ဒေါ်လာ၊ ရွှေ၊ ဘတ်ဈေး ထိန်းမရအောင် ထိုးတက် (မြန်မာပိုက်ဆံက စက္ကူအဆင့် ရောက်တော့မှာလား)

ပြည်တွင်းရွှေစျေးက ဒီနေ့ဩဂုတ်လ ၄ ရက်နေ့ မှာ အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်းနီးပါးအထိ ​ရှိလာပြီး အမေရိကန်ဒေါ်လာဈေးက တဒေါ်လာကို ၂၇၀၀ ကျပ်အထိ စျေးပေါက်လာတယ်လို့ သိရပါတယ်။

၁၆ ပဲရည် အခေါက်ရွှေစျေးက ၂၄သိန်း၇သောင်းကျော်အထိ စံချိန်တင်မြင့်တက်သွားမှုနဲ့အတူ ရွှေဆိုင်အများစုကတော့ အရောင်းအဝယ် ယာယီရပ်ထားတယ်လို့ သိရပြီး ၁၅ ပဲရည်အပြည့် ရွှေကိုသာ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။

ပြည်တွင်းစျေးကွက်မှာ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၂၇၀၀ အထိ စျေးပေါက်လာပြီလို့ ပြည်တွင်းငွေလဲဒိုင်တွေထံမှ သိရပါတယ်။ “ကမ္ဘာ့ရွှေစျေးလည်း တက်တယ်။ ဒီမှာက ဒေါ်လာစျေးလည်းတက်တော့ ရွှေစျေးရော ဒေါ်လာစျေးက ပြိုင်တက် သလိုဖြစ်တာ။ အရောင်းအဝယ် တော့ သူ့အဆက်နဲ့ သူပဲ ချိတ်ဆက်လုပ်ကြတယ်။ မနေ့က ကျနော်ပြောသလိုပါပဲ။ ဒီရက်ပိုင်းအတွင်းမှာ တစ်ဒေါ်လာ ၃၀၀၀ ကျပ်ကို ရောက်သွားပါလိမ့်မယ်။ အခု လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတာက နိုင်ငံရေးမကောင်းလို့ အဓိက ဖြစ်နေတာပါ။ စစ်တပ်က စီးပွားရေးကိုင်တွယ်မှု မမှန်တာနဲ့ နိုင်ငံရေး ဆိုးလာလို့ အဓိက ဒီလိုဖြစ်နေတာပါ” ဟု ရွှေစျေးကွက်နှင့်ဒေါ်လာစျေးကွက်ကျွမ်းကျင်သူတဦးက ပြောပါတယ်။

ထိုင်း – မြန်မာ ငွေကြေး ဈေးကွက်အတွင်းမှာတော့ မြန်မာကျပ်ငွေ တန်ဖိုးကျနေပြီး ထိုင်းဘတ်ငွေ တန်ဖိုးမြင့်တက်လာကာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၃) ကျပ်ဝန်းကျင်အထိ ဈေးပေါက်နေကြောင်း သိရပါတယ်။

ယနေ့ ဩဂုတ်လ (၄) ရက် နံနက်ပိုင်း ဈေးကွက်အတွင်း ပေါက်ဈေးအရ ထိုင်းဘတ်ငွေ ဈေးနှုန်းများအနေဖြင့် ကျပ်ပေးဘတ်ယူ ဈေးနှုန်းမှာ ထိုင်း‌ငွေ (၁) ဘတ်လျင် မြန်မာကျပ်ငွေ (၇၃) ကျပ်ဝန်းကျင် ဈေးပေါက်ပြီး ဘတ်ပေး ကျပ်ယူ ဈေးနှုန်းမှာ ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၇၁) ကျပ်ဖြစ်ကြောင်း ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှ ငွေလဲကောင်တာ ပိုင်ရှင်တဦးက ပြောပါတယ်။

ထိုင်းငွေ ဈေးနှုန်းမှာ ဈေးကွက်အတွင်း ပြီးခဲ့သည့် ဇူလိုင် လလယ်ပိုင်းက စတင်မြင့်တက်လာရာမှ ယခု ဩဂုတ် လ ဆန်းပိုင်းတွင် (၇၀) ကျော် အထိရောက်ရှိလာခြင်း ဖြစ်ပါတယ်။ ယခုလက်ရှိ ဈေးနှုန်းကွာဟမှု အရှိန်အရ မကြာမီရက် ပိုင်းအတွင်း ထိုင်းငွေ (၁) ဘတ်လျင် မြန်မာငွေ (၁၀၀) ကျပ်‌အထိ ရောက်လာနိုင်ချေရှိကြောင်း ငွေကြေးကျွမ်း ကျင်သူတဦးက ပြောပါတယ်။

ယခုကဲ့သို့ မြန်မာငွေ ဈေးနှုန်း စံချိန်တင်ကျဆင်းနေမှုကြောင့် ပြည်တွင်းအသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ကိုင်သူများနှင့် ထိုင်းမှာ ကုန်စည်တင်သွင်းသူများအ တွက် အထိနာမည့်အခြေအနေနှင့် ရင်ဆိုင်နေရပြီး သွင်း ကုန်လုပ်ငန်းအများစု ရပ်တန့်သွားနိုင်သည့်အခြေအနေမျိုးအထိရှိနေကြောင်း စီးပွားရေး ကျွမ်းကျင်သူများက သုံးသပ်နေကြပါတယ်။ မြန်မာ့စီးပွားရေး အဆုံးတိုင် ပြိုလဲသွားပြီး သီရိလင်္ကာ၊ ဇင်ဘာဘွေနဲ့ ဗင်နီဇွဲလားတို့လို့ ဖြစ်သွားနိုင်တယ်လို့လည်း ပညာရှင်တွေက မှတ်ချက်ပြုနေကြပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page