ပင်းတယမီးအိမ်ရှင်ဆရာဝန်ကြီးရဲ့ ကိုယ်တွေ့ဖြစ်ရပ်မှန် ဝတ္ထုတို “ကျခဲ့ဖူးသော မျက်ရည်တစက်”

“ကျခဲ့ဖူးသော မျက်ရည်တစ်စက်” ထိုနေ့က လိုင်းကားအတော်ကျပ်လေသည်။ မြောက် ဥက္ကလာပအဝိုင်းမှ ဝေဇယန္တာကျောင်းသို့ ကူးလာဖို့ လိုင်း ကားစောင့်နေရသည်မှာ အတော်ကြာသည်။ စာသင်ချိန်က လည်း တဖြည်းဖြည်းနီးလာနေပြီ။

နေ့လယ်ခင်းမို့ ချွေးတွေ ကလည်း ကျသည်။ ပူကလည်းပူ၊ အိုက်က လည်းအိုက်။ လွန်ခဲ့သော နှစ် ၂ဝ ဝန်းကျင်ဆိုလေတော့ အခုခေတ်လို့ Air con bus များလည်း မရှိသေး။ ကားအိုကားဟောင်း ဟီးနိုးကားကြီးတွေကို စောင့်စီးရသည်။ တစ်ခါတလေ ဒိုင်နာကားလာပြန်တော့ ခြေနင်းခုံပေါ်မှာ ခြေတစ်နေရာစာ ရဖို့ မလွယ်။ ပုံမှန်အားဖြင့် သည်လောက် ကားစောင့်နေရလျှင် ကျွန်တော် စိတ်ရှည်လေ့မရှိ။ ကိုယ့်ခြေကိုယ်အား ကိုးကာ မြောက်ဥက္ကလာပအဝိုင်းမှ ဝေဇယန္တာကျောင်းသို့ လမ်းလျှောက် လိုက်မြဲ။

သည်နေ့တော့ လမ်းလျှောက် ဖို့က မဖြစ်နိုင်။ လက်ထဲမှာ စာရွက် ထုပ်ကြီး တစ်ထုပ်ပါနေသည်။ ကျွန် တော်က သည်ကျောင်းမှာ ဓာတုဗေဒ ဘာသာရပ်ကို စတင်သင်ကြားခဲ့သူ၊ ကလေးတွေ စာမေးပွဲနီးလေ တော့ တစ်မှတ်တန်များ လေ့ကျင့်ရ မည်။ တစ်မှတ်တန်ကို ကျောက်သင် ပုံးမှာ ရေးပေးနေရသည်က အချိန် အတော်ကုန်သည်။ စာလည်းမတွင်၊ သို့အတွက် ကွန်ပျူတာစီ၊ မိတ္တူဆွဲ လာခဲ့သည်။ သည်တော့ ကားကျပ် ကျပ်ကိုပဲ စောင့်စားကာလိုက်ခဲ့ရသည်။

ငါးပိသိပ် ငါးချဉ်သိပ် ကားကျပ်ကျပ်မှာ ပြုတ်မကျအောင် အမျိုးမျိုး ဖက်တွယ်လိုက်ပါရင်း ကျောင်းရှေ့ကို ရောက်ခဲ့ပြီ။ ကျောင်းဆိုင်းဘုတ် လေးလည်း မြင်နေရပြီ။ ဝေဇယန္တာ လူငယ်များဖွံ့ဖြိုးရေးကျောင်း”တဲ့။ ဆိုင်းဘုတ်လေး နောက်ကွယ်မှာ ကြည့်လိုက်လျှင်တော့ ဟည်းထနေသော အမှိုက်ပုံကြီး။ ဒီအမှိုက်ပုံကြီးပေါ်က ဓနိမိုးထရံကာစာသင်ကျောင်းလေး တစ်ခါတစ်ခါ အမှိုက်ပုံကြီးဆီက အနံ့ ဆိုးများသည် စာသင်ခန်းလေးထဲသို့ ပျံ့လွင့်လာတတ်သည်။ မသတီစရာ၊ အော့ချင်စရာ အနံ့များ။

ကြာတော့ လည်း သည်အနံ့တွေကို ထိုစဉ်က ဆေးကျောင်းတက်နေသော ကျွန်တော် ရော တပည့်တွေပါ မနံကြတော့။ ခြင်တွေ၊ ယင်တွေကလည်း လာလိုက် သေး၊ ဘုန်းဘုန်းဦးအာနန္ဒာတို့၊ ဦးဥပါလိတို့ဆွမ်းစားသောအခါ ယပ်တောင်တစ်ချောင်းနှင့် ယင်မောင်းနေ ရသေးသည်။

မိုးတွင်းဆိုလျှင် စာသင်ခန်းထဲ ကို ရေတွေ ဝင်သည်။ ထိုအခါ စာသင် သည့် ဆရာက အုတ်ခဲပေါ်တက်နေ ရသည်။ တစ်ခါတစ်ခါ ရေကြီးလျှင် အုတ်ခဲသုံးလေးလုံးဆင့် နေရသေး သည်။ တပည့်တွေကလည်း သည် အတိုင်း။

ဆောင်းရောက်ပြန်တော့ မြောက် ပြန်လေက ကျီစားပြန်သည်။ စာသင် ခန်းလေးက အကာတို့ မလုံ။ နံနက် စောစောစာသင်ချိန်မှာဆို ကျောင်း ရှေ့လယ်ကွက်က ဖြတ်တိုက်လာသော ဆောင်းလေအေးက စိမ့်ခနဲ အေးစေ သည်။ အခုအချိန်မှာတော့ ရန်ကုန် ဆောင်းလည်း မအေးတော့။ ကျောင်း ရှေ့က လယ်ကွက်ကြီးကလည်း ကား မောင်းသင် ကွင်းကြီးဖြစ်နေပေပြီ။ ကျောင်းဘေးက လယ်ကွက်ကြီးက လည်း နာရေးကူညီမှုအသင်းကြီးဖြစ် လာနေပြီ။ အရာရာပြောင်းလဲနေခဲ့ ပြီလေ။

လွန်ခဲ့သော နှစ် ၂၀ ခန့်ကတော့ အရာရာသည် ခေတ်မမီသေး။ ကွန်ပျူ တာ မိတ္တူကူးခ ဈေးမသေး။ ကိုယ့် စရိတ်ကိုယ်ရှာကာ ဆေးကျောင်း တက်နေရသော ကျွန်တော်ကလည်း အတော့်ကို ခြိုးခြံချွေတာနေရသေး သည်။ ဆရာတော်နှစ်ပါးဖြစ်သော ဘုန်းဘုန်း ဦးအာနန္ဒာ၊ ဘုန်းဘုန်း ဦး ဥပါလိတို ့မှာလည်း ရေပတ်လည် ဝိုင်းနေသော လယ်ကွင်းပေါ်က ဝါးတဲ ကျောင်းလေးမှာ စံမြန်းလို့။ ဆရာတော် တွေလည်း ဆင်းရဲ၊ ဆရာတွေက လည်း ဆင်းရဲ၊ တပည့်တွေကလည်းဆင်းရဲ။

စာသင်ခန်းထဲ ဝင်လိုက်တော့ တပည့်လေးတွေက လက်အုပ်လေး တွေချီရင်း မင်္ဂလာပါဟု နှုတ်ဆက်ကြ သည်။ “မင်္ဂလာပါ တပည့်တို့။ ဒီနေ့ တော့ ဆရာတို့. chemistry တစ် မှတ်တန်မေးခွန်းတွေ ကျင့်ကြမယ်။ မေးခွန်းတွေကို ကျောက်သင်ပုံးမှာ ရေးရင် အချိန်လည်းကုန်တယ်။ ပြီး လည်းမပြီးဘူး။ အဲဒီတော့ ဆရာမိတ္တူ ဆွဲလာခဲ့တယ်။ ဆရာလည်း အကုန် မစိုက်နိုင်တော့ တစ်ယောက်ကို ၂ဝဝ ကောက်ပေး။ သမီးခင်မေထွန်း မေးခွန်း ဝေရင်း ပိုက်ဆံလည်း ကောက်ပေး”

အမြဲသွက်လက်ဖျတ်လတ်နေ သော တပည့်ကျော် ခင်မေထွန်းက မေးခွန်းစာရွက်များကို လာယူလိုက် သည်။ ကျောင်းသားတွေကို ဖြန့်ဝေ သည်။ ကျောင်းသားတစ်ယောက်လျှင် ၂ဝဝ ပြန်ပေးကြသည်။ ပထမတစ် တန်း၊ ဒုတိယတစ်တန်း၊ တတိယတစ် တန်း အဆင်ပြေသည်။ စတုတ္ထအတန်း မှာ ပြဿနာစတော့သည်။

“ငါ့မှာ ပိုက်ဆံမပါဘူးဟ”” ကျောင်းသားတစ်ယောက်က ဆိုလေသည်။ “ မပါလို့ ဘယ်ဖြစ်မလဲ။ နှင် ကပ်နေတာ” ခင်မေထွန်းက ဆိုသည်။ ထိုကျောင်းသားက မပေးခင် မေထွန်း စိတ်တိုလာသည်။ စကား ပြောသံလည်း နည်းနည်းမာလာသည်။ ထိုကျောင်းသားကလည်း မပေး နိုင်ကြောင်း ပြန်ပြောသည်။ သူတို့ နှစ်ဦး အချေအတင်ဖြစ်တော့သည်။

ထိုအချိန်မှာ ကျွန်တော့်နားထဲသို့ မထင်မှတ်သော စကားတစ်ခွန်းကို ကြားလိုက်ရသည်။ “နင့်ကို ငါ ၂ဝဝ ပေးလိုက်ရင် ငါ အိမ်ကို လမ်းလျှောက်ပြန်ရတော့ မှာ မိုးချုပ်လို့ အိမ်ပြန် နောက်ကျရင် ငါ့အဖေက အရက်မူးပြီး ငါ့ကို ရိုက် ဦးမှာ”တဲ့။

ဒီစကားသံသည် ကျွန်တော် ရင်ကို ကျဉ်ခနဲ ဖြစ်သွားစေသည်။ သနားစရာကလေးတို့ပါလား။ သည် ကလေးတို့ထံက ကျွန်တော် ငွေတောင်းရက် ပါသလား။ အမှန်က ဒီငွေသည် ကျွန်တော့်အကျိုးအမြတ် တစ်ပြားမှ မပါ။ မိတ္တူကူးခကို လူဦးရေနှင့်စားပြီး ကောက်ခံခဲ့ခြင်းသာ။ သို့သော် ထို လူငယ်၏ စကားသံကား ကျွန်တော့် နားမှမထွက်တော့။ ကျွန်တော့် မျက် ဝန်းမှာ မျက်ရည်တို့ စို့လာသည်။

ဆင်းရဲလိုက်သော ကလေးတို့ရယ်၊ ကျွန်တော် မျက်ရည်ကျသည် ကို ကလေးတွေ မမြင်စေချင်ပါ။ ထို့ကြောင့် ကျွန်တော် ကျောင်းခန်း အပြင်က ဗာဒံပင်ရိပ်လေးမှာ ထိုင် နေလိုက်သည်။ ဘယ်ကမှန်းမသိသော မျက်ရည်တို့သည် ကျွန်တော့်ပါးပေါ် ဝယ် တလိမ့်လိမ့်။

ကျွန်တော် ကျောင်းခန်းအပြင် ထွက်သွားသည်ကို မြင်သဖြင့် ကလေး တို့ အသံတိတ်သွားသည်။ သိပ်မ ကြာ။ ခင်မေထွန်း အပြေးလေး လိုက်လာသည်။ ထိုကျောင်းသား လေးလည်း အပြေးလေး။ နောက် သိပ်မကြာခင်မှာ တစ်ဦးပြီးတစ်ဦး။ ကျွန်တော့်ရှေ့က ရွှံ့မြေပေါ်မှာ ဒူးတွေ ထောက်လို့။

“သမီးကြောင့် ဆရာမျက်ရည် ကျရတယ်။ သမီးကို ခွင့်လွှတ်ပါ ဆရာ” ခင်မေထွန်းက ငိုသည်။ “မဟုတ်ဘူး။ ငါ့ကြောင့် မျက် ရည်ကျရတာ။ တကယ်ဆို ဒီငွေ ၂၀၀ ငါပေးလိုက်လည်း ရသားနဲ့။ အဖေရိုက်လည်း ခဏပေါ့။ ကျွန်တော် မှားပါတယ်ဆရာ၊ ကျွန်တော့်ကြောင့် ” ထိုကလေးက ဆိုသည်။

ကျန်တပည့်တွေကလည်း မျက်ရည်တွေနှင့်။ “ကျွန်တော်တို့၊ ကျွန်မတို့ကို ခွင့်လွှတ်ပါဆရာ။ ကျွန်တော့်ကို ညီညီညာညာဦးချ ကန်တော့ကြသည်။ ကန်တော့သူမှာရော ကန်တော့ ခံသူတွေမှာပါ မျက်ရည်စတွေနှင့်။

ထိုနေ့က အဖြစ်လေးကို အနှစ် ၂၀ ကြာသည့်တိုင် ကျွန်တော်မမေ့သနားစရာတပည့်လေးတွေကို အမြဲ သတိရသည်။ နောက်နောင် သူတို့ဆီ က ဘာမိတ္တူ ဖိုးမှ မကောက်တော့။ ကလေးတွေ ပညာသင်ချောမွေ့ဖို့ ကျွန်တော် အသုံးစရိတ်ကပဲ ကျခံခဲ့ တော့သည်။ ဆရာတော်နှစ်ပါးက လည်း ကလေးတွေ အခြေအနေကို နားလည်လေတော့ စနေ၊ တနင်္ဂနွေ နေ့လယ်စာ မစားနိုင်မှန်းသိလေတော့ နေ့လယ်စာပါ ကျွေးလှူဖြစ်တော့သည်။

အခု​တော့ ကျွန်တော်တို့ ထူထောင်ခဲ့သောဝေဇယန္တာသည် တကယ် ပင် နတ်ပြည်က နတ်ဘုံနတ်နန်းလို လှပတင့်တယ်နေချေပြီ။ ကလေးတွေ စာသင်ဆောင်ကလည်း သားနားလို့။ နေ့လယ်စာကျွေးသည့်အစီအစဉ်တွေ ကလည်းကောင်းမွန်လို့။ စာအုပ် အလှူရှင်တွေ၊ ဘောပင် အလှူရှင် တွေက ပေါများလို့။

ဝေဇယန္တာက ရခဲ့သော ခံစားမှု လေးသည် တောင်ပေါ်ဒေသ ပင်းတယသို့ ရောက်သည်အထိ မေ့ပျောက် မသွား။ အမြင့်ပေ ၆ဝဝဝ ကျော် တောင်တန်းတွေပေါ်မှာ လွယ်အိတ်လေး လွယ်ကာ ခြေလျင်ကျောင်းတက် နေရသော ကလေးတွေကို မြင်တော့ ဝေဇယန္တာက တပည့်လေးတွေကို သတိပြန်ရသည်။

ကျောင်းမရှိ၍ တစ် နေ သုံးလေးနာရီလမ်းလျှောက်ကာ ကျောင်းတက်နေရသော တောင်ပေါ် က,ကလေးတွေအတွက် မူလတန်း ကျောင်းလေးတွေ ဦးစီးဦးဆောင်ပြုကာ အလှူခံဆောက်ဖြစ်သည်။ ယနေ့ဆို လျှင် မူလတန်းကျောင်းပေါင်း (၁၂) ကျောင်းဆောက်လုပ်လှူဒါန်းနိုင်ခဲ့ပြီ။

မည်သို့ဆိုစေ လွယ်အိတ်အစုတ် လေးကို စလွယ်သိုင်းပြီး ခြေလျင်လမ်း လျှောက် ကျောင်းတက်နေရသော ကလေးတွေကိုတွေ့တိုင်း ကျွန်တော့် နှလုံးသားဝယ် ဝေဇယန္တာမှာ ကျခဲ့ဖူး သော မျက်ရည်တစ်စက်ကို အမြဲ အမှတ်ရနေပါလေသည်။ တပည့်တို့ချမ်းမြေ့ကြပါစေ။ ဒေါက်တာသန်းမင်းထွဋ် (ပင်းတယမီးအိမ်ရှင်)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page