ပင်လယ်ထဲမှာ ထူးဆန်းတဲ့ နည်းလမ်းနဲ့ နတ်ရွာစံခဲ့တဲ့ မြန်မာ့ရာဇဝင်ထဲက ဘုရင်မင်းကြီး

ပင်လယ်ထဲတွင် ကြမ္မာ ကုန်ခဲ့သည့် တစ်ပါးတည်းသော မင်းကြီး (သို့မဟုတ်) ပင်လယ်ထဲတွင် အသက်ဆုံးခဲ့ရ သော… “ဒွတ္တပေါင်မင်းကြီး”

မြန်မာ့ရာဇဝင်တစ်လျှောက်ကို ပြန်ကြည့်ရင် အုပ်စိုးသူ ရှင်ဘုရင်တွေဟာ သွေးရိုးသားရိုး နတ်ရွာ စံကြရတာ ဖြစ်စေ၊ ညီနောင်သွေးသားများက လုပ်ကြံလို့ နတ်ရွာ စံကြရတာဖြစ်စေ၊ တစ်နည်းနည်း နဲ့ ကြမ္မာကုန်ကြပါတယ်။

ဒါပေမယ့် ပင်လယ်ထဲမှာ ကွယ်လွန်ခဲ့တဲ့ ဘုရင်ကတော့ ထူးထူးခြားခြား တစ်ပါးတည်း ဖြစ်ပါတယ်။ သူ့အကြောင်း ကို စာစီပြရရင်တော့

သရေခေတ္တရာပြည်ကြီးကို လက်မွန်မဆွ တည်ထောင် ကျယ်ပြန့်စေခဲ့သော ဒွတ္တပေါင်မင်းကြီး သည် တန်ခိုး အင်အားနှင့် လွန်စွာ ပြည့်စုံသည်ဆို၏။

ရာဇဝင်ကျမ်းများအလိုအရ ထိုမင်းကြီးထံတွင် သိကြားမင်း ဆက်သသော အရိန္ဒမာလှံ၊ သီလဝံသဓါး၊ ဆင်ဖြူဆဒ္ဒန်၊ ၀လာဟက နတ်မြင်း တို့ ရှိသည့် အပြင် လွန်စွာအားကိုးရသော ပဥ္ဇင်းဖြူ၊ နှင့် ပဥ္ဇင်းညို ဟူသော ပညာရှိ နှစ်ဦး၊ ငနီပါး နှင့် ငရဲကျား ဟူသော ဗိုလ်မင်းနှစ်ဦး တို့ကလည်း ခစားခဲ့ကြသည်ဆို၏။

မင်းကြီးသည် တရာ့တပါးသော ထီးဆောင်းမင်းတို့ ၏ အရှင်သခင် ဖြစ်သည့်အားလျော်စွာ သူ့ထံသို့ အပြည်ပြည်မှ လစဉ်လတိုင်း အခွန်တော်ငွေ ဆက်သ ရလေ၏။ အခွန်တော်ငွေ ဆင့်ဆိုရာတွင်လည်း လူကိုယ်တိုင် သွားစရာ မလိုပေ။

မင်းကြီးကိုယ်တိုင် အနီးရှိ တောင်တစ်တောင်၏ ထိပ်သို့ တက်ကာ အရိန္ဒမာလှံကို လွှင့်ပစ်လိုက်သည်နှင့် ထိုလှံ သည် အခွန်ဆက်ရမည့် မင်းထံ တိုက်ရိုက်သွားရောက် ကာ ဦးခေါင်းနားမှာ တဝဲဝဲနှင့် သွားရောက်တောင်းခံ ပေးသည် ဟုဆို၏။ (ထိုတောင်ကို ယနေ့တိုင်အောင် လှံထိုးတောင် ဟု ခေါ်တွင်လျက်ရှိသည်။)

မင်းကြီးထံတွင် ခေါင်းလောင်းကြီး တစ်လုံးလည်း ရှိပြီး ထိုခေါင်းလောင်းကို တီးပါက အကျင့်ပျက်ပြား နေသော လက်အောက်ခံမင်း၏ နားအနီးတွင် ကပ်၍ တီးသကဲ့သို့ ခံစားရပြီး “သစ္စာတော်ကိုမသွေဖီပါ” ဟု သရေခေတ္တရာ တိုင်းပြည်ဘက်သို့ လက်အုပ်ချီ၍ ပြောမှ သက်သာရာ ရသည် ဆို၏။

မင်းကြီးသည် လောကဓံတရား များစွာကို ကြုံတွေ့ခဲ့ရ လေသည်။ ပန်ထွာဘုရင်မကို သိမ်းပိုက်ရာမှ ဘုရင်မ၏ ဘုန်းတန်ခိုး နိမ့်အောင် လုပ်ကြံခြင်းကို ခံခဲ့ရသလို လက်အောက်ခံများ၏ ပုန်ကန်မှုများကိုလည်း ပင်ပန်း ကြီးစွာ နှိမ်နင်းခဲ့ရသည်။

သက်တော် တစ်ရာ့ငါးနှစ် သို့ရောက်သည့်အခါ သတိ များလည်း ယိုယွင်းလာခဲ့ပြီး ဆုံးဖြတ်ချက် အမှားများကို ချမိတော့သည်။

မုန့်သည်မ တစ်ဦးက သာသနာ့မြေအဖြစ် လှူဒါန်းထား သော လယ်ယာမြေကိစ္စနှင့်ပတ်သက်၍ အနီးရှိလယ်ရှင် နှင့် စကားများကြရာ ပြီးလွယ် စီးလွယ် သဘောမျိုးဖြင့် ထိုလယ်မြေကို မိမိပိုင် အဖြစ် သိမ်းယူခဲ့လေသည်။

ထိုအခါတွင် ဘုန်းတန်ခိုးများ မရှိတော့ဘဲ နတ်မြင်း၊ နတ်ဆင်တို့ပါ ကွယ်ပျောက်ကာ လှံ၊ဓါးများသည်လည်း အရောင် မလင်းတော့ချေ။

ရဟန္တာများကို တင်လျှောက်မေးမြန်းသည့်အခါ “ရတနာသုံးပါးနှင့် ဆက်နွယ်နေသော အရာများကို ထိပါးမိသော သူသည် အဆိပ်ပြင်းသောမြွေကို ထိပါးမိ သကဲ့သို့ လက်ငင်းဒိဌ အကျိုးခံစားရသည်”ဟုပြန်လည် မိန့်ကြားကြလေ၏။

မင်းကြီးသည် လယ်မြေများကို သာသနာပိုင် အဖြစ် ပြန်လည် လှူဒါန်းခဲ့သည်။ သို့သော် ဘုန်းတန်ခိုးများ ကတော့ အရင်လို ပြန်လည် မရရှိတော့ချေ။

ယခင်က လှံထိုးတောင် အပေါ်တက်၍ ထိုးလျှင် ဝီကနဲ ပျံတက်သွားသော အရိန္ဒမာလှံသည် ယခုအခါ တောင် အောက်သို့သာ ပြုတ်ကျတော့သည်။ ခေါင်းလောင်းသံ မှာလည်း မကျယ်လောင်တော့ချေ။

ထိုအခါ လက်အောက်ခံမင်းများက ပမာမခန့်ပြု ကြကာ အခွန် မဆက်တော့ချေ။ မင်းကြီးသည် ပဥ္ဇင်းဖြူ နှင့် ပဥ္ဇင်းညိုတို့ကို အခွန် ကောက်ခံရန် စေလွှတ်ခဲ့သည်။

အခွန်တော်များ ရလာခဲ့သော်လည်း ကြာလာသည့်အခါ ထိုပညာရှိနှစ်ဦးကို မယုံကြည်သဖြင့် “နင်တို့နှစ်ဦး ငါ့ ရှေ့မှောက်တွင် လက်ဝှေ့ထိုးကြစေ” ဟု မိန့်ကြားရာ အလုံးတူ အရပ်တူ သူတော်ကောင်း နှစ်ဦးတို့မှာ အပြန်အလှန် ထိုးကြရင်း နောက်ဆုံး တွင် နှစ်ယောက်လုံး အမောဆို့၍ သေကြလေ၏။

အခွန်ကောက်ခံသူ နှစ်ဦးမရှိတော့သည့်အခါ မင်းကြီး သည် နီပါးနှင့် ရဲကျားတို့နှင့်အတူ နဂါးကြေးလှေတော် ကြီးကို စီး၍ ပင်လယ်ကိုဖြတ်ကာ တစ်ရာ့တစ်ပါးသော မင်းတို့ထံ ကိုယ်တော်တိုင် အခွန်ထွက်၍ ကောက်ရ လေ၏။

သက်တော်ကြီးရင့်နေပြီဖြစ်၍ ပင်လယ်ကိုဖြတ်နေစဉ် သတိလက်လွတ်ဖြစ်ကာ ကွမ်းသွေးကို ထွေးအင်တွင် မထွေးမိဘဲ ပင်လယ်ထဲသို့ ထွေးချမိခဲ့လေ၏။

မင်းကြီး ဘုန်းတန်ခိုး ကြီးမားနေစဉ်အခါက သူ၏ ကွမ်းသွေးသည် ပင်လယ်အောက်ရှိ နဂါးတို့ကို မျက်လုံးများ နီရဲစေတတ်သဖြင့် နဂါးမင်းကြီး ကိုယ်တိုင် က ရွှေထွေးအင်များ လာရောက်ပြီး ဆက်သထားကြရ လေသည်။

ယခု ဘုန်းကံနိမ့်ပါးနေသည့်တိုင် ကွမ်းသွေးကမူ ပြင်းမြဲ ပြင်းလျှက်ရှိနေသေးသည်။ ထို့ကြောင့် ပင်လယ်ထဲရှိ နဂါးထီး၊ နဂါးမ၊ နဂါးငယ်လေးများ အားလုံး၏ မျက်စိများ နီမြန်းကုန်ကြလေရာ နဂါးမင်းကြီးသည် လွန်စွာဒေါသ ထွက်လျက်

-“ဒွတ္တပေါင်မင်းကြီးဟာ ငါတို့ကို သက်သက်မဲ့ရန်စသည့် သဘောမျိုးသာ ဖြစ်ချေပြီ။ အခုချက်ချင်း ထိုမင်းကြီးနှင့် တကွ လှေတော်ကိုပါ နဂါးပြည်သို့ ဆောင်ယူကြစေ”ဟု နဂါးစစ်သည်များကို အမိန့် ပေးလေ၏။

ထိုအခါ နဂါးအပေါင်းတို့လည်း အုန်းအုန်းကြွက်ကြွက် ဖြင့် ဒွတ္တပေါင်မင်းကြီး၏ လှေတော်ကြီးကို ဝင်ရောက်၍ စီးနင်းကာ မင်းကြီးနှင့်တကွ လှေတော်ကြီးကို ပင်လယ် ထဲသို့ ဆွဲယူနှစ်မြုပ်လိုက်ကြလေတော့သတည်း။

(ဒွတ္တပေါင်မင်းကြီးကို နဂါးပြည်မှာ နဂါးတွေက ဘာတွေ ဆက်လုပ်ကြသလဲတော့ မသိပါ။ ဒီဇာတ်ကြောင်းကို ပြောပြရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ ရတနာသုံးပါး ကို ထိပါးရင် ဘုန်းကံကြီးတဲ့ မင်းဧကရာဇ်ပင် ဖြစ်ပါစေ ဒုက္ခရောက်တတ်တယ် ဆိုတာရယ်၊ မြန်မာလူမျိုးတွေ ဟာ ဟိုးပဝေသဏီထဲက ကွမ်းစားခဲ့ကြတယ် ဆိုတာ ရယ်ကို အဓိက ထင်ဟပ်စေချင်လို့ရယ်ပါ။ )

ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။

ThawZinAung

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page