ကိုဗစ်ကို မေ့သွားသလို ဖြစ်နေကြတဲ့ မြန်မာနိုင်ငံသားတွေနဲ့ ဟာသတခု မဟုတ်တဲ့ အိုမီခရွန်ပိုး

မပေါ့ဆမှ…

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ သမီးက ရုတ်တရက် နေမကောင်းဖြစ်တော့ အလုပ်ကနေ ချက်ချင်း ပြန်လာ၊ သမီးအနားမှာ တောက်လျှောက်နေ…ပေါ့။

ကိုဗစ် သံသယဖြစ်လောက်စရာ လက္ခဏာ တချို့လည်း တွေ့တာနဲ့ နောက်နေ့မှာ ဆေးသွားစစ်ရတော့ ကျွန်တော်ပါ အလုပ်မသွားနိုင်တော့ဘူး။ ဒီနေ့တော့ ရလဒ် ထွက်လာတာ နက်ဂတစ်ပါ…တဲ့။

တကယ်တော့ သမီးက ကိုဗစ်ကာကွယ်ဆေး ဖိုင်ဇာ ကို နှစ်ကြိမ်လုံး ထိုးထားပြီးသားပါ။ ထားပါလေ။ ပြောချင်တာက သမီးနေမကောင်းတာကို အဓိက မဟုတ်။

သမီး နေမကောင်းလို့ ရောယောင်ပြီး ကျွန်တော်ပါ အလုပ်မသွားရတဲ့ နေ့တွေမှာ က လစ်လိုက်၊ သမီးနား ခွေအိပ်လိုက်နဲ့တင် မက ယူကျူ့ ကိုလည်း ရောက်မိတယ်။

အဲဒီမှာ တွေ့တာက အိန္ဒိယလား၊ ပါကစ္စတန်ကလား မသိနိုင်တဲ့ နိုင်ငံခြားသား တယောက် ရိုက်တင်ထားတဲ့ ရန်ကုန်မြို့ရဲ့ လက်ရှိ အခြေအနေ ဗွီဒီယိုဖိုင်တွေပဲ။

သူက ရိုက်ထားတဲ့ နေရာတွေ စုံတာမှ ဆူးလေဘုရားလမ်း၊ မဟာဗန္ဓုလလမ်း၊ ဆိမ်ကမ်းသာလမ်း၊ စဉ့်အိုးတန်းလမ်း၊ အနော်ရထာလမ်း၊ ၁၉ လမ်းကနေ စံပြငါးဈေးပါ ပါတယ်။ ရိုက်ထားတဲ့ ရက်စွဲကလည်း ဒီဇင်ဘာက ၁၄-၁၅ တွေဆိုတော့ လတ်တလော အခြေအနေတွေပဲပေါ့။

ဒီနေရာမှာ အဲဒါတွေကို လိုက်ကြည့်ဖြစ်ရခြင်းရဲ့ စိတ်ရင်းကို ပြောရရင် ဒီအခြေအနေ၊ ဒီကာလကြီးမှာ ရပ်တည်နေရတဲ့ ရွှေပြည်ကြီးက ပြည်သူတွေရဲ့ မျက်နှာတွေကို လိုက်ငေးချင်တာပဲ။

တချို့က ကြောင့်ကြနေတာလား။ တချို့က ပူပန်မှုတွေကို ဟန်လုပ်နေရသေးလား။ တချို့က တမင်တကာ နေသားကျပြနေရတာလား။ တချို့က ဘာမှကို မဖြစ်တာလား။ ရယ်မောနေကြသူတွေက တကယ်ကို အပူအပန် မရှိကြတာလား။ ပြုံးခြင်း၊ တည်ခြင်း မျက်နှာတွေကို ကျွန်တော် လိုက်ငေးနေမိတယ်။

ငေးနေရင်းနဲ့မှ “ဒီလူတွေ အိုမီခရမ်တို့ ကိုဗစ် တို့ကို ခေါင်းထဲ မရှိကို မရှိကြတာများလား” လို့လည်း တွေးပူမိပြန်ရော။

မြင်မိသမျှ လူ ၉၀% က Mask တွေ မပါကြ။ ကိုဗစ်ဆိုတာ ဒီနိုင်ငံမှာ ဘာမှကို မဖြစ်ခဲ့သလို၊ မဖြစ်နေသလို ကို နေနေကြ။

သတင်းတွေ မဖတ်ကြတော့တာလား။ ဂရုစိုက်ဖို့ မလိုတော့ဘူးလို့ကို ထင်နေကြတာများလား။ ဟိုတလောက ၅၀၀ ကျပ်တန် အဝစား ထမင်းဆိုင်ကို ရောက်သွားတဲ့ ကိုယ်တော်ကလည်း အလှူရှင် ဒကာမကို ပြောတာက “Mask လေး ချွတ်လိုက်ပါ” …တဲ့။ ဘယ့်နှယ်…။

ဟုတ်ပါပြီလေ။ မတတ်သာလို့ပဲ ဒီအခြေအနေမှာ နေသားကျရကျရ၊ မပျော်တာကိုဘဲ ဟန်လုပ်နေရနေရ၊ တကယ့်ကိုပဲ ဘာမှ မဖြစ်နေကြ နေကြ ကိုဗစ်ကိုတော့ မမေ့စေကြချင်ဘူး။

အိုမီခရမ် အစ်စ် နော့ a joke ပါ။ အမေရိကန်လို နိုင်ငံမျိုးမှာ ကာကွယ်ဆေး နှစ်ကြိမ်လုံးတင် သာ မက၊ တတိယ အလုံး Booster ပါ ထိုးထားတဲ့ ကျွန်တော်တို့ ကိုယ်တိုင်ပါ မပေါ့ဆရဲပါဘူး။

မြန်မာမှာဆို နေတာထိုင်တာ ပိုလို့တောင် ဂရုစိုက်ရမှာ မဟုတ်လား။ ကိုဗစ်ကို သတိထား ဂရုစိုက် နေထိုင်ခြင်းဟာ ကိုယ့်အတွက်တင်သာ မက သူတပါး အတွက်ပါ ဂရုစိုက်ပေးခြင်းပါပဲ လို့ ဆရာလုပ်ခွင့်လေး ပေးပါနော။

ကလိုစေးထူး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page