ဗုဒ္ဓစွယ်တော် အစစ်နဲ့ အတုကို သိပ္ပံနည်းအရ ခွဲခြားနည်း (စွယ်တော်ဆိုတိုင်း အစစ်လို့ မထင်ကြပါနဲ့)

ဗုဒ္ဓ စွယ်တော်များအား သုတေသနအမြင်ဖြင့် သုံးသပ်လေ့လာခြင်း။ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ပြုတော်မူပြီး ရုပ်ကလပ်တော်ကို မီးပူဇော်တဲ့အခါမှာ စွယ်တော်ဓာတ် (စွယ်သွားတော်) ၄ဆူဟာ သူ့နဂို ပုံစံအတိုင်းပကတိကြွင်းကျန်ရစ်တော်မူပါတယ်။

လက်ယာဘက်က စွယ်တော်၂ ဆူနဲ့ လက်ဝဲဘက်က စွယ်တော်၂ဆူ အထက်အောက်ပေါ့။ မဟာပရိနိဗ္ဗာနသုတ် မဟာဝါပါဠိတော် မှာ လာတဲ့အတိုင်း အဲ့ဒီစွယ်တော် ၄ ဆူမှာ လက်ယာအထက်စွယ်တော်က တာဝတိံသာနတ်ပြည်မှာ၊ လက်ယာအောက်စွယ်တော်က နဂါးပြည်မှာ ပင့်ဆောင်ကိုးကွယ်ကြပါတယ်။ ဒီစွယ်တော်၂ ဆူဟာ ကျွန်တော်တို့ လူ့လောကမှာ မဖူးတွေ့နိုင်ရပါဘူး။ လက်ဝဲအထက်နဲ့ လက်ဝဲအောက်က စွယ်တော် ၂ ဆူဟာ ကျွန်တော်တို့ လူ့လောကမှာ တည်ရှိနေတယ်လို့ လာပါတယ်။

မြတ်စွာဘုရားရဲ့ လက်ဝဲအောက် စွယ်တော်ဟာ လက်ယာတော်ရံ မထေရ်မြတ်ကြီး ရှင်သာရိပုတ္တရာရဲ့ တပည့် ခေမာမထေရ်က ပင့်ယူလာပြီးတော့ အိန္ဒိယပြည်တောင်ပိုင်းမှာရှိတဲ့ ကာလိင်္ဂတိုင်းမှာ ကိန်းဝပ်စံပယ်စေခဲ့တယ်။

ပုံ – သီဟိုဠ်ကျွန်းက စွယ်တော်၊ နောင်တော့ သာသနာ့ဘေးရန်များ ကျရောက်လာတဲ့အတွက် ကာလိင်္ဂ မင်းသမီး ဟေမမာလာက သူရဲ့ ဆံထုံးကြားထဲမှာ စွယ်တော်ဓာတ်ကို ဝှက်လာပြီး သီဟိုဠ်ကျွန်းသီရိလင်္ကာနိုင်ငံကို ပင့်ဆောင်သွားတာ ကြောင့် ယခု သီရိလင်္ကာနိုင်ငံ ကန္ဒီမြို့ မှာ စွယ်တော်တိုက်နဲ့ ယနေ့တိုင်ဖူးမျှော်ပူဇော်နေကြရတာ ဒီစွယ်တော်။ စွယ်တော်ဓာတ်ဟာ သီဟိုဠ်ကျွန်းသားတို့ရဲ့ အသက်လဲဖြစ်သလို လူ့လောကအတွက် အဖိုးမဖြတ်နိုင်တဲ့ ဗုဒ္ဓ အသမ္ဘိန္တအမွေတော်မြတ် ဖြစ်ပါတယ်။

မြတ်စွာဘုရားရှင်ဟာ သာမန်လူသားနွယ်မှ ဖြစ်ပေါ်တာမလို့ အရပ်တော် ၆ ပေ ခန့်ဆိုတာ သကျသာကီဝင်မင်းသားတစ်ယောက်ရဲ့ ခန့်ညားမှုအရ သေချာပေါက်ဖြစ်နိုင်ပေမဲ့ လူသားတစ်ယောက်ရဲ့ ဖြစ်တည်မှု သဘာဝကို မလွန်ဆန်တာ ‌သေချာပါတယ်။ စွယ်တော်သွားတော်များဟာ လူသွားတို့ရဲ့ တည်ဆောက်ပုံအတိုင်းဖြစ်မယ်ဆိုတာ ကျွန်တော်တို့ သိရှိနိုင်ပါတယ်။ သီဟိုဠ်ကျွန်းက စွယ်တော်ဟာ လူရဲ့စွယ်သွားအတိုင်းရှိပြီး ဆင်စွယ်ကြုတ်ထဲ ပူဇော်ထားတယ်ဆိုတယ်။ သီဟိုဠ်ကျွန်းဟာ စစ်မက်ဘေးနဲ့ ကိုလိုနီဘဝကိုရောက်ခဲ့ဖူးတော့ စွယ်တော်ကိုလုံခြုံစေဖို့ အခုလိုလုပ်ထားခဲ့ကြတာဖြစ်လို့ပါ။

လက်ဝဲအထက်ဘက်က စွယ်တော်ကို စာတွေမှာရေးကြတာကတော့ ဂန္ဓာရတိုင်းလို့ခေါ်တဲ့ နေရာကနေ တရုတ်ပြည်ကို ရောက်သွားခဲ့တယ်ပေါ့။ ဒီလိုလာတယ်။ တရုတ်ပြည်က စွယ်တော်ကိုကြည့်မယ်ဆိုရင် လူရဲ့အစွယ်သွားနဲ့ လုံးဝမတူတာကို ကျွန်တော်တို့ တွေ့နိုင်တယ်။ ဒါ့အပြင်လည်း သီဟိုဠ်ကျွန်းမှာရှိတဲ့ စွယ်တော်နဲ့ပုံစံချင်း မတူတာကိုလည်း တွေ့ရတယ်။

ပုံ – တရုတ်ပြည်က စွယ်တော်။ ဒါဆို ဒီ စွယ်တော် ၂ ဆူမှာ ၁ ဆူကတော့ အတုဖြစ်နေမှာပေါ့။ ဒါကို ဆက်ပြီး လေ့လာကြည့်တော့ တရုတ်ပြည်က စွယ်တော် ဟာ လူသွားဆိုဒ်ထက်ကြီးနေတယ်၊ မြင်းသွား၊ နွားသွားတွေရဲ့ ပုံစံနဲ့ ချွတ်စွပ်တူနေတာကို တွေ့ရတယ်။ ကျွန်တော်တို့မြန်မာပြည်မှာလဲ မြစ်ထဲက ကောက်ရတဲ့စွယ်တော်လို့ မြင်းရဲ့သွားကို ထိုင်ကန်တော့နေကြတာတွေ့ရတယ်။ ဒီပြင်လဲ နေရာအတော်များများမှာ ဒီ နွားသွား၊ မြင်းသွားတွေကို အံတော်သွားတော်လို့ လုပ်နေကြတာ တွေ့ရပါတယ်။

တုတု၊ စစ်စစ် အဓိကက မြတ်စွာဘုရားရဲ့ ဂုဏ်တော်ကို ရည်မှန်းပူဇော်တတ်ဖို့ပဲ။ စွယ်တော်ပွားလို့ ကိုးကွယ်လည်း ပြဿနာမရှိဖူး။ ဆင်စွယ်လို လောကီရတနာတွေကို စွယ်တော်ပွား ပုံစံထု‌ကိုးကွယ်တာက အဆင်ပြေပေမဲ့ လောကရဲ့ အထွဋ်မြတ်ဆုံးမြတ်စွာဘုရားစွယ်တော်သွားတော်နဲ့ အဟိတ်တိရိစ္ဆာန်ရဲ့ သွားကို ကျတော့သင့်မသင့် ချိန်ဆကြည့်ပေါ့။

အများစုက ဗဟုသုတညံ့တော့ လူတွေက ခံကြရတာပဲဗျ။ ထပ်ပြီး ပြဿနာရှိတာကတော့ လူမျိုးခြား၊ဘာသာခြားအမြင်မှာ ကိုယ့် ဗုဒ္ဓ သာသနာတော်ကို ပြက်ရယ်ပြုမှာ အသေချာပဲလေ။ ယနေ့ခေတ်မှာ စွယ်တော်အံတော်လို့ ဒီတိရိ‌စ္ဆာန်သွားတွေကို လိမ်ပြီး ရောင်းစား နေကြတာ သာသနာအတွက်ကြောက်စရာအန္တရာယ်ပဲ။လုပ်တဲ့သူတွေရဲ့ သံသရာအကျိုးဆက်ကတော့ အကုသိုလ်ကြီးမားလွန်းတယ်။

ပုံ – မြင်းသွားများ။ မြန်မာပြည်က စာပေအများစုမှာ ဂန္ဓာရတိုင်းကို တရုတ်ပြည်လို့ သတ်မှတ်ကျတာများတယ်။ တကယ်တော့ ဂန္ဓာလ (စိန့်တိုင်း) ကို တရုတ်ပြည် ခေါ်တာပဲဖြစ်ပါတယ်။ ဂန္ဓာရတိုင်းဆိုတာ ယနေ့ခေတ် ပါကစတန်၊ အာဖကန်နစတန် ဒီနေရာတွေဆိုတာ သိသူနည်းပါတယ်။ ပါဠိတော်အရ ဆိုရင် မြတ်စွာဘုရားရဲ့လက်ဝဲအထက်ဘက်ကစွယ်သွားတော် ဟာ ဒီနေရာဒေသက စေတီတစ်ဆူဆူမှာ ရှိနေနိုင်တယ်လို့ ကျွန်တော်တို့ယူဆလို့ရတယ်။

မြတ်စွာဘုရားရှင်ရဲ့ စွယ်တော်သွားတော်တွေနဲ့ ပတ်သက်လို့ မဟာပုရိသလက္ခဏာတော်ငယ် ၈၀ မှာလာတဲ့ သွားတော်စွယ်တော်များရဲ့ လက္ခဏာ ၄ ပါး က‌တော့ ၁။ လေးဆယ်သော သွားတော်များရှိခြင်း (သာမာန်လူတစ်ယောက်ရဲ့သွားဟာ သုံးဆယ့်နှစ်ဝန်းကျင်ပဲရှိပါတယ်။) ၂။ ညီညွတ်သော သွားတော်များရှိခြင်း၊ ၃။ မကျဲသော သွားတော်များရှိခြင်း၊ ၄။ အလွန်ဖြူစင်သော စွယ်တော်ရှိခြင်း

ပုံ – မြင်းသွားများ။ သွားတော်တွေက အရမ်းဖြူစင်တယ်၊ ဒီထဲကမှ စွယ်တော်တွေက ပိုပြီးတော့ ဖြူစင်တယ်။ မြတ်စွာဘုရား ပြုံးတော်မူလိုက်ရင် စွယ်တော်တွေက ဖြူဝင်းတဲ့ ရောင်ခြည်တော်တွေ ထွက်တယ်။ ဩဒါတရောင်ခြည်တော်လို့ ခေါ်ပါတယ်။ မြတ်စွာဘုရားရှင်က မုသာဝါဒတို့မှ ရှောင်ဖယ်တော်မူတဲ့ ပါရမီတော်အစွမ်းကြောင့်‌ အခုလို လက္ခဏာတော်တွေကို ရရှိတာဖြစ်ပါတယ်။

စွယ်တော်ဆိုရင် ဒီအချက်တွေနဲ့ ကိုက်ညီနေရမှာပေါ့။ သွားတော်တွေ ကြွင်းတယ်ဆိုရင်လည်း ဒီအချက်တွေနဲ့ပဲကိုက်ညီရမှာပေါ့။ ဒါက ကျွန်တော်တို့ ဗုဒ္ဓသာသနာတော်မှာ မြတ်စွာဘုရားရဲ့ စွယ်တော်သွားတော်တွေနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ ဗဟုသုတကို‌ သိစေချင်လို့ မျှဝေတာပါ။ (Ko Myat Htet)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page