လွန်ခဲ့တဲ့ နှစ် (၆၀) က မြန်မာတနိုင်ငံလုံး ချောက်ထဲကျခဲ့ရတဲ့ နေ့ (သို့) မြန်မာပြည်ကို ဆင်းရဲသွားစေတဲ့ နေ့

မြန်မာနိုင်ငံမှာစစ်အာဏာရှင်စနစ်မျိုးစေ့ချခဲ့တာဒီနေ့နှစ် ၆၀ပြည့်ပါပြီ။ မတ်လ ၂ ရက် ၁၉၆၂ မှာစစ်တပ်ကဒီမိုကရေစီမြန်မာနိုင်ငံတော်ကို စစ်အာဏာသိမ်းလိုက်ပါတယ်။

ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်၊ ကမ္ဘာ့ဆင်းရဲမွဲတေ အနှိမ့်ကျဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ဆင်းရဲချမ်းသာကွာဟမှု အကြီးဆုံးထဲ မြန်မာနိုင်ငံ ပါဝင်တယ်။ ကျပ်‌ငွေတန်ဘိုးမဲ့ပြီး အလုပ်လက်မဲ့ပေါများတယ်။

၁၉၆၂ မတ်လ ၂ ရက်နေ့မှာ ရွေးကောက်ခံဝန်ကြီးချုပ်ဦးနုဆီက ကာချုပ်ဗိုလ်နေဝင်းက စစ်အာဏာသိမ်းခဲ့တယ်။ ၁၉၆၂ ကနေ ၁၉၇၄ ခုနှစ်အထိ ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်တပ်က မြန်မာနိုင်ငံကို “တော်လှန်ရေးကောင်စီ” ဆိုတဲ့ စစ်အုပ်ချုပ်ရေးသံလက်သီးနဲ့ အုပ်ချုပ်ခဲ့တယ်။

၁၉၄၈ ခုနှစ် အင်္ဂလိပ်ဆီက လွတ်လပ်ရေးရပြီး ဝန်ကြီးချုပ်က ဖဆပလပါတီက ဦးနုဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဦးနုက ကာချုပ်ကရင်လူမျိုး ဗိုလ်ချုပ်စမစ်ဒွန်းအစား ဗိုလ်ချုပ်နေဝင်းကို ၁၉၄၉ ဖေဖေါ်ဝါရီမှာကာချုပ်ခန့်အပ်ခဲ့တယ်။

ပြည်တွင်းမငြိမ်သက်မှုကြောင့် ၁၉၅၈ ခုနှစ်မှာ ဝန်ကြီးချုပ်ဦးနုက ကာချုပ်ဗိုလ်နေဝင်းကို အိမ်စောင့်အစိုးရ ခေတ္တခန့်အပ်ခဲ့တာဟာ မြန်မာ့နိုင်ငံရေး ရေချိန်တိမ်းစောင်းမှု အစောပိုင်းကာလပါ။

၁၉၆၀ ရွေးကောက်ပွဲကို အိမ်စောင့်အစိုးရဝန်ကြီးချုပ် ကာချုပ်ဗိုလ်နေဝင်းပြန်လုပ်ပေးလို့ ဦးနုဝန်ကြီးချုပ် ပြန်ဖြစ်ခဲ့တယ်။ ရွေးကောက်ပွဲမှာ ဗိုလ်နေဝင်း နိုင်စေချင်တာ ဦးကျော်ငြိမ်း ဦးဘဆွေခေါင်းဆောင်တဲ့ ဖဆပလ (တည်မြဲ) ပါတီ ဖြစ်ပေမယ့်ပြည်သူအများစုက ဦးနု ခေါင်းဆောင်တဲ့ ဖဆပလ (သန့်ရှင်း) ပါတီကို မဲပြုံအောပေးခဲ့ကြတယ်။

မတ်လ ၂ ရက် ၁၉၆၂ စစ်အာဏာသိမ်းပြီး ကာချုပ်ဗိုလ်နေဝင်းဟာ “နိုင်ငံတော်အကြီးအကဲ” ဆိုတဲ့ ရာထူးအသစ်ကိုယ်ပိုင်ဖန်တီးပြီး ကိုယ်တိုင်အကြီးအကဲ တက်လုပ်ခဲ့တယ်။

ကာချုပ်ဗိုလ်နေဝင်းဟာ တော်လှန်ရေးကောင်စီဥက္ကဋ္ဌရာထူးအပြင် ဝန်ကြီးချုပ်ရာထူးကို ယူခဲ့တယ်။ တပ်ချုပ်ဗိုလ်သန်းရွှေ နဝတဥက္ကဋ္ဌလုပ် ဝန်ကြီးချုပ်ရာထူးယူတာထက် နှစ် ၃၀ စောပြီး တပ်ချုပ်ဗိုလ် မအလ နစက ဥက္ကဋ္ဌလုပ်ဝန်ကြီးချုပ် ရာထူးယူတာထက် နှစ် ၆၀ စောတယ်။

အာဏာသိမ်း ခေါင်းဆောင် ဗိုလ်နေဝင်းက ပါလီမန်ဒီမိုကရေစီနစ်ဟာ မြန်မာနိုင်ငံနဲ့ မအပ်စပ်ဖူးပြောပြီး ဗိုလ်ချုပ်အောင်ဆန်း ဦး‌ဆောင်ရေးဆွဲထားတဲ့ ၁၉၄၇ ခြေဥကို ဖျက်သိမ်းပစ်ခဲ့တယ်။

စစ်အာဏာသိမ်းပြီး ဝန်ကြီးချုပ်ဦးနု၊ သမ္မတမန်းဝင်းမောင်၊ ဖဆပလဝန်ကြီးငါးယောက်၊ တရားသူကြီးချုပ်၊ နိုင်ငံရေးသမားအယောက်သုံးဆယ်၊ ရှမ်းကယားပြည်နယ်ခေါင်းဆောင်များကို စစ်တပ်က ဖမ်းဆီးထောင်ချခဲ့တယ်။

ကာချုပ်ဗိုလ်နေဝင်း စစ်တပ်အာဏာသိမ်းတာကို ဒု-ကာချုပ်ဗိုလ်အောင်ကြီးကို နောက်မှ အသိပေးတယ်ဆိုတယ်။ ဗိုလ်နေဝင်း စစ်အာဏာသိမ်းအကြံကို စစ်တိုင်းမှူးအချို့၊ ရန်ကုန်အခြေစိုက် တင့်ကားတပ်မှူး၊ စစ်ရုံးလက်ရွေးစင် ဗိုလ်ချုပ်၂၈ ယောက်ပဲ အစီအစဉ် အရိပ်အမြွက် ကြိုသိကြတယ်။

၁၉၆၂ မတ်လ ၂ ရက် စစ်အာဏာသိမ်းချိန်ကို ဗိုလ်နေဝင်းတစ်ယောက်ပဲ သတ်မှတ်ခဲ့တယ်။ ဗိုလ်နေဝင်း မတ်လ ၂ ရက်နေ့ အာဏာသိမ်း စကားဝှက် က “ ရောင်နီသန်းပြီ ” ဖြစ်ပါတယ်။

မတ်လ ၂ ရက်နေ့ကို “ တောင်သူလယ်သမားနေ့ ” မျက်လှည့်ပြလိုက်ပေမယ့် မတ်လ ၂ ရက်ဟာ ဒီမိုကရေစီမြန်မာနိုင်ငံတော်ကို စစ်အာဏာရှင်‌ကျောင်းဆင်းအပတ်စဉ်စနစ်နဲ့ အစားထိုးလိုက်တဲ့ အမှတ်လက္ခဏာ ဖြစ်ပါတယ်။

မတ်လ ၂ ရက်နေ့ဟာ နှစ်ထောင်ချီ မြန်မာ့လူအဖွဲ့အစည်းအတွင်းမှာ “စစ်သား ” မဟုတ်သူမှန်သမျှ “ အရပ်သား ” သတ်မှတ်ပြီး “စစ်သား” နဲ့ “အရပ်သား” ခွဲခြားဆက်ဆံစနစ်ကို စစ်အာဏာရှင် အဓမ္မသတ်မှတ်တဲ့နေ့လည်း ဖြစ်တယ်။

ဗိုလ်နေဝင်းအာဏာသိမ်း စကားဝှက် “ရောင်နီသန်းပြီ” နှစ်ပေါင်း ၆၀ ပြည့်ခဲ့ပေမယ့် ပြည်သူတရပ်လုံး အမှောင်ထုအတွင်းမှာရှိနေတုံးပါပဲ။ တိုင်းပြည်အဘက်ဘက်က နှိမ့်ကျပြီး ကမ္ဘာ့အလယ် အောက်ကျနောက်ကျဖြစ်နေဆဲပါ။ ” အထောက်တော် ” သတင်းစာခေါင်းကြီးပိုင်း။

လွင်ဦး(ရန်ကင်း)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page