လူသားတို့အတွက် အလွန်အရေးပါတဲ့ ပစ္စည်း (အလွန်ကောင်းတဲ့ စာတပုဒ်ပါ)
နယူးယောက်မြို့ရှိ မိုးမျှော် အဆောက်အဦး ပိုင်ရှင်တဦးသည် လစဉ်ကုန်ကျသော ဓာတ်လှေကား ပြုပြင်ခအတွက် စိတ်ဆင်းရဲနေရ သည်။ အကြောင်းမှာ မြင့်မားသော အဆောက်အအုံ ဖြစ်သောကြောင့် ခလုတ်နိုပ်တိုင်း ချက်ချင်း ရောက်မလာသော ဓာတ်လှေကား ကို လူအချို့က စိတ်မရှည်သဖြင့် ခလုတ်ကို ထပ်သလဲလဲနှိပ်ကြသော ကြောင့်ဖြစ်သည်။
ခလုတ်မီးလင်းနေသည်ကို တွေ့သော်လည်း တချို့လူများက တခြားလူ နှိပ်ပြီးဖြစ်သော်လည်း မိမိ၏ ထူးဆန်းသော လက်ညိုးနှင့် နှိပ်လိုက်ရမှ ဓာတ်လှေကား အမြန်ရောက် လာ မည်ဟု ထင်တတ်ကြသည်။ သတိပေး ကြော်ညာ စာများ ရေးကပ်ခဲ့ သော်လည်း အချည်းနှီးသာ ဖြစ်သည်။
နောက်ဆုံးတွင် အကြံဉာဏ်ပေးနိုင်သူအား ထိုက်တန်သောဆု ချီးမြှင့်မည်ဟု ပိုင်ရှင်က ကြော်ညာလိုက်သည်။ စိတ်ပညာရှင် တဦးက လှေကားရှေ့တွင် ကြည့်မှန်တချပ် တပ်ဆင်လိုက်မှ ပြဿနာမှာ ပြေလည်သွားခဲ့သည်။
အကြောင်းမှာ ဓာတ်လှေ ကား အသုံးပြုသူများက မိမိ၏ အလျှင်စလိုနိုင်သောရုပ်ကို မှန်ထဲတွင် တွေ့ရသောကြောင့်ဖြစ်သည်။ မှန်ထဲက ကိုယ့်ပုံကို ပြန်တွေ့မှ လူများက စည်းကမ်း သိမ်မွေ့သွားတတ်ကြသည်။ လူအုံကြားထဲ တိုးနေသူများပင် မှန်ရှေ့ရောက်လျှင် ယဉ်ကျေး ကုန်ကြ သည်။ စိတ်ရှည်ရှည်နှင့် လှေကားအလာ ကို စောင့်တတ်ကြသည်။ မှန်ကား ဤမျှ အစွမ်းထက်လှသည်။
တခါတရံ လူများက ကြည့်ရဆိုးသော အမှုအရာများကို တမင် လုပ်နေကြခြင်းမဟုတ်ပေ။ ထိုအမှုအရာများကို ကိုယ်တိုင် မတွေ့မြင်ရ၍သာ လုပ်မိကြခြင်းဖြစ်သည်။
လူအဖြစ် ဖန်ဆင်းလာစဉ်က အဘယ်ကြောင့် မျက်စိနှစ်လုံးကို တစ်နေရာစီခွဲပြီး တလုံးက တခြားလူကို ကြည့်ဖို့နှင့်ကျန်တလုံးက မိမိကိုယ့်ကို ကြည့်ဖို့အဖြင့် မဖန်ဆင်းခဲ့သနည်း။ ယခုအခါ မျက်လုံးနှစ်လုံးမှာ တခြားလူကို ကြည့်ရန် အတွက်ဖြစ်ပြီး အကယ်၍ မှန်သာ မရှိခဲ့လျှင် လူများက ကိုယ့်ပုံစံကို ကိုယ်သိနိုင်ကြမည် မထင်ပေ။
“ငါ (self referent)” ဆိုသော အသုံးနှုန်းသည် နောက်ကျမှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကလေးငယ် များသည် မှန်ထဲက ပုံရိပ်မှာ မိမိဖြစ် ကြောင်းကို (၂နှစ်)သား အရွယ်ရောက်မှ သိကြသည်။ လူဝံ မှလွဲ၍ အခြား မျောက်များက မှန်ထဲမှ ကိုယ့်ပုံရိပ်ကို မသိကြချေ။
စမ်းသပ်မှု တခုတွင် တိရစ္ဆာန် များကို မေ့ဆေး ပေးပြီး မျက်နှာကို အနီ မှတ်ဖြင့် ခြစ်လိုက်ကြသည်။ မေ့ဆေး ပြယ်သောအခါ မှန်ထဲက မိမိပုံကို ကြည့်စေ ခဲ့သည်။ လူဝံက မှန်ကြည့်ပြီး ကိုယ့်မျက်နှာကို ပွတ်သပ် တတ်သည်မှ လွဲ၍ အခြား အကောင်များက မိမိပုံရိပ်ကို မသိကြချေ။
ဤစမ်းသပ်မှုကို ကြည့်ခြင်း အားဖြင့် မှန်ထဲက မိမိပုံရိပ်ကို သိနိုင်ရန် မှတ်ဉာဏ် အရည် အချင်း မြင့်မား ရမည် ဖြစ်ကြောင်း သိရသည်။
ပို၍ စိတ်၀င်စားစရာကောင်းသော စမ်းသပ်မှုတခုက မျိုးမတူသော ဥမှပေါက်ဖွားလာသော ငှက်ကလေးများ မိမိ၏မျိုးရိုးကို သိနိုင် မသိနိုင်ခြင်းပင်ဖြစ်သည်။ ပညာရှင်များက ကျွဲဇရက် (cowbird,starling) ဟုခေါ်သော ငှက်ဥကို စာကလေးသိုက်ထဲ ထည့်ထား ခဲ့သည်။
ဥမှ အကောင်ပေါက်သော် ကျွဲဇရက်က မိမိကိုယ်ကို စာကလေးဟု မထင်ခဲ့သည့်အပြင် မျိုးတူငှက်များနှင့်သာ မိတ်လိုက် ခဲ့သည်။ မိမိကိုယ်ကို စာကလေး မဟုတ်မှန်းမည်သို့ ခွဲခြား သိနိုင်ခဲ့သနည်း
Cornell University ရှိ စမ်းသပ်မှုတခုမှာ ဥမှပေါက်စ ကျွဲဇရက်အားအခြားငှက်များနှင့် ခွဲမွေးခဲ့သည်။ ထို့နောက် ငှက်တချို့၏ အမွေးများအား အရောင်ဆိုးပေးပြီး ကျန်ငှက်များကို နဂိုအတိုင်းရှိစေသည်။ ခွဲမွေးထားသော ငှက်ကလေး (၂) လပြည့်သောအခါ အရောင်ဆိုးထားသော ငှက်နှင့် မဆိုးထားသောငှက်များကြား လွတ်ပေးလိုက်သည်။
ခွဲမွေးခံရသော ငှက်မှာ မိမိနှင့်အရောင်တူသည့် ငှက်နှင့်သာနေကြောင်း တွေ့ခဲ့ရသည်။ စမ်းသပ်မှုကိုကြည့်ခြင်းအားဖြင့် ငှက်မှာ မိမိ၏ အကျင့်နှင့် စရိုက်ကို ခွဲခြားသိမြင်နိုင်စွမ်း ရှိခဲ့သည်။ ဦးနှောက်ထဲရှိ ပုံစံပြား (template) က အခြားငှက်များနှင့် မိမိကိုယ့်ကို နှိုင်းယှဉ် ကြည့်နိုင်ခဲ့သည်။ ထို့ကြောင့် “မျိုးတူချင်းစု” ဆိုသော အရာများ ပေါ်ပေါက်လာခဲ့သည်။
ဤစမ်းသပ်မှုမှာ အလွန်အရေးပါသည်။ တိရိစ္ဆာန်များက မိမိ၏ အကျင့်စရိုက်နှင့်ကိုယ့်ကို သိမြင်နိုင်စွမ်းရှိ သည်။ လူဖြစ်သော ကျွန်တော် တို့မှာမူ မျက်လုံး နှစ်လုံးစလုံးကို တခြားလူ၏ မျက်ချေးကိုသာ ကြည့်ရန်ထားပြီးကိုယ့်မျက်ချေးကို မမြင်တတ်ခဲ့ကြပေ။
သို့သော် ထိုအားနည်းချက်ကို မှန်ကဖြည့်ပေးခဲ့သည်။ အလွယ်ဆုံး ဥပမာတစ်ခုမှာ အိမ်ရှင်၏ ခက်ထန်သော မျက်နှာကိုတွေ့မှ ရိုသေ သိမ်မွေ့သွားတတ်သော အိမ်စေကဲ့သို့ပင်။ မှန်သည်လူသားတို့အတွက် အလွန်အရေးပါသော ပစ္စည်းတခုဟုဆိုလျှင် မှားလိမ့်မည် မထင်ပေ။
မူရင်းရေးသားသူအား လေးစားမှုဖြင့်