ဦးနေဝင်း အာဏာရူးခဲ့သမျှနဲ့ အထီးကျန် ဘဝနေဝင်ချိန် အကြောင်း
စစ်အာဏာရှင်ဦးနေဝင်း သေဆုံးသွားတာ ဒီဇင်ဘာ ၅ ရက်နေ့က ၁၉ နှစ် ပြည့်သွားပါပြီ။ အများမြင်ကွင်းမှာ ဦးနေဝင်းပေါ်လာတာ ၂၀၀၁ မတ်လ ၂၁ နေ့က နောက်ဆုံးပါ။
ဘဝတစ်လျှောက် ၉ ဂဏန်းကြိုက်တဲ့ ဦးနေဝင်းဟာ အဲ့ဒီနေ့ကဘုန်းကြီး ၉၉ ပါး ဆွမ်းကျွေးဖိတ်ပြီး လူပရိတ်သတ် ၅၀၄ ယောက် ဆွမ်းကျွေးပွဲ တက်ရောက်ခဲ့ပါတယ်။
၁၉၇၄ နှစ်မှာ ဗိုလ်နေဝင်း စိတ်ကြိုက်ရေးဆွဲထားတဲ့ ခြေဥ နဲ့ မဆလ (မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ) ဆိုပြီးတပါတီ အာဏာရှင်စနစ်နဲ့တိုင်းပြည်ကို ဗိုလ်နေဝင်းဟာ မဆလပါတီဥက္ကဋ္ဌကြီးအနေနဲ့ ထပ်အုပ်ချူပ်ခဲ့ပြန်တယ်။
အရေးတော်ပုံအရှိန်မြင့်လာတဲ့ ၁၉၈၈ ဇူလိုင် ၂၃ မှာ အာဏာရှင်ဦးနေဝင်းက ကျိုက္ကဆံကွင်းမှာ ကျင်းပတဲ့ မဆလအရေးပေါ်ပါတီ ညီလာခံမှာ “စစ်သားဆိုတာ ပစ်ရင်တည့်တည့် ပစ်တယ်။ မိုးပေါ်ထောင်ပစ်တာ မပါဘူး” “စစ်တပ်ကို သုံးရင် ဆူဆူပူပူ လုပ်တဲ့သူတွေ မသက်သာဘူးမှတ်” ဆိုပြီး စစ်အာဏာရှင်တယောက်ရဲ့ သရုပ်မှန်ကို ပြည်သူကို သမိုင်းဝင်ဖွင့်ချပြခဲ့ပါတယ်။
မဆလပါတီဥက္က အာဏာရှင်ဦးနေဝင်းဟာ ကာချူပ်(ကြည်း) ဗိုလ်ချူပ်ကြီးစောမောင်ကို စစ်အာဏာသိမ်းဖို့မျက်ရိပ်ပြပြီး မဆလပါတီဥက္ကဋ္ဌ ရာထူးကနေ ရှောင်ပေးလိုက်တယ်လို့ အငြင်းပွားနေတဲ့ သမိုင်းစာမျက်နာအချို့မှာ တွေ့ရတယ်။
ဦးနေဝင်းခန့် နဝတ ဥက္ကဋ္ဌ ဗိုလ်စောမောင်နဲ့ စာဖတ်သူကြီးတို့ရဲ့ ဇာတ်တူသားစားတခန်းရပ်ပြဇတ်ရဲ့ အမြင့်ဆုံးဇတ်ကွက်ကို ပြည်သူတွေ ဘယ်သူမှ အမှန်အတိုင်း မသိရအောင် ခုထိအမှောင်ချထားပါတယ်။
အရင်တုံးက တီဗွီမရှိမပေါ်သေးတော့ သတင်းပလင်းသိချင်ရင် သတင်းစာပဲ ကြည့်ရတယ်။ လုပ်သား၊ ကြေးမုံ၊မြန်မာ့အလင်း ၊ဟံသာဝတီ သတင်းစာတွေရှိတယ်။ ဘိုလိုနည်းနည်းပါးပါး ရရင် ပြန်ကြားရေးက အင်္ဂလိပ်လိုထုတ်တဲ့ ဂါးဒီးယန်း သတင်းစာဖတ်လို့ရတယ်။
သတင်းစာထဲ တခါတလေ ဗိုလ်နေဝင်းပုံပါတတ်တယ်။ အရပ်မြင့်မြင့်လူထွားကြီး၊ သက္ကလပ်ဦးထုတ်ဆောင်းပြီး ကင်မရာ လွယ်ထားတတ်တယ်။ စစ်အာဏာရှင် ဗိုလ်နေဝင်းဟာ နဖူးပြောင်ပြောင် ပါဝါမျက်မှန်နဲ့ ဩဇာတိက္ကမကြီးမားပြီးအကင်းပါတဲ့လူကြီးတစ်ယောက်မှန်း မပြောပဲသိသားတယ်။
အိမ်နီးချင်းသမ္မတ ဝန်ကြီးချူပ်တွေနဲ့ တွဲရိုက်ထားတဲ့ပုံတွေဆိုရင် ဗိုလ်နေဝင်းက အမြဲခေါင်းတစ်လုံးမြင့်နေတတ်တယ်။ အစိုးရရုံးတွေမှာ ကျွန်ုပ်တို့ ယုံကြည်ချက်ဆိုင်းဘုတ်ကြီးနဲ့ ဗိုလ်နေဝင်း ဓါတ်ပုံအကြီးကြီးရှိပြီး အာဏာရှင်ဦးနေဝင်း ဟာ ၁၉၆၂ ခုနှစ်ကနေ ၁၉၈၈ အထိ မြန်မာနိုင်ငံကို အုပ်ချူပ်ခဲ့ပါတယ်။
စစ်အာဏာရှင် ဦးနေဝင်းဟာ ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်း မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီကို တည်ထောင်ပြီး မြန်မာနိုင်ငံကို ကမ္ဘာကြီးနဲ့ အဆက်ဖြတ် အထီးကျန်တိုင်းပြည် ဖြစ်အောင် လုပ်ခဲ့တယ်။ ဒါပေမယ့်သူ့မိသားစုက ပုံမှန်နိုင်ငံခြားခရီးထွက်လေ့ရှိတယ်။
နိုင်ငံ့စီးပွားရေးလုပ်ငန်းတွေကို ပြည်သူပိုင်သိမ်းတယ်ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ဖျက်စီးပစ်လိုက်တယ်။ နိုင်ငံရပ်ခြားကျွမ်းကျင်သူတွေကို မြန်မာပြည်ကနေ မောင်းထုတ်ပစ်ခဲ့တယ်။
မြန်မာသမ္မတ ရာထူးကို ၁၉၇၄ ကနေ ၁၉၈၁ အထိယူခဲ့ပြီး နောက်ပိုင်း မဆလပါတီဥက္ကကြီးရာထူးနဲ့ သမ္မတအပေါ်မှာ ဆက်နေ ခဲ့တယ်။ အကျိုးဆက်ကက မ္ဘာ့အဆင်းရဲအနှိမ့်ကျဆုံးနိုင်ငံစာရင်းထဲ မြန်မာနိုင်ငံရောက်သွားပါတယ်။
ဗေဒင်နက္ခတ်ဆရာတွေရဲ့အကြံဥာဏ် အစောင့်အရှောက်နဲ့ အကြံပြုချက်အတိုင်း တိုင်းပြည်ကို အုပ်ချူပ်ခဲ့တယ် ဆိုပါတယ်။ ဂျပန်ဓါးပေါ်လက်တင်ပြီး ဗိုလ်ချူပ်အောင်ဆန်းကို စကားမာမာနဲ့ ပြန်ခံပြောခဲ့တာ ရဲဘော်
သုံးကျိပ်ထဲမှာ ဗိုလ်နေဝင်းတယောက်ပဲ ရှိမယ်ထင်ပါတယ်။
ကိုယ့်အထက်က စီနီယာတွေကို ဖြည်းဖြည်းခြင်း ရှင်းထုတ်ပြီး အာဏာခုံပေါ်တက်ထိုင်နိုင်ခဲ့တဲ့ စစ်အာဏာရှင်ဦးနေဝင်းဟာ တရားဝင် မိန်းမ ၄-၅ ယောက် ယူခဲ့ပါတယ်။
သမိုင်းစာမျက်နှာအချို့မှာ ဦးနေဝင်းကို ကျောက်ခဲဦးဏှောက်နဲ့ သံလက်သီး သရုပ်ဖေါ်ထားတာရှိပါတယ်။
အကျယ်ချူပ်ခံထားရတဲ့ အာဏာရှင်ဦးနေဝင်း ဟာ ၂၀၀၂ ခုနှစ် ဒီဇင်ဘာ ၅ ရက်နေ့မှာကွယ်လွန်ခဲ့တယ်။ စစ်အာဏာရှင်ဦးနေဝင်းရဲ့ အသုဘအခမ်းအနားကို သိုသိုသိပ်သိပ် အသံမထွက်စေပဲ ကျင်းပခဲ့ပြီး စစ်သင်္ဘောတစင်းပေါ်ကနေ ဦးနေဝင်းအရိုးပြာကို လှိုင်မြစ်ထဲ ညနေစောင်း နေဝင်ချိန်မှာ ကြဲချခဲ့တယ်။
လွင်ဦး(ရန်ကင်း)