ဒေါ်လာဝယ်သူတိုင်းရဲ့ နာမည်ကို စာရင်းမှတ်ထားမည်ဟု စကစလက်အောက်ခံ ဗဟိုဘဏ်ထုတ်ပြန်

ဒေါ်လာဝယ်တဲ့သူတွေရဲ့ အမည်စာရင်းကို နေ့စဉ် ညနေ ၅ နာရီတိုင်း ဗဟိုဘဏ်ကို ပေးပို့ရမယ်ဆိုပြီးကြေညာ ထပ်မံထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံခြား သုံးငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း AD လိုင်စင်ရ ဘဏ်တွေ အနေဖြင့် ပို့ကုန်သမားတွေနဲ့ ကင်းလွတ်ခွင့်ပြုထားတဲ့ ကုမ္ပဏီ အဖွဲ့အစည်း လူပုဂ္ဂိုလ်တွေဆီက ဒေါ်လာဝယ်ပြီး စက်သုံးဆီ တင်သွင်းတဲ့သူတွေဆီကို ပြန်ရောင်းတဲ့ ပမာဏနဲ့ အမည်စာရင်းပေးရမယ်ဆိုပြီးတော့ ဗဟိုဘဏ်က ထုတ်ပြန် လိုက်တာပါ။ အဲဒီစာရင်းကို ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနကို ဩဂုတ် ၂၉ ရက်နေ့က စပြီး ညနေ ၅ နာရီနောက်ဆုံးထားပြီး နေ့စဉ်ပေးပို့ရမယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ပို့ကုန်တင်ပို့သူများသည် ပို့ကုန်တင်ပို့ခြင်းမှရရှိသည့် ပို့ကုန်ရငွေပမာဏ၏ ၆၅ ရာခိုင်နှုန်း ကို အလုပ်လုပ်ရက် ၁ ရက်အတွင်း မြန်မာကျပ်ငွေ လဲလှယ်ရပြီး ကျန်ပို့ကုန်ရငွေပမာဏ၏ ၃၅ ရာခိုင်နှုန်းအား ပို့ကုန်တင်ပို့သူမှ ကိုယ်တိုင်သုံးစွဲခြင်း၊ AD လိုင်စင်ရဘဏ်မဟုတ်သည့်အခြားသူများထံသို့ လွှဲပြောင်းခြင်းနှင့် AD လိုင်စင်ရ ဘဏ်များသို့ ရောင်းချခြင်းတို့ကို Transaction ဖြင့်ပြုလုပ်နိုင်တယ်ဆိုပြီး ဗဟိုဘဏ်က ထုတ်ပြန်ထားတာပါ။

ပို့ကုန်တင်ပို့သူများထံမှ ပို့ကုန်ရငွေလွှဲပြောင်းရယူထားသည့် ကုမ္ပဏီ၊ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များသည် လွှဲပြောင်းရယူထားသည့် ပို့ကုန်ရငွေအား ကိုယ်တိုင်သုံးစွဲခြင်းနှင့် AD လိုင်စင်ရဘဏ်များသို့သာ ရောင်းချခြင်းတို့ကိုသာ ဆောင်ရွက်ပေးရမည် လို့လည်းဆိုထားပါတယ်။

စကစ အနေနဲ့ ဒေါ်လာများကို အငမ်းမရ လိုအပ်လျက် ရှိတာကြောင့် နိုင်ငံအတွင်း ဒေါ်လာ ရရှိနိုင်မှု လမ်းကြောင်းများကို စုံစမ်းထောက်လှမ်းနေပြီး ဒေါ်လာ သိမ်းယူမှုများ ပြုလုပ်လျက် ရှိပါတယ်။ ယခု လက်ရှိထုတ်ပြန်တဲ့ ဒေါ်လာဝယ်သူတိုင်းရဲ့ အမည်စာရင်းကို ပေးပို့ရမယ့် အမိန့်ကြောင့် ဒေါ်လာမှောင်ခိုဈေးကွက် ပိုမိုကြီးမားလာပြီး ဒေါ်လာဈေး ပိုမိုမြင့်တက်လာမယ်လို့ ဈေးကွက်နဲ့ နီးစပ်သူများက သုံးသပ်လျက် ရှိပါတယ်။

Leave a Reply

Your email address will not be published.

x

You cannot copy content of this page