ထင်တာထက် ပိုပျက်လာတဲ့ ခေတ်နဲ့ စောရပြည်ထောင်စု သမ္မတ နိုင်ငံတော်

တို့ဗမာသာကီမျိုး

ကျွန်တော်၏ တစ်နေ့ လမ်းလျှောက်နှုန်းမှာ ၈ ကီလိုမီတာ (၅ မိုင်နီးပါး) ဖြစ်သည်။ ကိုဗစ်ဝေဒနာ မခံစားရမီ ရန်ကုန်တွင် နေစဉ်က ၆ ကီလိုမီတာခန့်လျှောက်သည်။ ယခု ကိုဗစ်ဝေဒနာ ခံစားပြီးချိန်တွင် တောရွာလေး တစ်ရွာ၌ နေထိုင်နေသည်ဖြစ်ရာ လမ်းလျှောက်၍လည်း ပိုကောင်းသည်နှင့် တစ်နေ့ ၅ မိုင်နှုန်းလောက်ကို တစ်ယောက်တည်း ကြိတ်နေရသည်။

၁၀ ကီလိုမီတာခန့်အထိ လျှောက်မည်ဆိုလျှင် လျှောက်နိုင်သော်လည်း လူပြတ်လျှင် စိတ်သိပ်မချရသောကြောင့် လူရှိသည့် တဲစုလေးတွေရှိသည့်နေရာလောက်အထိသာ လျှောက်ရ သည်။

ကျွန်တော် လျှောက်သည့်လမ်းတွင် တံတားတစ်ခုရှိသည်။ ထိုတံတား၏ လက်ရမ်းများမှ နှစ်ဖက်စလုံး တစ်လက်မခွဲ သံပိုက်လုံးများဖြင့် တည်ဆောက်ထားသည်။ ချောင်းကလေးက သေးသော်လည်း တံတားမှာ ကားကြီးတွေဖြတ်သဖြင့် အခိုင်အခန့် တည်ဆောက်ထားသည်။ ကျွန်တော်က ထိုတံတားကိုရောက်လျှင် လေ့ကျင့်ခန်း ၁၀ မိနစ်လုပ်သည်။ ပြီးလျှင် ဆက်လျှောက်သည်။

ယနေ့နံနက် ထိုတံတားသို့အရောက်တွင် မျက်စိထဲရှင်းနေသဖြင့် သေချာစွာကြည့်လိုက်ရာ တံတားလက်တန်း နှစ်တန်း ရှိသည့်အနက် အပေါ်တန်း သံပိုက်တွေ တစ်ခုမျှမရှိတော့။ သံပိုက်တွေကို ငုံထားသည့် ကျောက်ထုပ် ကိုလည်း ဖျက်ဆီးထားသည်ကို ချောင်းထဲတွင် တွေ့လိုက်ရသည်။

ကျောက်ထုပ်ကို ရိုက်ဖျက်ပြီး သံပိုက်လုံးတွေကို ခိုးသည်ဆိုစေ နေ့ခင်းတွင်တော့ မဖြစ်နိုင်။ ညအချိန်ကတည်းက လာပြီးခိုးသွားခြင်းဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် သံပိုက်ကို စွပ်ထားသည့် ဆော့ကက်တွေကို တော်ရုံလက်ဖြင့် မဖြုတ်နိုင်။

လူတွေက ခေတ်ပျက်၊ အကျင့်ပျက်၊ ဖျက်လိုဖျက်ဆီးစိတ်တွေ ပိုများလာသည်။ ရှာဖွေစားသောက်နိုင်သည့် အလုပ်တွေကလည်း ရှားလာသည်။ ရိုးသားစွာ ကြိုးစားရှာနိုင်သည့် အခွင့်အလမ်းတွေ ပိတ်လာသည့်အခါတွင် ခိုးစားပြီး အသက်မွေးရန် ဆုံးဖြတ်လာကြပုံပေါ်သည်။

ကျွန်တော်လျှောက်သည့် ကွန်ကရစ်လမ်းမကြီး တစ်နေရာတွင် လမ်းကပျက်စီးပြီး သံချောင်းတွေက ပေါ်နေ သည်။ ထိုးထိုးထောင်ထောင် ဖြစ်နေသော ထိုသံချောင်းတွေကိုလည်း ဖြတ်ပြီးတော့ ခိုးသွားသဖြင့် ချိုင့်ခွက်ကပိုနက်သည်။ ကားတွေ ဆိုင်ကယ်တွေက ရှောင်ပြီး မောင်းနှင်နေကြသည်။ ပြုသူမရှိ ဖျက်သူသာရှိသောခေတ်။

ရွာအပြင်တွင် ခြံကျယ်ကြီးတွေရှိသည်။ မည်သူတွေ ပိုင်ဆိုင်သည်တော့မသိ။ ခြံတွေကို ဝင်းထရံကြီးတွေ ခတ်ထားသည်။ မသေမီ မြေနေရာ ဦးထားသူတွေဟု ဆိုသည်။ လူလည်းမနေ၊ ကိုယ့်ခြံမည်သည့်နေရာတွင် ရှိမှန်းပင် မသိသူတွေက ထိုခြံကြီးတွေကို ပိုင်ဆိုင်ထားကြသည်ဟု ပတ်ဝန်းကျင်ကပြောကြသည်။

ထိုခြံကျယ်ကြီးတွေ၏ အုတ်နံရံတွင် မြှုပ်ထားပြီး အလှလုပ်ထားသော သံတံတိုင်းတွေလည်း တစ်ချပ်ပြီး တစ်ချပ် ဟာလာဟင်းလင်း ဖြစ်ကုန်သည်။ ရိုက်ဖြုတ်ပြီး သံတိုင်တွေကို အချပ်လိုက် ခိုးသွားခြင်းဖြစ်သည်။ ပိုဆိုးသည့် မြင်ကွင်းမှာ ခြံတံခါးကို အချပ်လိုက် ဖြုတ်ခိုးသွားခြင်းပင်။

သံတွေကပဲ ဈေးကောင်းသလား၊ စားစရာ မရှိသူတွေက ဖြတ်လမ်းနည်းဖြင့် သံတွေကို ငွေဖော်သလားတော့ မသိ။ နောက်ဆုံး သွပ်ဆူးကြိုးကာထားသည်ကိုပင် ဖြုတ်ခိုးကြသည်။ လူမနေသည့် အိမ်ကို အမိုးသွပ် တက်ဖြုတ်သွားသူတွေ။ အကာကိုခွာသွားသူတွေ၊ မီတာပုံး ဖြုတ်သွားသူတွေ၊ နောက်ဆုံး လျှပ်စစ်မီးပေးသည့် ဓာတ်အားပေးထရန်စဖော်မာမှ ကြိုးတွေကိုပင် ဖြုတ်ခိုးသွားသောကြောင့် မီးတစ်ရက်လောက် ပြတ်သွား ဖူးသည်။ မည်သို့ ကြိုးတွေကို ဖြတ်သည်တော့မသိ။

လူတွေကထင်ကြပေမည်။ တောဆိုတော့ အေးချမ်းသည်ပေါ့။ အေးချမ်းပါသည် သို့သော် သူခိုးပူသည်။ သူခိုးတွေက အဆင့်တက်လာလျှင် ဒါးပြတွေဖြစ်လာနိုင်သည်။ ရပ်ကွက်တွင် အုပ်ချုပ်ရေးကလည်း အုပ်ချုပ်ရေးမှူး ဆိုသူတွေပင် ရှောင်ပုန်းနေကြရသည်။ ရာထူးခန့်မည်ဆိုလျှင်လည်း ထွက်ပြေးနေကြသည်။ ယခင်ကဆိုလျှင် ထိုရာထူးအတွက်ကိုပင် မဲတွေနှင့် အပြိုင်ရွေးကောက်ခံကြသည့်ကာလကို မှတ်မိနေသည်။

ယခင်အုပ်ချုပ်ရေးမှူးဟောင်းတစ်ဦးနှင့် စကားဆုံရာတွင် “သူရဲကောင်းဘွဲ့လည်း မလိုချင်ပါဘူး … မိန်းမကိုလည်း မုဆိုးမအဖြစ်မခံနိုင်ဘူး” ဟု ရယ်မောကာပြောသည်။ သူလည်း အုပ်ချုပ်ရေးမှူး မလုပ်ချင်သောကြောင့် ရှောင်တိမ်းနေရသူဖြစ်သည်။

ခေတ်က ထင်တာထက် ပျက်လာသည်။ အကျင့်စာရိတ္တတွေလည်း ပျက်စီးလာသည်။ ငါ့ဝမ်းပူဆာ အစာရှာပြီး မနေသာသောကြောင့် ခိုးရ တိုက်ရတော့မည်ဆိုသည့် အနေအထားတွေကိုရောက်လာသည်။ လမ်းဘေးတွင် ကျီးကြည့် ကြောင်ကြည့် ရေသန့်ဘူးခွံတစ်ခွံ၊ ဘီယာဘူးခွံတစ်ခွံရရေး အပြေးအလွှားရှာနေကြသည့် ကလေးတွေ ပိုများလာသည်။

ယခင်က အနဲတို့သာ တောင်းတွေနှင့် “ဒန်ဝယ်တယ် … ကြေးဝယ်တယ် … သတ္ထုဝယ်တယ်” ဟု အော်သောနေရာတွင် ကိုယ့်မြန်မာ စုတ်စုတ် ပြတ်ပြတ်တွေက နေရာယူလာကြသည်။ အနဲတို့ကတော့ ဆိုင်တွေ တိုက်တွေ ကားတွေနှင့် ဖြစ်နေပြီ။ သူတို့ကို ဟိုခေတ်ကလို “ဘော်တယ်အနဲ” တွေဟု ခေါ်၍မရတော့။ ယခုခေတ်တွင် ထိုအနဲများက “ဘော်တယ်ဘော့စ်” တွေဖြစ်နေပြီ။

ကိုယ့်မြန်မာလူမျိုး သံတို သံစ ဝယ်လိုသူတွေကို လှည်းထုတ်ပေးသည်၊ ငွေထုတ်ပေးသည်။ “သံတိုသံစတွေ … သတင်းစာတွေ … ပုလင်းခွံတွေ … ဘီယာဘူးခွံတွေ …ရေသန့်ဘူးခွံတွေဝယ်တယ်” ဟု အော်သံကြားလိုက်လျှင် ထွက်ကြည့်စရာမလို။ တို့ဗမာ သာကီဝင်မျိုးတွေသာ ဖြစ်မည်မှာ မုချဧကန်။

တင်ညွန့်
၅.၂.၂၀၂၂

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page