နေမဝင်အင်ပါယာကြီးရဲ့ စစ်ဘုရင်ကြီးကို ပွင့်ပွင့်လင်းလင်းနဲ့ ဒဲ့ပြောခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်း

အင်္ကျီအစုတ်နဲ့ ဗိုလ်ချုပ်

“ ရိုင်းစိုင်းတယ် ထင်ရုံမကလို့ လဲသေသေ။ ကျုပ်ဂရုမစိုက်ဘူး။ ပြောစရာရှိတာကိုတော့ ပြောရမှာပဲ။” ဗိုလ်ချုပ် နဲ့ မောင့်ဘက်တန် ငြိပြီ..။

အဲ့ဒီပွဲက ဖက်ဆစ်ဂျပန်တွေကို စစ်နိုင်တဲ့ အောင်ပွဲ အထိမ်းအမှတ် အခမ်းအနားပါ..။ အဲ့ဒီ အခန်းအနားကို တက်ဖို့ မောင့်ဘက်တန် ဗမာပြည်ကို ၁၉၄၅ ဇွန် ၁၅ ရက်မှာ တကူးတက ရောက်လာခဲ့ပါတယ်။

အိန္ဒိယ ဘုရင်ခံချုပ် လော့ဒ် လူဝီ မောင့်ဘက်တန် (Lord Louis Mountbatten)ပါ။ သူဟာ အရှေ့တောင် အာရှ တပ်ပေါင်းစု မှူးကြီး (Supreme Allied Commander, South East Asia) ဖြစ်ပါတယ်။ အဲဒီအချိန် သတင်းစာတွေက သူ့ဆို ‘စစ်ဘုရင်ချုပ်ကြီး’ ရယ်လို့..။

အဲ့ဒီမှာ စစ်ကြိုခေတ် ဝန်ကြီးတွေ၊ အမတ်ကြီးတွေ၊ အရာရှိကြီးတွေ၊ ဖဆပလက လေးငါးဆယ် ယောက် လောက်… ဟိတ်တွေ ဟန်တွေနဲ့..။ ရွှေရောင်၊ စိန်ရောင်၊ မြရောင်၊ ပတ္တမြားရောင် တပြောင်ပြောင်တဝင်းဝင်းနဲ့ပေါ့…။

ဒီလိုပွဲမှာ နွမ်းနွမ်း ဖတ်ဖတ်၊ ယူနီဖောင်း စုတ်စုတ်ပြတ်ပြတ်နဲ့ ဗမာပြည်က သာမန် စစ်ဗိုလ်ချုပ်လေး တစ်ယောက်ပါ။ နောက်ဆုံးတန်းက ချောင်ကလောင်မှာ ထိုင်နေတယ်..။ သူက ဗိုလ်ချုပ်အောင်ဆန်းပါ။

မောင့်ဘက်တန် မိန့်ခွန်း ဘာညာပြောပြီးတော့ ဂုဏ်ပြု ညစာစားပွဲ ဆက်လုပ်ပေါ့..။ ဧည့်ခံတဲ့ နေရာက ‘ကန်တော်မိတ်သဘင်’ မှာပါ။ အဲ့ဒီတုန်းက အိုးရီးရင့် ကလပ် လို့လည်းခေါ်ကြတယ်။

ထမင်းစားပွဲပြီးတော့ ဥရောပ ထုံးစံ အတိုင်း မောင့်ဘက်တန်ကို ဂုဏ်ပြုစကား ဝိုင်းပြောကြတယ်။ တန်ဖိုးကြီးကြီး အဝတ်အစားတွေနဲ့ ပွဲတက်တဲ့သူတွေက မျက်နှာကြီးတွေဖြီးပြီး အသေ ဖား ကြတဲ့ အစီအစဉ်ပေါ့။

‘ဘုရင်မင်းမြတ် ဘုန်းတန်ခိုး အာနုဘော် ကြောင့် စစ်ကြီးနိုင်တယ်’ ‘စစ်ဘုရင်ကြီး မောင့်ဘက်တန် ရဲ့ စွမ်းပကား ကြီးမားလှပါတယ်’ ‘ကျန်းခံသလို့ မာစေကြောင်း ဆုတောင်းပေးပါတယ်’ ‘ဘုရင်မင်းမြတ်…’ ‘ဘုရင်မင်းမြတ်…’ ‘ဘုရင်မင်းမြတ်…’ ‘စစ်ဘုရင်ကြီး’ ‘စစ်ဘုရင်ကြီး’ ‘စစ်ဘုရင်ကြီး’ ဘာဘာ ညာညာ အလုအယက် ဖား ကြတော့တယ်။ အဲ့ပွဲကလူတွေ အားလုံးလိုလိုက အလိုတော်ရိတွေ၊ လက်ဝေခံတွေ၊ အကျိုးလိုလို့ ညောင်ရေ လောင်းသူတွေ..။

နောက်ဆုံး အစီအစဉ်အရ မောင့်ဘက်တန်က စကားပြောတယ်။ မောင်ဘက်တန် ပြောတဲ့ စကားထဲ (Politic is the refuge of the secoundreks) ‘နိုင်ငံရေး လောက ဆိုတာဟာ မသမာသူတို့ရဲ့ ခိုကိုးရာနေရာ’ ဖြစ်တယ်ဆိုတဲ့ စကားပါသွားတယ်။

အဲ့မှာ ဗိုလ်ချုပ်နဲ့ ငြိတာပဲ..။ လက်ခုပ်သြဘာသံကြီး တခဲနက် ထွက်ပေါ်လာတယ်။ ဗိုလ်အောင် က လက်ခုပ်သြဘာသံ ဆုံးအောင် မစောင့်ပါ။ နောက်ဆုံးတန်း ချောင်ထဲက ဗြုန်းခနဲ မတ်တတ် ထရပ်ပစ်လိုက်တာ..။

ပြီးတော့ မောင့်ဘက်တန် ထိုင်နေတဲ့ စားပွဲဆီ လျှောက်သွားတယ်။ ပရိတ်သတ်ကြီးက ကြောင်ကြည့်နေကြတယ်။ ပရိသတ်ရော၊ စီစဉ်သူတွေရော၊ အားလုံး ခြေမကိုင်မိ လက်မကိုင်မိ ဖြစ် ကုန်ကြတယ်။ အနောက်တိုင်း ယဉ်ကျေးမှုမှာ အစီအစဉ်အတိုင်းသာ ပြောကြဆိုကြ လုပ်ကြရတယ်မဟုတ်လား။

ဗိုလ်ချုပ်က သူ့ကို ဘယ်သူမှ မိန့်ခွန်းပြောဖို့ မဖိတ်ပဲနဲ့ အစီအစဉ်မရှိဘဲ ထ ‘ ဝုန်း ‘ပါလေရော။ ဒါ အင်မတန် ရိုင်းစိုင်းတယ်လို့ သတ်မှတ်တယ်ဆိုတာ ဗိုလ်ချုပ်သိတယ်။

“ဂုဏ်သရေရှိ အမျိုးသမီးများ၊ အမျိုးသားများ၊ လူကြီးလူကောင်းလို့ ထင်မှတ်စရာ ရှိသူများ ခင်ဗျား။” ဗိုလ်ချုပ် ရွဲ့ပြီ.. ‘လူကြီးလူကောင်းလို့ ထင်မှတ်စရာ ရှိသူများ’ တဲ့။

“အစီအစဉ်ထဲ မပါ တဲ့ လူတယောက်က အခုလို ထပြီး ပြောလိုက်တော့ ခင်ဗျားတို့ ထုံးတမ်းစဉ်လာအရ အတော်ရိုင်းစိုင်းတယ်လို့ ထင်ကြ မှာပဲနော်။” “ ရိုင်းစိုင်းတယ် ထင်ရုံမကလို့ လဲသေသေ။ ကျုပ်ဂရုမစိုက်ဘူး။ ပြောစရာရှိတာကိုတော့ ပြောရမှာပဲ။”

ဒါပါပဲ…. ဗိုလ်ချုပ်ဟာ တော်လှန်ရေးသမားပါ။ ရေပေါ်ဆီ သာယာစား၊ င ဖား မဟုတ်ပါ။ ဟိတ်ဟန် မလုပ်၊ ဂိုက်မထုတ်ပါ။သူ လုပ်စရာရှိတာကိုတော့ ဘယ်လို အနေအထားမျိုးမှာမဆို လုပ်ရဲတယ်။ လုပ်လည်း လုပ်တယ်။

“ကျူပ် ပြော မှာက တခြားတော့ မဟုတ်ပါဘူး။ ခင်ဗျားတို့ရဲ့ ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းတဲ့ အဘိဓမ္မာကို ဝေဖန်ပြချင်လို့ပါပဲ” ဗိုလ်ချုပ် ပြောပြီ.. ‘ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တော်ကြီးရဲ့ သနားစရာကောင်းတဲ့ အဘိဓမ္မာ’ တဲ့..။

အဲ့လို ပြောလိုက်တဲ့အချိန်မှာ ခန်းမ တခုလုံး မီးကိုရေနဲ့ ဖြန်းလိုက်သလို တိတ်ဆိတ်သွားတယ်။ အပ် ကျတာတောင် ကြားရမလောက်ပါပဲ။

“Politic is the refuge of the scoundrels နိုင်ငံရေး လောကဆိုတာ မသမာ လူယုတ်မာတွေ ခိုကိုးရာနေရာ ဖြစ် တယ်” လို့ စစ်ဘုရင်ကြီး မောင့်ဘက်တန် ပြောသွားတယ်နော်” “ဒါဟာ အနောက် ဥရောပ နိုင်ငံတွေမှာတော့ မှန်ကောင်း မှန်မယ်။ ကျုပ်တို့ အရှေ့နိုင်ငံ အယူအဆကတော့ စစ်ဘုရင်ကြီးရဲ့ အယူအဆနဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါ တယ်။”

“ကျုပ်တို့ဆီမှာ နိုင်ငံရေး လုပ်ငန်းဆိုတာ ပရဟိတ လုပ်ငန်း၊ လောကတ္တစရိယာကျင့်တဲ့ လုပ်ငန်း၊ ဒါဟာ ဒွိဟိတ် ပုဂ္ဂိုလ် တွေ မလုပ်နိုင်တဲ့ လုပ်ငန်း၊ တိဟိတ် ပုဂ္ဂိုလ်များ ဘုရားအလောင်းများသာ လုပ်နိုင်တဲ့ လုပ်ငန်းလို့ ယူဆကြ တယ်။ “

“အဲဒီလို အလွန် မွန်မြတ်တဲ့ အထဲမှာ တခါတရံ လူယုတ် မာ တွေ ပါကောင်း ပါလာမယ်။ အဲဒါကြောင့် နိုင်ငံရေး လုပ်တာ မကောင်းဘူးလို့ ဆိုရတော့မှာလား။”

“ ဒီမယ် ဥပမာ တခု ပြောပြချင်တယ်။ ဒီ အဆောက်အဦးကြီးဟာ လူအများ စုဝေးဖို့ ဆောက်ထားတယ်။ အစောင့်အကြပ် ကင်းမဲ့ချိန်မှာ တခါတရံ ခွေးလေခွေးလွင့်တွေ တက်အိပ်နေကြတယ်။ အဲဒီလို ခွေးလေ ခွေးလွင့်တွေ တက်အိပ်တာကို ကြည့်ပြီး အဲဒီအဆောက်အဦးဟာ ခွေးအိပ်ဖို့ ဆောက်ထားတာပါလို့ ဆိုရင် မှန်ပါ့မလား။ မမှန်ဘူး။”

“ ဒါကြောင့် နိုင်ငံရေးကလည်း ဒီလိုပဲ။ အင်မတန် မွန်မြတ်ပါတယ်။ ဒီအဆောက်အဦးကြီးအပေါ် ခွေးတက်အိပ်သလို လူယုတ်မာတွေလည်း အလစ်မှာ နိုင်ငံရေး လောကထဲ ဝင်လာတတ်ပါတယ်။”

“အဲဒီလို ဝင်လာတဲ့အခါ ကျနော်တို့ နိုင်ငံရေးသမား စစ်စစ်တွေက ဒီလူယုတ်မာတွေကို မျက်ခြည်မပြတ် ဟန့်တားဝိုင်းပယ်နိုင်တာနဲ့ အမျှ နိုင်ငံရေး လောက ကြီးဟာ သန့်ရှင်း စင်ကြယ် မွန်မြတ်လာပါလိမ့်မယ်။ ဒါပဲ ကျုပ်ပြောချင်တာ” ဗိုလ်ချုပ်လည်း ပြောပြီးရော စစ်ဘုရင်ကြီး မောင့်ဘက်တန် ကိုယ်တိုင် ထိုင်ရာကထပြီး လက်ခုပ်တီး သြဘာပေးတယ်။ အဲဒီတော့မှ အရိပ်အခြည်ကြည့်နေတဲ့ ပရိသတ်ဟာ မနေသာတော့ဘဲ လက်ခုပ်တွေ ထတီးတယ်။

မောင့်ဘက်တန်က – “ဒီနေ့ ည စကားပြောကြတဲ့ အထဲမှာ အစီအစဉ်ထဲ မပါတဲ့ ဗိုလ်ချုပ် အောင်ဆန်းရဲ့ မိန့်ခွန်းဟာ အဖိုးတန်ဆုံးပါပဲ။” “ကျနော် ပြောမိတာကတော့ ထမင်းစားပွဲအပြီး ရယ်စရာ မောစရာ အနေနဲ့ ခပ်ပေါ့ပေါ့ နိုင်ငံရေး လောကကို ပြက်ရယ် ပြုတဲ့ စကား ပြောမိလို့ အလွန် ဝမ်းနည်းမိပါတယ်။” “ကျနော်ပြောခဲ့မိတဲ့ အချက်အလက်တွေကို ရုတ်သိမ်းပါတယ် ခင်ဗျား”

အဲ့ဒီလို ပြောပြီး လူကြီးလူကောင်း ပီသစွာနဲ့ ဗိုလ်ချုပ်ကို တောင်းပန်တယ်။ မောင့်ဘက်တန်ပွဲမဟုတ်ပဲ မင်းအောင်လှိုင်ရဲ့ပွဲသာဆို ဗိုလ်ချုပ် အဲ့ဒီစကားတွေ ဆုံးအောင်တောင်ပြောခွင့်ရပါ့မလား..။

ဗိုလ်ချုပ်ပြောခဲ့တယ်… “ ကျုပ်တို့ဆီမှာ နိုင်ငံရေး လုပ်ငန်းဆိုတာ ပရဟိတ လုပ်ငန်း၊ လောကတ္ထစရိယ ကျင့်တဲ့ လုပ်ငန်း….“ တဲ့..။ နိုင်ငံရေးသမားတွေ ဆိုပြီး တိုင်းပြည်ချစ်တဲ့စိတ်နဲ့ ပရဟိတ လုပ်နေတဲ့ အန်ယူဂျီ တစ်ခုလုံးကို စော်ကားသိက္ခာချမိတဲ့ စကားတွေ မပြောမိဖို့ ဆင်ခြင်ကြရပါမယ်။

ရိုးသားကြိုးစားတဲ့ နိုင်ငံရေးသမားတွေကို လေးစားစွာ ဦးညွတ်ပါတယ်။ ခွေးလေ ခွေးလွင့် နိုင်ငံရေးသမားတွေလည်း ကျဆုံးပါစေ။

မရွှေမိုး- ကိုရီးယား
February 16th, 2022
ကိုးကား – ဗိုလ်ချုပ်ပြောတဲ့ နိုင်ငံရေးသမား— ဝါရင့် နိုင်ငံရေးသမားကြီး၊ သတင်းစာဆရာ လှကွန့် (ဧရာဝတီ)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page