ငွေလမ်းခင်းမှ ပြီးမြောက်နိုင်မယ့် ယနေ့ခေတ် အသုဘပွဲ (သို့) မသာဆီမှ အေးဒါးပြ တိုက်ခြင်း

‌ေ-သစာရင်းယူတာကအစ သင်းချိုင်းကိစ္စ ယပ်တောင် တရားစာအုပ် ဘတ်(စ)ကားကိစ္စအဆုံး ငွေကိုလမ်းခင်းပြီးသွားနေရတာ လျှောကနဲလျှောကနဲပဲ နောက်ဆုံးခရီးလေ ကုန်စမ်းပါစေပေါ့။

သင်းချိုင်းရောက်တော့လည်း အတွေ့အကြုံသစ်တွေကရပြန်သဗျ တာဝန်ရှိ အင်းကျီမီးခိုးရောင် ဝတ်ထားတဲ့လူကြီးက အလွန်ဖော်ရွေစွာနဲ့ “ဒီမှာ အခန်း (၁) ကတော့အကျယ်ဆုံးနဲ့အကောင်းဆုံးပဲဗျ လေဝင်လေထွက်လည်းကောင်းတယ် အခန်း(၁)ကိုရအောင်ကျွန်တော်စီစဉ်ပေးပါမယ်၊ ကွယ်လွန်သူ အတွက်ရော ကုလားထိုင်အတွက်ရော အခန်းအတွက်ရော အားလုံး ၂ သိန်း ၈ သောင်းနဲ့ဖြစ်အောင်ကျွန်တော်လုပ်ပေးပါမယ် ” တဲ့

ပေးရမှာပေါ့လေ ဘာတတ်နိုင်မှာလည်း လျှော့ပါဉီးလို့ စျေးဆစ်ကောင်းတဲ့အရာလည်းမဟုတ် အဒေါ်ငယ်ယောက်ျားကလည်း တပည့်လက်သားတွေက အများသား တချို့က ပထမအရာရှိ တချို့ကကပ္ပတိန်စသည်ဖြင့်ဖြစ်နေမှတော့ သူ့ဂုဏ်နဲ့တူ အကောင်းဆုံးဖြစ်အောင်တော့စီစဉ်ရတော့မှာပဲ ကဲ ယူပြီကွာအခန်း (၁) ရော့ (၂)သိန်း (၈)သောင်း။

အသုဘချမဲ့မနက် အလောင်းသွားထုတ်တော့ အလောင်းကို မိတ်ကပ်လုပ်ဉီးမလား မိတ်ကပ်လုပ်ရင် (၁)သောင်း (၅)ထောင်ပေးရမတဲ့ သေမှပဲဟာ ဘာမိတ်ကပ်လုပ်ရမှာလည်းပေါ့ ဒီတော့မှသူတို့ကရှင်းပြတယ် အလောင်းကိုကြည့်ပါတဲ့ အအေးခန်း Drawer ထဲကထုတ်လာတဲ့ အလောင်းက မျက်နှာတစ်ခုလုံး ရေတွေသီးပြီး အေးခဲယောင်ကိုင်း ပြာနှမ်းနှမ်း ညိုညစ်ညစ်အရောင်ဖြစ်နေတာကို သူ့နဂိုမျက်နှာကျဖြစ်အောင်ပြန်ပုံဖော် မိတ်ကပ်မလိမ်းရင် သူ့နဂိုရုပ်ထွက်မှာကိုမဟုတ်ဘူး ။

ဒီတော့လည်း လုပ်ပေါ့ ရော့မိတ်ကပ်ဖိုး (၁) သောင်း( ၅ )ထောင်။ ကွယ်လွန်သူ တင်ထားတဲ့လှည်းကို ခန်းမထဲဘယ်သူတွန်းမှာလဲ တွန်းမဲ့သူရှိလား တွန်းမဲ့သူမရှိရင်တော့ လှည်းတွန်းခ (၁) သောင်း ပေးရမတဲ့ မြတ်ချွာဖျား ဖြစ်မှဖြစ်ရလေ၊ စိတ်ပေါက်ပေါက်ရှိတာနဲ့ ကျွန်တော်တွန်းမယ်ဗျာလို့ ပြောလိုက်ရတယ် တစ်သောင်းတော့သက်သာသွားတာပေါ့။

အနားကို တစ်ယောက် ရောက်လာပြန်တယ် ဆရာအလောင်းမှာ ရွှေထီးဆောင်းဉီးမလား ဆောင်းမယ်ဆိုရင် ရွှေထီးက ရှေ့နှစ်လက်နောက်နှစ်လက် လေးလက်ဆောင်းရပါမယ် တစ်လက်ကို ၅၀၀၀ နဲ့ (၂) သောင်းကျပါမယ်ဆရာတဲ့

ဟာမလိုပါဘူးကွာ ရွှေထီးတွေဘာတွေလုပ်မနေပါနဲ့။ ပြောလို့မှမဆုံးသေးဘူး အနားက ဆွေမျိုးတစ်ယောက်ကဝင်ပြောပါတယ် ဘယ်ဖြစ်မှာလည်း၊ တင့်တောင့်တင့်တယ်လေးဖြစ်သွားအောင် ဘုရားဒကာ ကျောင်းဒကာမှန်းလည်း သိသွားအောင် ရွှေထီးလေးလက်တော့ဆောင်းရမှာပေါ့တဲ့ ကဲကွာ ဆောင်း ဆောင်း ရော့ ၂၀၀၀၀။

ခန်းမထဲရောက်တဲ့အခါ ပန်းခွေတွေ ပန်းခြင်းတွေတောင် ရောက်နှင့်နေကြပြီ အလောင်းကိုပြင်ဆင် ဇာပုဝါပါးလေးအုပ် ကြည့်ပျော်ရှုပျော်ဖြစ်သွားတော့မှ ဟင်းချမလို့လုပ်တုန်း “ဆရာ ကျွန်တော်တို့ပန်းခွေတွေ ပန်းခြင်းတွေပြင်ဆင်ထားတယ် ပြင်ဆင်မွမ်းမံခ သုံးသောင်းပေရပါမယ်” တဲ့

မင်းတို့ခန်းမအတွက် နှစ်သိန်းရှစ်သောင်းပေးပြီးသားလေဆိုတော့ ဟုတ်ပါတယ်ဆရာ အဲဒီထဲမှာ ပန်းခွေဖို ပန်းခြင်းဖိုးမပါပါဘူး ဟာ ဒါဆိုလည်း ငါ့ကိုမမေးပဲ မင်းတို့ဘာသာလုပ်ထားတာလေ ငါခိုင်းတာမှမဟုတ်တာ ဆိုတော့ “ရပါတယ်ဆရာ ဒီလိုဆိုရင်လည်း ပြန်ဖြုတ်သွားလိုက်ပါမယ်” တဲ့၊ အသုဘပို့ဖို့ ရောက်နေကြတဲ့သူတွေရဲ့ ရှေ့မှာ ပန်းခွေတွေ ပန်းခြင်းတွေ ပြန်ဖြုတ်သိမ်းလို့ ကောင်းမတဲ့လားဗျာ။ ကဲ ဖြုတ်မနေပါနဲ့တော့ကွာ ရော့ သုံးသောင်း။

အချိန်ကျပြီ မီးစက်ဆီအလောင်းကို ပို့ဖို့အချိန်ကျပါပြီဆိုတော့ လှည်းပေါ်မှာပြင်ထားတဲ့အလောင်းကို အခင်းပိတ်စအပါ မပြီး ခေါင်းထဲထည့်ရပြန်ပါတယ်။ အခေါင်းတင်ထားတဲ့လှည်းနောက်မှာ အသုဘရှင်တွေက တန်းစီပြီး ဓာတ်ပုံကိုင်သူကကိုင် ပန်းခွေကိုင်သူကကိုင် ပန်းခြင်းကိုင်သူကကိုင် လှည်းတွန်းသူကတွန်း နဲ့မီးစက်ဆီသွားကြရတာပေါ့။

ဒီမှာလာပြန်ပြီနောက်တမျိုး အိုးခွဲမဲ့သူဘယ်သူလဲ အိုးခွဲမဲ့သူရှိလား အိုးခွဲမဲ့သူမရှိရင် အိုးခွဲဖို့တာဝန်ယူသူကို ငါးထောင်ပေးရပါမယ်တဲ့ ရှည်ရှည်ဝေးဝေးစဉ်းစားနေချိန်မရပါဘူး အေး အေး ခွဲပါကွာ တစ်ယောက်ယောက်ခွဲလိုက် ရော့ ၅၀၀၀။

မီးစက်ရဲ့ တံခါးကြီးပွင့်လာပါပြီ ကဲကဲ အလောင်းသွင်းလို့ရပါပြီ အသုဘရှင်တစ်ယောက်ပဲ လိုက်ဝင်ပါဆိုလို့ တိုးညီတစ်ယောက်ပဲအထဲထိလိုက်သွားရတာပေါ့လေ။ အထဲရောက်လို့ တံခါးကြီးဂျိန်းကနဲ ပြန်ပိတ်ပြီးတာနဲ့ “ဆရာ အစဉ်အလာအရ အခေါင်းနဲ့လွှမ်းထားတဲ့အင်္ကျီပြန်ယူပါမယ်” တဲ့၊ ဟာဒီအတိုင်းကြီးတော့မီးစက်ထဲမထည့်ပါနဲ့ကွာ

“ဒါ အစဉ်အလာပါဆရာ ခေါင်းပါ ထည့်သင်းဂြိုလ်မယ်ဆိုရင်တော့ တစ်သောင်းငါးထောင်ပေးရပါမယ် ဆရာ” ဟေ အဲဒီလိုကြီးလား ထည့်လိုက်ထည့်လိုက် ခေါင်းပါထည့်လိုက် ဘာမှလည်းချွတ်ယူမနေနဲ့တော့ ရော့ ၁၅၀၀၀ ။ ဟူး ဤခရီး စျေးကြီးလိုက်တာ။ ရွှေချစ်(မြန်မာစာ) 17.3.2023 (မူရင်းရေးသားသူအား လေးစားမှုဖြင့် – bkr)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page