ညောင်ပင်ခုတ်ဖို့ ခေါ်ထားတယ်ဆိုပြီး တိုက်ခန်းတွေကို တံခါးလာခေါက်တဲ့ လူလိမ်တွေကို သတိထားကြပါ
ရန်ကုန်က တိုက်ခန်းတွေကို တံခါးလိုက်ခေါက်ပြီး ညောင်ပင်ခုတ်ဖို့ ခေါ်ထားပါတယ်လို့ ပြောတဲ့ လူတွေကို သတိထားကြပါ။
တံခါးလုံးဝ မဖွင့်ပေးပါနဲ့။ တယောက်ထဲ ရှိတဲ့အိမ်ဆို လုယက်သွားနိုင်ပါတယ်။ တိုက်ခန်းနေသူများ လှေကား တံခါးကို သော့ခတ်ထားတာ အကောင်းဆုံးပါပဲ။
တိုက်ခန်းများတဲ့ ရန်ကုန် စမ်းချောင်း၊ လှိုင်နဲ့ ကမာရွတ်မြို့တွေမှာ ယခုတလော ဒီလို လုပ်တဲ့သူတွေ များလာတယ်လို့ သိရပါတယ်။ အရင်တုန်းက အဲဒီလို လိုက်လိမ်နေတဲ့ သူတွေ အများအပြား ရှိခဲ့ပြီး ယခုအခါမှာတော့ အဲဒီလို လူတွေ ပြန်ပေါ်လာတာ ဖြစ်ပါတယ်။
စမ်းချောင်းမှာ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်တခုကို ဖော်ပြလိုက်ပါတယ်-
မြင့်မိုရ်လမ်းကပါ နှစ်ရက်ဆက်တိုက်ရှိပါပြီ။ လူ ၂ ယောက် တံခါးလာခေါက်ပီး ညောင်ပင်ခုတ်ဖို့ ခေါ်ထားတယ်ဆိုပြီး အတင်း တံခါးတွေ ခေါက် ဘဲလ်တီးနဲ့ လုပ်နေတာပါ။
နေ့ခင်းပိုင်းဆို အိမ်မှာက အမျိုးသမီးတစ်ယောက်ပဲ ကျန်နေတော့ စိတ်မချ ဖြစ်နေရပါတယ် ကိုယ့်အိမ်ကိုယ်နေပြီး ကြောက်နေရပါတယ်။
အရင်က အောက်က လှေကားတံခါးကို ညကျမှ ပိတ်တာပါ။ ခုတော့ နေ့ခင်းလဲပိတ်ထားရမလို ဖြစ်နေပြီ။ နေတာက ၇ လွှာပါ။