မြစ်ကြီးနားရှိ မိဘမဲ့ကျောင်းတွင် လာလှူသည့် ဒံပေါက်များ စားမိပြီး ကလေးများ မူးဝေအော့အန်မှု ဖြစ်ပွား
မြစ်ကြီးနားမြို့ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးကျောင်းတကျောင်းတွင် ကျောင်းသူ/သားများ မူးဝေအော့အန်မှု ဖြစ်ပွားပြီး မြစ်ကြီးနားဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရ ကြောင်း သိရပါတယ်။
ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် အလှူရှင်မိသားစုတစ်စုမှ ကလေးများ စားသောက်ရန် ကျောင်းသို့ ဒံပေါက်လာလှူဒါန်းခဲ့ပြီး အဆိုပါ ဒံပေါက်စား ပြီးနောက်ပိုင်း ကလေးများ စပြီးဖျားလာကြောင်း ကျောင်းနှင့် နီးစပ်သူတစ်ဦးက ပြောပါတယ်။
“ကလေးတွေက ပုံမှန်ထမင်းစားချိန် မနက် (၈) နာရီမှာ အလှူ ရှင်မိသားစု လှူထားတဲ့ ဒံပေါက်စားကြတယ်။ အဲဒါစားပြီး သိပ်မကြာဘူး၊ ကလေးနှစ်ယောက် သုံးယောက်လောက် စပြီးအန်လာတယ်။
ပုံမှန်ရိုးရိုးဖျားတာပဲထင်ပြီး မက်ခလောင်တွေခြစ်ပေးပြီး ဆေးတိုက်ထားသေးတယ်။ နောက်တော့ ဒံပေါက်စားတဲ့ ကျောင်းသားအားလုံးဖြစ်လာတယ်။ တချို့ကလေးတွေဆို လဲတောင်လဲကျ သွားတယ်။ အားလုံးပေါင်း (၅၂) ယောက် ဟုတ်တယ်။ အဲဒါနဲ့ အလောတကြီး မြစ်ကြီးနားဆေးရုံကြီးကို ပို့ဆောင်ကြတာပေါ့ “ဟု ဆိုပါတယ်။
အဆိုပါ မိဘမဲ့ကလေးပြုစုစောင့်ရှောက်ရေးကျောင်းတွင် ယခုကဲ့သို့သော ဖြစ်စဉ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး မူးဝေအော့န်တဲ့ ကလေးများ အားလုံး ဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေကြောင်းလည်း သိရပါတယ်။