိုင်ရှင်အမျိုးသမီးက …

“နောက်ကျလှချည်လား” ဟု ပြောလိုက်သည်။ မိန်းမကြီးက … “ဟုတ်ကဲ့၊ ဟုတ်ကဲ့ ဟိုဒင်းဖြစ်နေလို့” “ဘာလဲ၊ လမ်းလျှောက်လာရလို့လား” “အင်း … ကားကလည်း ကျပ်တာနဲ့” “နောက်နေ့တော့ စောစောလာပို့နော်” “ဟုတ်ကဲ့”

ဆိုင်ရှင်အမျိုးသမီးက ပိုက်ဆံသေတ္တာထဲရှိ ငွေစက္ကူများထဲမှ ကျပ်တန်တစ်ရွက်ကို ယူလိုက်သည်။ လေးခေါက်ခေါက်ပြီး မိန်းမကြီး လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ မိန်းမကြီးက ကျပ်တန်ကို ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ထော့နဲ့ထော့နဲ့ဖြင့် ပြန်ထွက်သွားသည်။

(၆) မိန်းမကြီးသည် စိန်ဂျွန်းစျေးမှ မြေနီကုန်းအထိ လမ်းလျှောက်ပြန်လာသည်။ လမ်းထိပ် ကွမ်းယာဆိုင်ကို ၀င်သည်။ ကျားပျံမကောက်ဆေးပေါ့လိပ် တစ်လိပ်နှင့် မရန်းပြားတစ်ထုပ် ယူသည်။ ကျပ်တန်ကို လှမ်းပေးလိုက်၏။ ဆိုင်က ကောင်လေးက ကျပ်တန်ကို ဖြန့်ကြည့်ပြီး …

“အဒေါ်ကြီး ကျပ်တန်ပြန်လဲပေးပါ” “ဟဲ့ …ဘာဖြစ်လို့လဲ” “ဒီမှာမတွေ့ဘူးလား၊ ထက်ပိုင်းပြဲနေလို့ စက္ကူနဲ့ ပြန်ကပ်ထားတာ” “ဟေ …ဟုတ်လား၊ အမေကြီးလည်း မျက်စိကမွဲတော့ သေသေချာချာ မကြည့်မိဘူး။ နို့ အဲဒီပိုက်ဆံက သုံးလို့မရဘူးလား” “ပြန်အမ်းတဲ့အခါကျတော့ ဘယ်သူမှ မလိုချင်ဘူးဗျ၊ ပြီးတော့ အမေကလည်း ပြန်လာရင် ဆူနေမှာ” “အေးအေး… ဒါဆိုလည်း ပြန်ပေး”

မိန်းမကြီးက ကျပ်တန်ကို ပြန်ယူလိုက်သည်။ ပြီးတော့ ချွေးခံအင်္ကျီထဲသို့ နှိုက်စမ်းပြီးထုတ်လိုက်ရာ မတ်စေ့တစ်စေ့ပါလာ၏။ ဆေးလိပ်မ၀ယ်တော့ဘဲ အချဉ်ထုပ်သာယူခဲ့သည်။

(၇) “အမေကြီး မရန်းပြားပါလား” ဟု ကလေးမလေးက မေး၏။ မိန်းမကြီးက မရန်းပြားထုပ်ကို လှမ်းပေးလိုက်ပြီးနောက် ကွပ်ပျစ်ကလေးဘေးတွင် ဟိုစမ်းဒီစမ်းလုပ်နေသည်။

“ဟဲ့… အမေကြီး ဆေးလိပ်တိုလေးထားခဲ့တာ မတွေ့မိဘူးလား” “ဒီမှာလေ အမေကြီးရဲ့” ကလေးမလေးက ကြွက်လျှောက်ပေါ်က ဆေးလိပ်တိုကို ယူပေးရင်း… “အမေကြီး ဆေးလိပ်ကဖြင့် အစီခံနားကပ်နေပြီ။ အသစ်မ၀ယ်ခဲ့ဘူးလား” “၀ယ်မလို့ပဲကွယ်၊ ပိုက်ဆံက စုတ်နေလို့တဲ့။ သုံးလို့မရတာနဲ့ မ၀ယ်ခဲ့ရဘူး”

“စျေးထဲကပေးလိုက်တဲ့ ပိုက်ဆံလားဟင်” “အေးပေါ့” “ဒါဆို အကောင်းနဲ့ပြန်လဲခိုင်းပေါ့” “အမေကြီးက မျက်စိကမွဲတော့ မမြင်မိဘူး။ ပြန်လဲခိုင်းလို့လည်း မဖြစ်ပါဘူး။ တော်ကြာစိတ်ဆိုးပြီး နောက်မခိုင်းဘဲနေပါဦးမယ်” “အဲဒီပိုက်ဆံပြပါဦး”

မိန်းမကြီးက ချွေးခံအင်္ကျီအိတ်ထဲက ကျပ်တန်ကို ထုတ်ပြသည်။ ကလေးမလေးက ယူကြည့်ပြီး… “ဟာ… ဟုတ်ပြီ၊ ဟိုဘက်လမ်းထဲကဆိုင်မှာ ဆေးလိပ်သွား၀ယ်ရမယ်။ အဲဒီဆိုင်က အဘွားကြီးက မျက်စိသိပ်မကောင်းဘူး အမေကြီးရဲ့”

“ဟဲ့… မလုပ်ကောင်းဘူး၊ အမေကြီးတောင် ဒီပိုက်ဆံကိုရတော့ တော်တော်စိတ်မချမ်းသာ ဖြစ်သွားရသေးတာ။ သူများတွေလက်ထဲ ရောက်သွားရင်လည်း ဒီလိုပဲခံစားရမှာပေါ့” “ဒါဆို ဒီလိုလုပ် အမေကြီး၊ ရှင်စောပုဘုရားက အလှူခံပုံးထဲထည့်လိုက်မယ် မကောင်းဘူးလား”

မိန်းမကြီးက ခေါင်းကို တွင်တွင်ခါသည်။ “မလုပ်ပါနဲ့ကွယ်၊ ဟိုဘ၀က လှူဒါန်းတာ မစင်ကြယ်ခဲ့လို့ ဒီဘ၀မှာ ဒုက္ခိတတစ်ပိုင်းလာဖြစ်နေတာ။ နောက်ဘ၀ကို ဆက်ပါနေပါဦးမယ်။ လှူတယ်ဆိုတာ သန့်သန့်ရှင်းရှင်းစိတ်ထားမှကွဲ့။ အင်း… ဒီပိုက်ဆံကို မသုံးဘဲထားလိုက်တာ အကောင်းဆုံးပါပဲလေ”

မိန်းမကြီးသည် ကျပ်တန်စုတ်ကလေးကို ကွပ်ပျစ်ပေါ်မှာခင်းထားသော ဖျာအောက်သို့ အသာအယာထိုးထည့်လိုက်လေသည်။

မင်းလူ
စံပယ်ဖြူမဂ္ဂဇင်း၊ ဖေဖော်ဝါရီ၊ ၁၉၈၅

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page