ဘုရားဆုပန်ထားတဲ့ မိုင်းဖုန်းဆရာတော်ကြီးရဲ့ မိုင်းကျက်ဂူ အဓိဋ္ဌာန် (၃) နှစ်ပြည့် မေတ္တာစာ

“မိုင်းဖုန်းဆရာတော်၏ မေတ္တာစာ”

မိုင်းကျက်ဂူမှ တပည့်ဒကာအပေါင်းတို့အား သိစေအပ်ပါသည်။ ဆရာတော်လည်း ကျန်းမာပကတိ ချမ်းသာစွာ ရှိပါတယ်။ ဘာဝနာတရားတွေ အားထုတ်ရတာလဲ ကောင်းမွန်လာပါတယ်။ ရေမြေတောတောင် သဘာဝတွေနဲ့အတူ တရားဘာဝနာကို ရှုမှတ်ပွားများကာ ကိုယ်စိတ်နှစ်ဖြာ ငြိမ်းချမ်းပါတယ်။

သံသရာဒုက္ခဖြစ်တဲ့ ပဋိသန္ဓေနေခြင်း အိုခြင်း နာခြင်း သေခြင်း သောက ပရိဒေဝ တွေကို လွှန်မြောက်ကာ နိဗ္ဗာန်စခန်း တက်လှမ်းနိုင်ဖို့ ဘာဝနာတရား သစ္စာတရားတွေကို ပွားများအားထုတ်ရပါတယ်။

လူသူမနီး တောတောင်ကြီးထဲမှာ တစ်ပါးတည်း တရားလာရောက်အားထုတ်နေတာ တောတောင်တွေမှတဆင့် ကာယဝိဝေက (ကိုယ်၏ငြိမ်းအေးခြင်း) စိတ္တဝိဝေက (စိတ်၏ငြိမ်းအေးခြင်း)ဖြစ်ကာ ဒုက္ခအပေါင်းမှ လွှတ်မြောက်နိုင်ဖို့ အေးငြိမ်းတဲ့ နိဗ္ဗာန်ကို ရဖို့အတွက်ပါ။ ဆရာတော်က အခုလို တစ်ပါးတည်း လာရောက်ကျင့်ကြံအားထုတ်နေတာကတော့ သတ္တဝါတွေကို သံသရာဝဋ် သံသရာဝဲဩဃမှ ကယ်ချွတ်နိုင်တဲ့ ဘုရားအဖြစ်ကိုဆုပန်ပါတယ်။

ဆရာတော်တရားအားထုတ်တဲ့ မိုင်းကျက်ဂူအနီးအနားမှာ သားငှက်တိရစ္ဆာန်လေးတွေ ဆရာတော်ရဲ့ မေတ္တာကို လာရောက်ခံယူကြပါတယ်။ တောငှက် တောကြက် တောကြီးကန်း မျောက်လွှဲကျော် သမင် ဒရယ် ဂျီ ဥဒေါင်း တောကြောင် ငန်းတော်ကြား မြွေဟောက်တို့လည်း ဆရာတော် တရားထိုင်တဲ့အနားမှာ မကြာမကြာ လာရောက်ကြပါတယ်။ မနက်ခင်း အရုဏ်လင်းတာနဲ့ ကြေးငှက်တွေအသံကြောင့် ဆရာတော် နှိုးထပါတယ်။ တောတောင်သဘာဝနဲ့ ရှင်သန်ရတာ ငြိမ်းချမ်းပြီး ပျော်စရာကောင်းပါတယ်။

အခု ဆရာတော် အဓိဋ္ဌာန်ဝင်လာခဲ့တာ ၃ နှစ် ၃ မိုးရှိသွားပါပြီ။ ပြန်တွေးကြည့်ရင် သိပ်မကြာသေးသလိုပါပဲ၊ ၃ နှစ်ဆိုတာ ၃ ရက်လိုပါပဲ။ အချိန်တွေ ကုန်သွားတာ နှမျောစရာကောင်းလှပါတယ်။ အချိန်တွေ နေ့ရက်တွေ ကုန်သွားတာဟာ ဇရာဘက်ကို ယိုင်သွားရင်း မရဏဘက်ကို ဦးတည်နေလျက်ပါ။ နောက်ထပ် ဘယ်လောက်နေရမလဲဆိုတာ မသိနိင်ပါဘူး။

ကုသိုလ်ရှိသလောက် ကုသိုလ်ပေးသလောက် နေသွားရပါမယ်။ နောက်ထပ် တစ်နှစ်ကျော်ရင် ဆရာတော်လည်း သက်တော် ၆၀ ပြည့်ပါတော့မယ်။ တဖြည်းဖြည်းနဲ့ အိုအိုလာပါပြီ။ အိုပွဲနွဲပြီးရင် မကြာခင် မရဏပွဲ နွဲရပါမယ်။

ဉာဏ်နဲ့တွေးကြည့်ရင် သံဝေဂ ရစရာကောင်းလှပါတယ်။ အိုနာသေအကြားမှာ ပျော်စရာ နတ္ထိပါ။ ဒုက္ခတွေ အပြည့်ပါ။ ဒါကြောင့် မေ့လျှော့မနေပါနဲ့။ ရုပ်နာမ်ခန္ဓာ ချုပ်ငြိမ်း ဇာတ်သိမ်းတဲ့ နိဗ္ဗာန်လမ်းကိုလျှောက်ဖို့ မတွေဝေပါနဲ့ ပညာရှိအပေါင်း သူတော်ကောင်း အပေါင်းတို့။

နိဗ္ဗာနဿ ပစ္စယော ဟောတု။ သာဓု သာဓု သာဓု မေတ္တာရှေ့ထားကာ ကောင်းချီးမင်္ဂလာပေးပါရစေ။ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။ ကပ်ရောဂါဘေးကြီး ဝေးခွာပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာကြပါစေ။

တရားတော်နဲ့အညီ အေးမြကြပါစေ။ မင်္ဂလာအပေါင်း ခညောင်းကြပါစေ။ တိုးတက်ကြီးပွား အကျိုးများကြပါစေ။ လူ့ပြည်မှာ ချမ်းသာ နတ်ပြည်မှာ လန်းဖြာကြပါစေ။ ဒါန သီလ ဘာဝနာ ကုသိုလ်ကို ပါရမီမြှောက်တဲ့ ကုသိုလ်တွေကို ဆည်းပူးနိုင်ကြပါစေ။

လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာကို ရရှိကြပါစေ။ ဆရာတော်ဆုတောင်းပတ္တနာပေးတဲ့အတိုင်း ပြည့်ဝကြပါစေ။

(မိုင်းဖုန်းဆရာတော်၏ မေတ္တာစာကို တောင်တန်းသာသနာပြု ဆရာတော် အရှင်သုခမိန္ဒ (စဝ်ဆုခမ်း တန့်ယန်း)မှ တာဝန်ယူ တာဝန်ခံ ဘာသာပြန်ပေးပါတယ်။)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page