ရန်ကုန် ဝိုင်ဘီအက်စ်ယာဉ်စီးခ ၂၀၀ ကနေ ၄၀၀ အထိ ဈေးတက်မည်ဟုဆို
စက်သုံးဆီအပါအဝင် အခြားယာဉ်အပို ပစ္စည်းစျေးနှုန်းတွေ မြင့်တက်လာခြင်း ပြုပြင်ထိန်းသိမ်းမှု စရိတ်များ မြင့်မားလာသည့်အတွက် မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်များအနေနဲ့ တရားဝင်ယာဉ်စီးခနှုန်းထားကို ငွေကျပ် ၄၀၀ ထက်မပိုသော နှုန်းထားကောက်ခံနိုင်ရေး ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်မှု ကြီးကြပ်မှုကော်မတီ YRTC ကို တင်ပြထားကြောင်း ယာဉ်လိုင်းကုမ္ပဏီများထံက စုံစမ်းသိရပါတယ်။
မကြာသေးမီရက်ပိုင်းအတွင်းက ကုမ္ပဏီပိုင်ယာဉ်လိုင်းဖြစ်တဲ့ ရန်ကုန်-ပဲခူး ယာဉ်လိုင်းများတွင် စက်သုံးဆီစျေးနှုန်းမြင့်တက်မှု အပေါ် အခြေခံကာ ယာဉ်စီးခနှုန်းထားတွေ မြင့်တက်သွားပြီးနောက်မှာတော့ ရန်ကုန်မြို့တွင်းမှာလည်း စက်သုံးဆီသုံးစွဲ ပြေးဆွဲဝန်ဆောင်မှုပေးနေတဲ့ မီနီဘတ် ယာဉ်လိုင်းများရှိနေပြီး ယာဉ်အပိုပစ္စည်းစျေးနှုန်းများ မြင့်တက်နေတာကြောင့် ယာဉ်စီးခနှုန်းထားပိုမိုရရှိရေး တင်ပြရခြင်းဖြစ်ကြောင်းသိရပါတယ်။
YRTC အနေဖြင့် ယာဉ်စီးခနှုန်းထား ပိုမိုကောက်ခံမှု လျော့ကျစေရန် ကတ်စနစ်အသုံးပြုနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ကတ်စနစ်တွင် အနိမ့်ဆုံးယာဉ်စီးခနှုန်းထား ၄၀၀ ကျပ်ရရှိရေး တင်ပြထားကြောင်း အမြင့်မြတ်ဆုံးအင်အား ယာဉ်လိုင်းကုမ္ပဏီ၏ ဥက္ကဌ ဦးမျိုးဝင်းက ပြောပါတယ်။
၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂၁ ရက်နေ့က စပြီးတော့ ရန်ကုန်မြို့တွင်းပြေးဆွဲနေသော YBS ခရီးသည်တင်ဘတ်စ်ကားလိုင်းများတွင် ငွေပေးချေစနစ်ဖြစ်သည့် YPS (Yangon Payment Services) ကို တပ်ဆင်ခဲ့ကြပြီး ယခုအခါ YPS ကတ်ပြန်လည်အသုံးပြုနိုင်ရန် YPS စက် တပ်ဆင်ထားသည့် YBS ယာဉ်တွေအားလုံးကို ကတ်စနစ်ဖြင့်ပြန်လည်အသုံးပြုနိုင်ရန် ကတ် အသုံးမပြုနိုင်သူများအတွက် အသုံးပြုနိုင်ရန် လုပ်ဆောင်နေကြောင်း သိရပါတယ်။