စုဖုရားလတ်၊ နပိုလီယံ၊ ဆူလ်တန်ဘုရင်နဲ့ အာဏာရှင်တွေ လက်အောက်က ဟာသမဟုတ်တဲ့ ဘဝများ
စုဖုရားလတ် နဲ့ အပျိုတော်တွေ တူတူပုန်း။ ရှာရသူအပျိုတော်ခမျှာ ပုန်းနေသူစုကို မြင်ပါလျှက် မမြင်ယောင်ပြုဆက်ရှာရသတဲ့။ ဒါမှ စုကပျော်မှာတဲ့။စိတ်လှုပ်ရှားမှာတဲ့။
စုပုန်းနေတာကို မြင်နေပြီ၊တွေ့နေပြီ အော်ရင် ပုန်းရတဲ့စု မပျော်တော့ဘူးတဲ့။ ရှာတွေ့သူ အပျိုတော်ကိုလည်း မျက်မုန်းကျိုးပါသတဲ့။ အပျိုတော်တွေဆိုတာလည်း ခေသူမှမဟုတ်တာ။ ဘုရင်တွေ သောက်ကျင့်သိနေတော့ မြင်နေလည်း မသိဘူး၊မမြင်ဘူး၊ အရှင်မ ပုန်းတာတော်လိုက်တာ ဆိုပြီ ဗြောင်လိမ် ဆက်ရှာဟန်ပြကြတာပေါ့။
ဒုတိယဇာတ်ကွက်က နပိုလီယံဘုရင်။ တစ်ခါတော့ မြို့စားတစ်ယောက်ဆီ နပိုလီယံ အလည်သွား။ ရောက်တုန်းရောက်ခိုက် တောကစားမယ်၊ တောဝက်လိုက်မယ် လို့ နပိုလီယံမိန့်။
မြို့စားလည်း ရတယ်၊ ဖြစ်ရစေမယ် ပြန်ဖြေ။ အမှန်တော့ တောမှာ တောဝက်တွေမျိုးတုံးတာ ကြာပြီ။တောဝက်က မရှိတော့ဘူး။သို့ပေမဲ့ ဘုရင့်အနားနေတာဆိုတော့ သိကြတဲ့အတိုင်း၊ ဘုရင်စိတ်တော်ကြည်အောင် ဖန်တီးရတာကိုး။
တာဝန်ခံမြို့စားက အိမ်ဝက်တွေကို တောထဲကြိုလွှတ်ထား။ ဘုရင်ကြီးအပျော်ကြီးပျော်၊ တောဝက်လိုက်ပေါ့။ ဝက်တွေ သေနတ်မှန်။ဘုရင့်အနီးအပါးလူက ဘုရင်ကို တိုးတိုးပြော။ဒါအိမ်ဝက်တွေဗျ။ ဘုရင်ကြီးဒေါပွ၊မြို့စားငါ့ကို ဂျင်းထည့်ပြီ။
သို့ပေမဲ့ဘုရင်ကြီး ပြသနာမရှာနိုင်။ ဘုရင်တန်မဲ့ ဤတောမှာတောဝက်ရှိ မရှိ မသိဘူး လား။အိမ်ဝက်မှန်း တောဝက်မှန်းမသိဘူးလား ဆိုပြီး ပြသနာမြှားဦးက သူ့ဘက်ပြန်လှည့်မှာမို့။ ဒါနဲ့ ဂျင်းကြီးငုံပြီး နှုတ်ပိတ်နေရ။ ထားပါ ဒါက နောက်ကိစ္စ။
ကျနော်ဦးတည်တာက ဘုရင့်အပါးနေတယ်ဆို တာ ဘုရင့်စိတ်အလိုလိုက်နေရတာ၊ ဆန့်ကျင်ပြီး မှန်ကန်ဖြောင့်မတ်မပြရဲဘူး။ ဒါကိုဦးတည်တာပါ။ နောက်ဟာသဇာတ်ကွက်တစ်ခုက။ တူရကီမှ စူလတန်ဘုရင်အဖြစ်။
အဲဘုရင်တွေကလည်း အာဏာစက်ပြင်းသတဲ့။ ဘုရင်နဲ့သူ့ရဲမက်၊ မင်းချင်းတွေ မြင်းစီးပြီး တောကစားလည်။ ဘုရင်မောပြီဆို ရဲမက်တွေ လည်း ဘုရင်နဲ့အတူလိုက် မောပြရတာတဲ့။ ဘုရင်မြင်းပေါ်က ပြုတ်ကျပြီဆိုလည်း ရဲမက်တွေအသီးသီးကလည်း သူတို့မြင်းပေါ်က လိုက်ပြုတ်ကျ ပြရသတဲ့။
ဘုရင်က ခွေးကျ ကျ နေပြီ၊အလိုက်မသိတဲ့ ရဲမက်တစ်ကောင်က မြင်းပေါ်မှာ ငုပ်တုတ်ကြီးရှိနေရင် ခွေးသူခိုးက ဘာလဲ။ငါကိုယ်တော်ကို လှောင်တာလား။ ငါကိုယ်တော်ထက် မင်းကပိုသန်မာနေတာလား။ ငါ့ထီးနန်းကိုလုဖို့ ကြံတာလားကွဆိုပြီး ဘယ်ကဘယ်လိုပုဒ်မကြီးတပ်ပြီး ကြိုးကွင်းစွပ် ခံလိုက်ရမှန်း သိမှာတောင်မဟုတ်ဘူး။
အဲတော့လည်း အသက်ဓာတ်မီးလေး လင်းနေချင် သေးရင် ဘုရင်မျက်ခွက်အမြဲကြည့်ပြီး၊ သူ့ထက် သာဟန်မပြ၊သူ့အလိုလိုက်ပြမှ ဘဝအမှောင်ကြီး ကျရောက်မလာမှာကို။
အမှန်လည်း အာဏာရှင်စနစ်အောက်နေထိုင်ရ တယ်ဆိုတာ ပြင်ပကမ္ဘာကြီးကိုကျောခိုင်း၊ မှန်ခြင်းမှားခြင်း ၊သဘာဝကျခြင်း မကျခြင်းကို ဥပေက္ခာပြု၊ ကိုယ့်ဆုံးဖြတ်ချက်နဲ့ လူလုပ်ရမယ့် လူ့ဂုဏ်သိက္ခာကို ကြမ်းခင်းအဝတ်လို ချနင်းခံပြီး လူပုဂ္ဂိုလ်တစ်ယောက်၊ငနဲသားတစ်ကောင် အောက် အလုံးစုံ ဝပ်ဆင်းခယ၊ဟုတ်ကဲ့ဗျ မှန်ပါတယ်ဗျ အော်ပြီး ဦးကုန်းချနေရတာမျိုးပါပဲ။
အထက်ကဇာတ်ကွက်တွေကို ဟာသလို့မြင်ရ တာကလည်း ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်၊ လွတ်လပ်လူသားရှု့ထောင့်ကနေ ရပ်ကြည့်လို့ ဟာသလို့မြင်ရတာပါ။
အာဏာရှင်လက်အောက်ကဆိုရင် ထိုအဖြစ်တွေဟာ ဟာသမဟုတ်တော့ဘူး။ဘဝဖြစ်သွားမှာပါ။
Thaw Su