ဘိလပ်မြေ အတုနဲ့ အစစ်ကို အလွယ်ကူဆုံး ခွဲခြားနည်း (ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်မှု လုံးဝမလိုတဲ့နည်း)
မြန်မာနိုင်ငံတွင် ပြည်တွင်းထုတ် ဘိလပ်မြေများ ပိုမိုများပြာလာတာနဲ့အညီ ဘိလပ်မြေ အတု နဲ့အစစ်ကို ခွဲခြားသိရှိနိုင်ရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။
အတုဆိုသည်မှာ လုံးဝအတုပြုလုပ်ခြင်းမဟုတ်ဘဲ အစစ်အိတ်ကို အိတ်ရေတိုး အောင်ပြုလုပ် ခြင်းသာဖြစ်၍ ဘိလပ်မြေအတုအိတ် စစ်စစ် မဟုတ်ပဲ အစစ်တစ်ဝက် အတုတစ်ဝက် ရောစပ်ထားသော အိတ်သာဖြစ်ပါတယ်။
ဘိလပ်မြေအတုပြုလုပ်ရာတွင် ကျောက်မှုန့် ၊ ဂေါ်ဒန်မှုန့် ၊ မီးသွေးပြာမှုန့်တို့ကို အဓိကရောစပ်၍ အသုံးပြုကြပါတယ်။
ထို့ကြောင့် ဘိလပ်မြေအတုအိတ်၏ အရည်အသွေးသည် အတုမှုန့်များရောစပ်ထားသော ပမာဏရှိသလောက် အရည်အသွေးကျဆင်းလာကြပါတယ်။
ဘိလပ်မြေအတုလုပ်သူများသည် ဘိလပ်မြေအစစ်ကို ကျောက်မှုန့်၊ ဂေါ်ဒန်မှုန့်၊ မီးသွေးပြာမှုန့်များရောစပ်ပြီး အတုပြုလုပ်ကြ ပါတယ်။
ဘိလပ်မြေ အိတ်ကိုဖောက်၍ အတုမှုန့်များထည့်ကာ အိတ်ကိုပြည်လည်ချုပ်ထားခြင်း၊ (သို့) ဘိလပ်မြေအိတ်၏ ထောင့်စွန်းတစ်နေရာရာကိုဖောက်ကာ အတုမှုန့်များ ထည့်သွင်း၍ ဖောက်ထားသောနေရာကို ပြန်လည်ပိတ်ထားခြင်းတို့ ပြုလုပ်ကြပါသည်။
ကျောက်မှုန့်ရောစပ်ထားသော ဘိလပ်မြေ၏ မှုန့်ညက်မှု ပမာဏသည် လက်ဖြင့် ပွတ်ကြည့်လျှင် သတ်မှတ်ထားသော စံချိန်စံညွှန်းထက် ပိုပြီး ရှတတ ကြမ်းတမ်းနေမှာဖြစ်ပါတယ်။
ဂေါ်ဒန်မှုန့်ရောစပ်ထားသော ဘိလပ်မြေ၏ မှုန့်ညက်မှု ပမာဏသည် လက်ဖြင့်ပွတ်ကြည့်လျှင် သတ်မှတ်စံချိန်စံညွှန်း မပြောင်းလဲသော်လည်း အရောင်ဖျော့ကျကာ မာခဲချိန် မှားယွင်းပါတယ်။
မီးသွေးပြာမှုန့် ရောစပ်ထားသော ဘိလပ်မြေသည် မှုန့်ညက်မှုနှင့် မာခဲချိန် မပြောင်းလဲသွားသော်လည်း အရောင်ပိုမိုရင့်သွားကာ ခံနိုင်ဝန်အား လျော့ကျသွားပါတယ်။
ဘိလပ်မြေအတုနှင့်အစစ်ကို အမှန်ကန်ဆုံးနှင့် အမြန်ဆုံး သိရှိလိုပါလျှင် သက်ဆိုင်ရာ ဘိလပ်မြေ တံဆိပ်များမှ Fineness ၊ Soundness ၊ Setting Time ၊ Compressive Strength တို့ကို စမ်းသပ်ထားသော Physical Test Result နှင့် ညီ၊ မညီ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးခြင်းဖြင့် သိရှိနိုင်ပါတယ်။
အောက်ပါနည်းတွေကတော့ ဓာတ်ခွဲခန်း ပို့ဖို့ မလွယ်ကူနိုင်သေးရင် ဘိလပ်မြေ အတုနဲ့ အစစ်ကို ပစ္စည်းကိရိယာနဲ့ ကျွမ်းကျင်မှု မလိုဘဲ လွယ်ကူစွာ ခွဲခြားနိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်-
(၁) ဘိလပ်မြေအမှုန့်ကို ကြမ်းတမ်းပြီးရှတတ ဖြစ်၊ မဖြစ် လက်ဖြင့်ပွတ်ကြည့်ပါက ကြမ်းတမ်းပြီးရှတတဖြစ်လျှင် ဘိလပ်မြေအတုဟု ယူဆရပါမယ်။
(၂) ဘိလပ်မြေ အမှုန့် တစ်ဆကို ရေသန့်သန့်ဖြင့် သင့်တော်သလောက် မွှေပြီး ဖျော်စပ်ပါ (သို့) ဘိလပ်မြေ ၅ ကီလိုဂရမ်ကို ရေသန့် ၂ ကီလိုဂရမ်ဖြင့် သမအောင်မွှေပြီး ဖျော်စပ်ထားပါ။ ဖျော်စပ်ထားသော ဘိလပ်မြေကို မှန်ပြားပေါ်တွင် ပေါင်မုန့်ပုံစံဖြစ်အောင် တင်ထားပါ။
ပေါင်မုန့်ပုံစံ ဘိလပ်မြေအတုံး၏ မာခဲချိန်ကို နာရီဝက်ကြာအောင် စောင့်ကြည့်ပြီး ပုံစံပျက်မပျက် ကြည့်ပါ။ ပုံစံပျက်သွားလျှင် ရောစပ်ထားသော ဘိလပ်မြေအတုဖြစ်ပါတယ်။
(၃) ဘိလပ်မြေအမှုန့်ကို ဖန်ခွက် ထဲတွင် (၃)လက်မခန့် ထည့်ပါ။ ရေသန့်သန့်ကို အမှုန့် အမြင့်နဲ့ ဆတူရောစပ်ပြီး သမအောင် မွှေပြီးဖျော်ထားပါ။
တစ်နာရီခန့်ကြာအောင်စောင့်ကြည့်ပြီး ရောစပ်ထားသော ကျောက်မှုန့် ၊ဂေါ်ဒန်မှုန့် ၊ပြာမှုန့်များကြောင့် အလွှာပါးကလေးများ ပေါ်လာလျှင် ဘိလပ်မြေအတုသာဖြစ်ပါတယ်။
အထက်ပါ နည်းလမ်းများဖြင့် ဘိလပ်မြေအတုနှင့်အစစ်ကို အမြန်ဆုံးခွဲခြားသိရှိနိုင်ပါတယ်။
YELLO Myanmar