ဆိုင်းကြိုက်တဲ့ ဥပဒေကျားနဲ့ တောင်တော် ရွှေပုပ္ပါး

ကျွန်တော်နှင့် ဆရာကျား

ရေးသားသူ – ဗြိတိသျှကိုကိုမောင်

ဆရာကျား ဆိုလို့ ကျွန်တော့်စာတွေကို သရုပ်ဖော်ပုံဆွဲပေးနေတဲ့ ချစ်လှစွာသောဘော်ဒါကြီး အဆိုတော် ကိုကျားပေါက် အကြောင်းတော့ မဟုတ်ပါဘူး။ ဒီဆရာကျား ကတော့ ဟိုးဆယ်စုနှစ်တွေဆီက လာဘ်ပေးလာဘ်ယူပေါများလှတဲ့ ခေတ်ပျက်ကြီးထဲ တွေ့ခဲ့ဖူးတဲ့ လူတစ်ယောက်အကြောင်းပါ။

ကြာတော့ကြာပါပြီ။ ကျွန်တော့်အသက် အစိတ်ဝန်းကျင် တောင်ပေါ်မြို့ကလေးတစ်ခုမှာ ကျွန်တော်ဂျပိုးထိုးခဲ့တုန်းကပေါ့။ တစ်ရက်မှာ ကိုသိန်းဇော် ဆိုတဲ့ လူတစ်ယောက် လွိုင်‌ကော်ကနေ ကျွန်တော့်ဆီရောက်လာတယ်။ ကိုသိန်းဇော် ဟာ ဒီတောင်ပေါ်မှာ အဆောက်အဦကန်ထရိုက်လုပ်နေတဲ့သူပါ။ ကျွန်တော်လွိုင်ကော်မှာရှိနေတုန်းကတော့ ‌သောက်ဖော်စားဖက် ၊ ပျော်ပါးဖော်ပျော်ပါးဖက်ပေါ့။ ငွေရေးကြေးရေး မတွန့်တိုတတ်တဲ့အပြင် အင်မတန်မှ ခင်တတ်မင်တတ်တဲ့သူပါ။

“ကိုကျော်စွာ…ကျွန်တော့်ကို ကူညီပါဦးဗျာ” လို့ အစချီပြီ ကိုသိန်းဇော်က သူ့ဇာတ်လမ်းကို ပြောပြလာပါတယ်။ သူက ဒီမြို့မှာ ကန်ထရိုက်အဆောက်အဦတစ်ခု ရထားပါတယ်။ တစ်ရက်တော့ သူ့ဆီအလုပ်လုပ်တဲ့ လူတစ်ယောက်ဟာ ထော်လာဂျီနဲ့ ဒီမြို့က လုပ်ငန်းခွင်ဆီ ကျောက်ပို့ပြီး လွိုင်ကော်ကို ပြန်အလာ စျေးနေ့နဲ့တိုးတော့ ခေါင်ရည်ဝင်သောက်သတဲ့။ လမ်းတဝက်ရောက်တော့ သေးပေါက်ချင်လာတာနဲ့ ထော်လာဂျီကို လမ်းဘေးမကျတကျ ချရပ်ပြီး ခြံထဲ သေးဆင်းပေါက်တယ်။ အဲ့ဒီအချိန်မှာ သူလို့ပဲ စျေးနေ့က ပြန်လာတဲ့ လူတစ်ယောက်ဟာ ရပ်ထားတဲ့ သူ့ထော်လာဂျီကို နောက်က ဝင်တိုက်ပြီး မာလကီးယားသွားပါလေရော။

ဟိုဂျိမ်းစ်ဘွန်းကလဲ စျေးနေ့ကအပြန်ဆိုတော့ မူးလာတယ်ထင်ပါရဲ့။ နေ့ခင်းကြောင်တောင် ရပ်ထားတဲ့ကား ဝင်တိုက်ရတယ်လို့။ ဒါနဲ့ပဲ ကိုသိန်းဇော် လူဟာ အချုပ်ထဲရောက်သွားပါတယ်။ ရဲကလည်း သူ့ထုံးစံအတိုင်း ထော်လာဂျီကို လမ်းဘေးသေချာကပ်မရပ်တာရော ဘာရော ပုဒ်မမျိုးစုံတပ်ပြီး အမှုဖွင့်ပါတော့တယ်။ အဲ့ဒီလူမှာက ကလေးက လေးယောက်ရှိတယ်။ တမိသားစုလုံးက သူ့ကို မှီခိုနေရတာ။ ခမြာ အမှုစစ်ရင်း အချုပ်ထဲတင် ခြောက်လလောက်ရှိနေပြီ။ မိသားစုကလည်း အတော်ဒုက္ခရောက်နေပြီ။ သူ့အလုပ်လုပ်ရင်းဖြစ်ရတာဆိုတော့ ကိုသိန်းဇော်ခမြာ မနေနိုင်ရှာဘူး။ အဲ့ဒီခေတ်ထုံးစံအတိုင်း လိုက်စရာရှိတာ လိုက်ရတာပေါ့။

နောက် လူသေသွားတဲ့ ကာယကံရှင်မိသားစုကိုလည်း သိန်သုံးဆယ်လားပေးပြီးကြေအေးလိုက်တယ်။ ကာယကံရှင်ဘက်က ကြေအေးပေးပေမယ့် ရဲအရေးပိုင်တဲ့ပုဒ်မတွေဖြစ်နေတော့ ရဲနဲ့ တရားရုံးကို ဆက်လိုက်ရပြန်နတယ်။ ယာဥ်တိုက်မှုဖြစ်တာက ကျွန်တော်နေတဲ့ မြို့လေးရဲ့ အပိုင်မှာဆိုတော့ အပိုင်ရဲစခန်းနဲ့ တရားရုံးမှာ ဝင်သင့်တာဝင် ထွက်သင့်တာထွက် ပေးကျွေးတယ်။ အဲ့ဒီမှာ အားလုံးက အေးဆေးပဲ။

ပြဿနာဖြစ်နေတာက မြို့နယ်ဥပဒေအရာရှိ။ ဆွဲချလို့ ခေါ်မှာပေါ့။ သူတောင်းတဲ့စျေးက အရမ်းများလွန်းနေတယ်။ ပြီးတော့ သူက ပြောင်းလာတာလည်းမကြာသေးဘူး။ လူလည်းလူငယ်။ ပြီးတော့သူ့ဆီတိုက်ရိုက်ဝင်လို့မရဘူး။ ကြားပွဲစားပြောရမလား၊ သူ့မန်နေဂျာပြောရမလား အမှုပွဲစားတစ်ကောင်နဲ့ ချိတ်ရတာ။ ကိုသိန်းဇော်မှာလည်း ပေးထားလိုက်ထားတာတွေက များနေပြီ။ သူတောင်းတဲ့စျေးကို မပေးနိုင်ဘူး။ ဒီအမှုမှာ အစိုးရရှေ့နေဖြစ်တဲ့ ဆွဲချကလည်း အရေးကြီးနေတာကိုး။

အဲ့ဒီကိစ္စနဲ့ ကိုသိန်းဇော် က ကျွန်တော့်ဆီ ရောက်လာတာပါ။ ဘာကြောင့်လဲဆိုတော့ အဲ့ဒီ မြို့နယ်ဥပဒေအရာရှိ ဟာ ကျွန်တော်နဲ့ ခင်မင်လို့ပါပဲ။ “ဖြစ်နိုင်ရင် ကူညီပေးပါ..ကိုကျော်စွာရာ..သူတောင်းတဲ့စျေးက များလွန်းတယ်..အဲ့ဒီတဝက်တော့ ကျွန်တော်ပေးနိုင်ပါတယ်..အဲ့ဒါလေး သူ့ကို ပြောပေးပါ” ဒါနဲ့ ကျွန်တော်လည်း ကိုသိန်းဇော်ကို ခေါ်ပြီး အဲ့ဒီဆရာလေး အိမ်ကို သွားကြတာပေါ့။

ရုံးပိတ်ရက်ဆိုတော့ ဆရာလေးက အိမ်မှာ စွပ်ကျယ်လက်ပြတ်ကလေးနဲ့ တီဗွီထိုင်ကြည့်နေတယ်။ ဘေးမှာ သူ့မိန်းမအသစ်စက်စက်လေးကလည်းထိုင်လို့။ ကျွန်တော်ရောက်လာတော့ သူက ရယ်ရယ်မောမောပါပဲ။ ကျွန်တော်က ကိုသိန်းဇော်နဲ့ သူ့ကို မိတ်ဆက်ပေးတယ်။ ဒီအထိ အေးဆေးပဲ။ အမှုကိစ္စကို စပြောလည်းပြောရော ကိုယ်တော်က မျက်နှာထား ချက်ချင်းပြောင်းသွားတယ်။

ကျွန်တော် ကိုသိန်းဇော် အခက်အခဲကိုပြောပြပြီး ကြေးညှိဖို့ ကြိုးစားပါသေးတယ်။ “ကိုကျော်စွာ…အမှုကိစ္စပြောမယ်ဆို ရုံးမှာပြောရင်ပြော..မဟုတ်ရင် ကျွန်တော့်လူနဲ့ ပြောလေ..ကျွန်တော့် ဒီလိုမျိုး ငွေကြေးကိစ္စတွေကို လက်ခံစကားမပြောဘူးဗျ…ခင်ဗျားတို့ ပြန်တော့” ကျွန်တော်လည်း ကိုသိန်းဇော်ရှေ့ အဲ့ဒီလိုအပြောခံလိုက်ရတော့ နည်းနည်းတော့ အောင့်သက်သက်ဖြစ်သွားပါတယ်။ ဒါပေမယ့်လည်း သူက ဒီအချိန် အထက်စီးကဆိုတော့ မျက်နှာငယ်လေးနဲ့ပဲ ကျွန်တော်တို့နှစ်ယောက် ပြန်လာခဲ့ကြတယ်။ ကိုသိန်းဇော်ကြီးလည်း လွိုင်ကော်ကို စိတ်ညစ်ညစ်နဲ့ ပြန်သွားရှာပါတယ်။ ဒီလိုနဲ့ စီရင်ချက် ချမယ့်နေက တဖြည်းဖြည်းနီးလာပါတယ်။

ကျွန်တော်လည်း အဲ့ဒီ ဥပဒေအရာရှိ နဲ့ ခပ်တန်းတန်းပဲ နေဖြစ်လိုက်တယ်။ ဒါပေမယ့် သူက ကျွန်‌တော့်ကို လက်ဖက်ရည်ဆိုင်မှာတွေ့တိုင်း အားနာတဲ့ အကြည့်နဲ့တော့ အမြဲကြည့်နေတာပါပဲ။ တစ်ရက်တော့ မနက်ခင်း ကျွန်တော့်အခန်းကို သူရောက်လာတယ်။

“ကိုကျော်စွာ…ခင်ဗျား ကျွန်တော့်ကို စိတ်ဆိုးနေတာလားဗျ” “မဆိုးပါဘူး..ဆရာရယ်….ကျွန်တော်လည်း ကိုယ့်မိတ်ဆွေဆိုတော့ ကူညီပေးလိုက်တာပါ..မရတော့လည်း ဘယ်တတ်နိုင်မလဲ” အဲ့ဒီအချိန်က ကျွန်တော်တို့မှာလည်း အုပ်ချုပ်ရေး၊ တရားရေးက မြင်သမျှ ဆရာခေါ်ရတာကိုးဗျ။ “အေးဗျာ..ကျွန်တော်ကလူတမျိုးဗျ… အလုပ်စဝင်ကတည်းက ကျွန်တော့်မူနဲ့ ကျွန်တော်နေတာဗျ..ပြည်မမှာကတည်းက ဒီလိုပဲ အလုပ်လုပ်တယ်…အလုပ်ကအလုပ်ပဲ..မိတ်ဆွေက မိတ်ဆွေပဲ” ကျွန်တော်က သူ့ကို စိတ်မပါတပါပဲ ပြုံးပြလိုက်ပါတယ်။

“ဒီလိုဗျာ..ကျွန်တော် အခု ရုံးကိစ္စတစ်ခုနဲ့ လွိုင်‌ကော်တရားရုံးသွားစရာရှိတယ်…ခင်ဗျားက လွိုင်ကော်မှာ လည်လည်ပတ်ပတ်လည်းရှိတယ်..ကျွန်တော်က ဒီသာပြောင်းလာတာ လွိုင်ကော်တော့ သိပ်မရောက်ဖူးဘူးဗျ..ခင်ဗျား အားရင် လိုက်ခဲ့ပါလား” သူ့အဲ့ဒီလို ပြောလိုက်တဲ့အချိန်မှာ ကျွန်တော့်ခေါင်းထဲ မီးလုံးလေး တစ်လုံး ဘတ်ခနဲ လင်းလာတယ်။ အခု သူကျွန်တော့်အကူအညီလိုလာပြီမဟုတ်လား။ “ရတယ်လေ..ဆရာ..လိုက်ခဲ့မယ်ဗျ” သူနဲ့ ကျွန်တော်လွိုင်ကော်ကို ဆိုင်ကယ်တစ်ယောက်တစ်စီးနဲ့ ထွက်လာခဲ့ပါတယ်။

လွိုင်ကော်တရားရုံးကို သူဝင်သွားချိန် ကျွန်တော် ကိုသိန်းဇော်ဆီ ဖုန်းဆက်လိုက်တယ်။ “ဖြစ်ပါ့မလား..ကိုကျော်စွာ..ခင်ဗျားလူက လွယ်တာမဟုတ်ဘူး..ဟိုတခါလည်း မောင်းထုတ်ခံခဲ့ရပြီးပြီ” “ကျွန်တော်ပြောသလိုသာ လုပ်စမ်းပါဗျာ..” ခဏကြာ‌တော့ ဥပဒေဆရာသမား ပြန်ထွက်လာပါတယ်။ “တော်သေးတယ်ဗျိုး…လူကြီးက သဘောကောင်းသားပဲ..ကိစ္စလည်း ပြီးပြီ..ကဲ..ကိုကျော်စွာ လွိုင်ကော်မှာ မပြန်ခင် ကျွန်တော်တို့ ဘာလုပ်ကြမလဲ” ကျွန်တော်သဘောပေါက်လိုက်ပါတယ်။

ဒီဘဲဟာ အရင်က ကျွန်တော့်အခန်း ကိုလာလာပြီး ဘီယာ ခွက်ပုန်းသောက်နေကျပါ။ မြို့ထဲမှာတော့ သူဟာ အရက်မသောက် ဘာမသောက် တည်ကြည်ဖြောင့်မတ်သော အရာရှိကြီးပေါ့။ အခုလည်း သူ့ကစ စကားခေါ်ပါပြီ။ “လွိုင်ကော်ဟိုတယ်မှာ ကေတီဗွီအသစ်ဖွင့်ထားတယ်ကြားတယ်..ဆရာ..တခါမှ မရောက်ဖူးသေးဘူး..သွားကြမလား” သူနည်းနည်းတွေဝေသွားပါတယ်။ “ညက သစ်ကားတွေဝင်ထားလို့ ကျွန်တော့်မှာ အာရကေရှံနေတယ်…ကျွန်တော်ရှင်းပါ့မယ်..ကိုယ့်ဆရာ..လိုက်ခဲ့ပါ” သူတို့ အဲ့ဒီခေတ် တရားရုံးလုပ်ငန်းသဘောသဘာဝအတိုင်း ဖရီးကုန်းဆင်းရမယ်ဆိုတော့ တွေဝေခြင်းနှောင့်နှေးချင်းပကတိ သွားကို ဖြီးပြီး ခေါင်းညိတ်လေသည်ပေါ့။

ကျွန်တော့် အကြံက ရှင်းပါတယ်။ ကိုသိန်းဇော်ကို လွိုင်ကော်ဟိုတယ်က ကေတီဗွီမှာ အခန်းတစ်ခန်းယူပြီး ကြိုစောင့်နေခိုင်းပြီးသားပါ။ ဟိုရောက်ရင် လမ်းကြုံတွေ့ကြသလိုနဲ့ ကိုသိန်းဇော်တို့ အခန်းထဲ ကျွန်တော်တို့ ဝင်မယ်။ ကိုသိန်းဇော်က ဧည့်ခံမယ်။ စားပြီးသောက်ပြီး အရှိန်လေးရမှ အလုပ်ကိစ္စညှိမယ်ပေါ့။ ကျွန်တော့်ရဲ့ ကျင်လည်ခဲ့သမျှ အတွေ့အကြုံအရ တချို့အပြင်မှာ ညှိမရတဲ့ကိစ္စတွေကို အရက်တဝိုင်းထဲ အတူတူမူးလာကြတဲ့အခါ ပြောရဆိုရပိုလွယ်သွားတတ်တာကိုး။ ကျွန်တော်က လူတမျိုးဗျ လို့ ပြောတတ်တဲ့ လူတွေဆို ပိုတောင်လွယ်သေး။

ဒီလိုနဲ့ လွိုင်ကော်ဟိုတယ်ရှေ့မှာ ဖွင့်ထားတဲ့ ကေတီဗွီကို ကျွန်တော်တို့ ရောက်ပါတယ်။ မာဆတ်နဲ့ ကေတီဗွီတွဲဖွင့်ထားတာပါ။ ကျွန်တော်တို့ ဆိုင်ကယ်ရပ်ပြီး ကောင်တာဆီသွားတဲ့အချိန် ဇာတ်တိုက်ထားတဲ့အတိုင်း အသင့်စောင့်နေတဲ့ ကိုသိန်းဇော်က အခန်းထဲက ထွက်လာပါတယ်။ “ဟာ ကိုကျော်စွာ..ဆရာလည်း ပါတာကိုး…သီချင်းလာဆိုကြတာလား” ကိုသိန်းဇော်ကိုတွေ့တော့ ကိုယ့်ဆရာမျက်နှာက ချက်ချင်းတည်သွားပါတယ်။

ဒါပေမယ့်လည်း ဒီလိုနေရာမျိုးမှာ တွေ့တာလေဗျာ။ ဘုန်းကြီးကျောင်းမှာ ဥပုသ်စောင့်ရင်းတွေ့တာမဟုတ်တော့ သူလည်း လိပ်ပြာမလုံဘူးထင်ပါရဲ့။ မျက်နှာက သူ့အိမ်မှာ တွေ့တုန်းကလောက် တော့ မတင်းပါဘူး။ “ကျွန်တော်တို့လည်း သီချင်းဆိုနေတာ…ကျွန်တော့်မိတ်ဆွေတစ်ယောက်ပဲပါတယ်..အခန်းက အကျယ်ကြီးပဲ..လာဂျွိုင်းပါလား” “အားနာစရာကြီးဗျာ” ကျွန်တော်က အင်တင်တင်လုပ်ပြပါတယ်။ “လာပါ..ကိုကျော်စွာရဲ့..ဆရာလည်း လာပါ..လွိုင်‌ကော်ရောက်တုန်း ကျွန်တော်ဧည့်ခံပါရစေ” ကျွန်တော်က သူ့မျက်နှာကို တချက်ကြည့်လိုက်ပါတယ်။

သူအနေနဲ့လည်း ပထမတစ်ခေါက်က ကျွန်တော်တို့ကို သူ့အိမ်က မောင်းထုတ်ထားတာကို အားနာလာတယ်တူပါရဲ့။ ကျွန်တော့်ကို ခေါင်းညိတ်ပြတယ်။ ဒီလိုနဲ့ ကေတီဗွီခန်းထဲ ရောက်ခဲ့ပါပြီ။ ကိုသန်းဇော်ဟာ တကယ့်အလှူ့ဒယကာသူတော်ကောင်းကြီးပါပဲဗျာ။ မယုံအထဲက မြင်ကွင်းကိုကြည့်။ အခန်းက VVIP အခန်းကျယ်ကြီးဗျာ။ စားပွဲပေါ်မှာလည်း အနက်ရောင်ဂျော်နီဝေါကား ဝီစကီပုလင်းနဲ့။ ဘောင်းဘီပေါင်ပြတ်နဲ့ ဆံပင်ကုတ်ဝဲလေးနှစ်ယောက်ကပါသေး။

“လာ..ဆရာကြွပါ” ဥပဒေအရာရှိမင်း ဟာ အခန်းကျယ်ကြီးကို တချက်ရှိုးပြီး အိန္ဒြေအပြည့်နဲ့ စားပွဲဝိုင်းအလယ်ကို ကြွချီသွားပါတယ်။ မျက်နှာကတော့ ခပ်တင်းတင်းပါပဲ။ အင်းလေ..ဒင်းဘယ်လောက်မျက်နှာကြောတင်းနိုင်မလဲ။ မသကာ ဝီစကီသုံးလေးပက်ပေါ့။ ကိုသိန်းဇော်ရဲ့ မိတ်ဆွေနဲ့ ဆို ကျွန်တော်တို့ လေးယောက်။ ကိုသိန်းဇော်က ကျွန်တော်တို့အတွက် နောက်ထပ် ကောင်မလေးနှစ်ယောက်ထပ်ခေါ်ပေးပါတယ်။ ကိုယ့်ဆရာဥပဒေအရာရှိက ကောင်မလေးက သူ့ဘေးကပ်ထိုင်တော့ ဘေးကိုတောင် နည်းနည်းရွှေ့ထိုင်လိုက်ပါသေးတယ်။ အိမ်း…ဟုတ်တော့နေပြီ။ ဒီလိုနဲ့ သောက်ကြသည်ပေါ့ဗျာ။

ဒါပေမယ့်..ဥပဒေဆရာက ဝီစကီကို လက်ဖျားနဲ့ မတို့ပါဘူး။ အပြင်ကနေ ဘီယာမှာသောက်ပါတယ်။ “ကိုကျော်စွာ…ခင်ဗျားလူကို ပြောလိုက်ပါ..ကျွန်တော့်ဘီယာဖိုး ကျွန်တော်ရှင်းမှာလို့” အံမယ် လာလာချည်သေး…တစ်ဆက်ရှင် သုံးသောင်းလောက်ရှိတဲ့ သူများ ငှားထားတဲ့ကေတီဗွီထဲလည်း ဝင်ထိုင်သေး… ဘာမဟုတ်တဲ့ ဘီယာဖိုးနဲ့ မာနတံခွန်လာထူနေတယ်။ ပြီးတော့…လေသံက မာကြောကြောရယ်။ ကျွန်တော်ကတော့ စိတ်ပျက်သွားပါတယ်။ ဒီလူတော့ အရက်နဲ့ နှူးရမယ့်သူမဟုတ်ဘူး။ ငါတော့ တွက်ကိန်းမှားပြီဆိုပြီး။

တကယ်လည်း…ကျွန်တော်တို့ သောက်နေချိန် တချိန်လုံး ဆရာသမားက တခွန်းမှ ဟက်ဟက်ပက်ပက်ဝင်မပြောဘူးဗျ။ ဘီယာချည်း တလုံးပြီးတလုံးမှာသောက်နေတယ်။ ဟိုအမှုကိစ္စ စကားအစရှာဖို့ကလည်း မရဖြစ်နေတယ်။ “ကိုသိန်း‌ဇော်..ခင်ဗျား အမှုကိစ္စက စီရင်ချက်က ဘယ်နေ့ချမလဲ” မထူးဇာတ်ခင်းပြီး ကျွန်တော်ကပဲ လမ်းခင်းလိုက်ပါတယ်။ “နောက်သုံးရက်နေရင် ချမယ်..ကိုကျော်စွာ..စိတ်ညစ်ပါတယ်ဗျာ..ဟိုမှာလည်း ကလေးတွေက တပြွတ်နဲ့..ချုပ်ရက်နဲ့ ပြီးရင်တော်သေးတာပေါ့..နှစ်များလို့ကတော့” “ခင်ဗျားတို့ သီချင်းမဆိုကြသေးဘူးလား…အခန်းကြီးငှားထားပြီး ဆိုကြလေဗျာ..ဒီအချိန် တခြားကိစ္စတွေ မပြောကြနဲ့” ဥပဒေဆရာက လေသံခပ်တည်တည်နဲ့ ဝင်ပြောလိုက်တာပါ။ ပြည်သူ့တရားရှင်ဇာတ်ကားထဲ ပေါင်ချိန်ကြီးက “မောင်မင်း ရုံးတော်ကို ဘာထင်နေသလဲ” ဆိုတဲ့ ပုံကိုသာ ပြေးမြင်မိတော့တာပါပဲ။

ကျွန်တော်ရော ကိုသိန်းဇော်ပါ ဆက်ပြောရမယ့်စကားလမ်းကြောင်းကို ပိတ်ပစ်လိုက်ပါပြီ။ “ဟုတ်ဗျာ..ဆိုပြီ..ဆိုပြီ” ကျွန်တော်လည်း စိတ်ဒုံးဒုံးချပြီး သီချင်းတွေထည့်ခိုင်းလိုက်ပါတော့တယ်။ ကျွန်တော်ရယ်၊ ကိုသိန်းဇော်နဲ့ သူ့မိတ်ဆွေရယ်က အရက်ရှိန်လေးကလည်း ရလာတော့ လာရင်းကိစ္စ မေ့ကို မေ့ထားလိုက်ပြီး သောက်လိုက် ဆိုလိုက်သာလုပ်နေပါတော့တယ်။ ဥပဒေဆရာကို ဆိုဖို့ ပြောပေးမယ့်လည်း သူက တကယ့်သမာဓိအပြည့်နဲ့ မျက်နှာကြီးကို တင်းထားပါတယ်။ အဲ ဘီယာပုလင်းတွေကတော့ သူ့ရှေ့တန်းစီနေပါပြီ။

ကျွန်တော်လည်း ခေတ်ပေါ်သီချင်းတွေဆိုရတာညည်းငွေ့လို့ ဦးသုမောင် ရဲ့ တောင်တော်ရွှေပုပ္ပါးထည့်ခိုင်းလိုက်ပါတယ်။ “တို့တိုင်း ဌာန..တို့မြန်မာပြည်ဝယ်..ပေလေးထောင်ကျော်..မြင့်ခေါင်..တောင်တော်ရွှေပုပ္ပား ….အား..ရယ်” အစပိုဒ်ထိ အေးအေးဆေးဆေးပါပဲ။

“ပေါက်ကံပြည်ကို ပန်းတော်ဆက်တဲ့ ကိုဗျတ္တနဲ့ မယ်ဝဏ္ဏတူစုံမောင်နှံ ..ချစ်ကြိုးသွယ်နှောင်.. ရွှေဖျဉ်းညီနောင်ဖွားရာဒေသဝယ်” အဲ့ဒီအပိုဒ်ရောက်တော့.. ဗြောင်းဗြောင် ဗြောင်ဗြောင်း ဗြောင်းဗြောင်းဗြောင်ဗြောင်း ဆိုပြီး တီးလုံးက နတ်ဒိုးနဲ့ အကြွမှာ လွှားခနဲ ကျွန်တော့်ရှေ့ကို လူတစ်ယောက်ရောက်လာတယ်။ လေးဘက်ကြီးထောက်လို့ဗျာ။ ကော်လံကတုံးအဖြူနဲ့ ပိုးတွဲပုဆိုးကို ခါးတောင်းကျိုက်ထားသေးတာ။

အလိုလေး…သံမဏိနှလုံးသားပိုင်ရှင် ဥပဒေအရာရှိမင်း လူတမျိုးကြီးပါလား။ ကျွန်တော်က သီချင်းဆိုနေရင်းက သူ့ကို ကြောင်ကြည့်နေတယ်။ သူက လေးဘက်ထောက်ထားရာက ကျွန်တော့်ကို မော့ကြည့်ပြီး ဝေါင်းဆိုပြီး သွားဖြဲပြတယ်။ အံမယ်..ဆရာသမားက တစ်သျှူးစအရှည်ကို ကျစ်ပြီး ခါးနောက်မှာ အမြီးလိုလုပ်ပြီးတောင် တပ်ထားသေး။ ရွှေဖျဉ်းညီနောင်ရဲ့ စီးတော်ကျားကြီးပေါ့။

ကျွန်တော်ကတော့ ချက်ချင်းသဘောပေါက်သွားတယ်။ ဆိုင်းကြိုက်တဲ့ ဥပဒေကျား နဲ့ နတ်ဒိုးတော့ တွေ့ကြပြီလို့။ ဒီအခြေအနေမှာ ကျွန်တော်လည်း သီချင်းကိုပဲ ဆက်ဆိုနေလိုက်တယ်။ ကိုယ့်ဆရာက လွှားခနဲကျွမ်းတွေပစ်၊ ပါးစပ်ကလည်း ကျားလို ဟိန်းလိုက်သေးတာ။ ဟိန်းတာနဲ့ မပြီးသေးဘူး။ ခုန်ဆွခုန်ဆွနဲ့ လေးဘက်ကြီးထောက်လို့ စားပွဲနားသွားပါတယ်။ စားပွဲပေါ်က သီးစုံပွဲကနေ စပျစ်သီးတစ်တွဲကို ပါးစပ်နဲ့ ကိုက်ချီလိုက်ပါတယ်။ ပြီးတာနဲ့ ဆိုဖာပေါ် လွှားခနဲ ခုန်တက်ပြီး ခုန သူ့ဘေးထိုင်နေတဲ့ ကလေးဘေးနား စပျစ်သီးတွဲကို ပါးစပ်နဲ့ သွားခွံ့ပါလေရောဗျာ။ အံမယ်..အခုမှ စီးတော်ကျားက မရွှေဥ ကို မကိုက်ပဲ စပျစ်သီးတောင် သွားခွံလိုက်သေးသကိုး။

ကောင်မလေးတွေက တခစ်ခစ်။ ကိုသိန်းဇော်တို့ နှစ်ယောက်လည်း စီးတော်ကျားသောင်းကျန်းနေတာကို ကြည့်နေရတဲ့ တောင်ပြုန်းမင်းညီနောင်လို မျက်လုံးကလေးတွေ ပြူးလို့။ ခေါင်းတွေလည်း ကုပ်လို့။ သိတဲ့အတိုင်း တောင်တော်ရွှေပုပ္ပါးသီချင်းက လည်း နဂါးနီသီချင်းလိုပဲ..နှစ်ကြော့ပြန်ပြန်ဆိုရလို့ အတော်ကြာတာ။ အဲ့ဒီအချိန်မှာ ကိုရွှေကျားကြီးက ဆိုဖာပေါ်ကနေ ကြမ်းပြင်ပေါ်ကို နောက်ကျွမ်းတွေပါ ပစ်ကုန်ပြီ။ တော်သေးပါရဲ့…ကိုသိန်းဇော် အမျှော်အမြင်ကြီးစွာနဲ့ အခန်းကျယ်ကြီးငှားထားပေလို့သာပဲ။

ဒီလိုနဲ့ပေါ့ဗျာ။ ကျွန်တော်လည်း ဆက်ရှင်ပြီးသည်အထိ သားစိုးရဲ့ ကိုကြီးကျော်တို့၊ ဗီဗာဟိန်းရဲ့ နတ်ကန္ဒားပေးတဲ့အိမ်တို့ချည်း ဖွင့်ချတော့တာ။ ကိုယ့်ဆရာလည်း စီးတော်ကျားဖြစ်လိုက်၊ ကိုကြီးကျော်ဖြစ်လိုက် နဲ့ အတော်ဟိုက်သွားတယ်။ မူးလည်း အတော်မူးသွားရှာတယ်။ မူးမောကြီးပေါ့။ ပြန်တော့ ဆိုင်ကယ်ကိုတောင် မနည်းမောင်းလာရပါရောလား။

နောက်တစ်နေ့ မနက်ကျ ကျွန်တော့်ဆီ ကိုသိန်းဇော် ဖုန်းဆက်လာပါတယ်။ “ကိုကျော်စွာ… မနေ့က နှစ်ပုံးလောက်ကျွတ်သွားတယ်ဗျာ.. ခင်ဗျား ဆရာကျားက အလုပ်လည်းမဖြစ်ပါဘူး.. .စကားမပြောပဲ ကျွမ်းကြီး ပတ်ထိုးနေတယ်” “ဟေ့လူ..အဲ့ဒါ အလုပ်ဖြစ်တာဗျ..ကျွန်တော်တို့ ထင်တာထက်တောင် ပိုအလုပ်ဖြစ်သေးတယ်.မနက်ဖြန် စီရင်ချက် ချမှာမဟုတ်လား..ဒီနေ့ ညနေ သူ့ဆီကို သွားမယ်..ခင်ဗျား အခု လွိုင်ကော်က ဆင်းခဲ့” ညနေရုံးဆင်းချိန်ရောက်တဲ့အခါ ကိုသိန်းဇော်နဲ့ကျွန်တော် သူ့အိမ်ကို နောက်တခေါက် ပြန်သွားကြပါတယ်။

ဒီတစ်ခါတော့ ဆရာကျားဟာ အရက်နာကျနေပုံပါပဲ။ သူ့မိန်းမကတော့ ကျွန်တော်တို့ လာကတည်းက အခန်းထဲဝင်သွားတာ ထွက်ကို မလာပါဘူး။ မနေ့က ကိစ္စ နည်းနည်းတော့ ရှော့ရှိထားပုံပါပဲ။ ကျွန်တော်တို့ကို တွေ့တော့ ရှက်ကိုးရှက်ကန်းမျက်နှာနဲ့ပါ။ “ကိုကျော်စွာ..မနေ့က ကျွန်တော် နည်းနည်းမူးသွားတယ်‌ဗျာ..ဘာတွေဖြစ်သေးလဲ” ဒါက မူးပြီးရင် ပေါက်ကရလုပ်တတ်တဲ့သူတွေရဲ့ အထာပါ။ ကျွန်တော့်အတွက်တော့ ဒီလို အရူးကွက်နင်းတဲ့လူတွေ အကြောင်း က ရိုးနေပါပြီ။

“ဘာမှ မဖြစ်ပါဘူး..ဆရာရဲ့” “အေးဗျာ..လက်တွေခြေတွေလည်း ကိုက်ခဲနေတာပဲ..ဒီကြားထဲ ပြန်လာတော့ အရမ်းမူးလာလို့ မိန်းမနဲ့ စကားများရသေးတယ်” အင်း..ကိုက်ခဲမှာပေါ့..ကျွမ်းတွေချည်း အပတ်ငါးဆယ်လောက် ပစ်နေတာကိုး။ “ခြေလက်ကိုက်နေတယ်ဆို..ဆရာက ကျား….” ကျားဆိုတဲ့ နေရာမှာ ကျွန်တော်က လေသံကို ခပ်မြှင့်မြှင့်ပြောလိုက်တာပါ။ “ဟာ.ဟေ့လူ..တော်တော်” သူ့ မျက်လုံးကြီးပြူးပြီး နှုတ်ခမ်းကို လက်ညှိးနဲ့ ထောက်ပြပါတယ်။ သူ့မိန်းမအခန်းရှိရာကို မျက်စပစ်ပြပါတယ်။ ပြီးတော့ ရှက်ကိုးရှက်ကန်းနဲ့ ကျွန်တော်တို့ကို ရယ်ပြပါတယ်။

“ကိုယ်လက်တွေကိုက်ရင် ကျားဘမ်းပရုတ်ဆီလူးလို့ ပြောမလို့ပါဆရာရဲ့..ဟဲ..ဟဲ..ဟဲ..ဟဲ” “သြော်..ဟဲ..ဟဲ.. ဟဲ….ဟဲ..ဟဲ” ကျွန်တော်တို့နှစ်ယောက်ရဲ့ အပြန်အလှန် ဟဲဟဲဟဲဟဲ ထဲမှာ သဘောတူညီမှုတွေ ပါနေပါပြီ။ ကျွန်တော် ကိုသိန်းဇော်ကို မျက်စပစ်ပြလိုက်ပါတယ်။ “ဒါနဲ့..ဆရာ..ကျွန်တော့်ကိစ္စလေး” ကိုသိန်းဇော် စကားတောင် မဆုံးလိုက်ပါဘူး။ “ဟာ..ရတယ်..အချင်းချင်းတွေပဲ…ကြည့်ကြပ်သာလုပ်လိုက်ပါ..ကျွန်တော်အဆင်ပြေအောင်လုပ်ပေးပါ့မယ်”

ကိုင်းမပြောဘူးလား…..အခုကျတော့ကိုယ့်ဆရာက လူတမျိုး ကနေ ကျားတမျိုး ဖြစ်သွားပြီပေါ့။ ဒီလိုနဲ့ ကိုယ့်ကိစ္စလည်း အဆင်ပြေ…သူလည်း သူ့မိန်းမနဲ့ ငြိမ်းချမ်းရေးဆွေးနွေးရဦးမှာမို့ ကျွန်တော်တို့ လည်း သူ့ကို နှုတ်ဆက်ပြီးပြန်လာခဲ့လိုက်ပါတယ်။ ကျွန်တော်တို့ ပြန်တော့…သူက ခြံဝအထိလိုက်ပို့ပါတယ်။ “ဟေ့လူ..မနေ့က ကိစ္စ မြို့ထဲ ဘယ်သူမှ ပြန်မပြောပါနဲ့နော်..နောက်တခါ ကျွန်တော်အခန်းခစိုက်ပါ့မယ်” ဆရာကျားက ကျွန်တော့်နားကပ်ပြီး လေသံတိုးတိုးလေးနဲ့ ပြောလိုက်တာပါ။

ဟဲ..ဟဲ..ဟဲ..ဟဲ။ တကယ်လည်း ကျွန်တော် ဒီအကြောင်း ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့ပါဘူး။ အခုတော့ နှစ်တွေကလည်းကြာပြီ။ ကျွန်တော်လည်း ဝရမ်းပြေးဘဝနဲ့ ရှောင်ရင်းတိမ်းရင်း..ဟိုးတုန်းက အဘတို့အမွေ ခေတ်ဆိုးကြီးထဲ လာဘ်ပေးလာဘ်ယူတွေအကြောင်း တွေးမိတဲ့အခါ ဆရာကျားအကြောင်းက ခေါင်းထဲ ရောက်လာတာနဲ့…. အဲ့ဒီလို ပရမ်းပတာခေတ်ကြီးထဲ နောက်တခေါက် ပြန်‌မရောက်ဖို့ တတ်နိုင်သမျှ လုပ်ကိုင်ကူညီပေးရင်း..။

ကြုံနေရတဲ့ အမောတွေကို ရယ်စရာလေးနဲ့ အပန်းခဏ ပြေကြလည်း မနည်းတာမို့… ကျွန်တော့်ကို…ခွင့်လွှတ်ပါ‌ေတာ့.တချိန်က ဆရာကျား ခင်ဗျား။

ဗြိတိသျှကိုကိုမောင်

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page