လေထဲက ဒေါ်လာ သန်း ၂၀၀ ပြီးတဲ့နောက် လေထဲက ရွှေဒင်္ဂါးတွေ ရောင်းမည်ဟု စကစ ကြေညာ
ရွှေဒင်္ဂါးပြားများကို လွတ်လွတ်လပ်လပ် ရောင်းချပေးမယ်ဟု စကစက ယနေ့ စက်တင်ဘာလ တစ်ရက် ညပိုင်းမှာ ကြေညာလိုက်ပါတယ်။
စကစ လက်အောက်ခံ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ရောင်းချပေးမည် ဖြစ်ပြီး တစ်ကျပ်သား၊ ငါးမူးသားနှင့် တစ်မတ်သား အလေးချိန်ရှိသော ရွှေဒင်္ဂါးပြားများဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မည်သည့်နေ့မှာ စတင်ရောင်းချပေးမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။
ထိုသို့ စကစမှ ရွှေဒင်္ဂါးများ ရောင်းချပေးမယ်ဆိုတဲ့ အတွက် စက်တင်ဘာလ ၂ ရက်မှာ အမေရိကန်ဒေါ်လာဈေးနှင့် ရွှေဈေးနှုန်းများ ကျဆင်းသွားနိုင်တယ်လို့ ဈေးကွက်သုံးသပ်သူတချို့က ဆိုပါတယ်။ ဒါပေမယ့်လည်း မြန်မာ့ရွှေဈေးကွက်နဲ့ နီးစပ်သူ တချို့ကတော့ ရွှေဈေးနဲ့ ဒေါ်လာဈေး ကျဆင်းသွားမယ်ဆိုတဲ့ စကားကို လက်မခံကျပါဘူး။
“ဘယ်နေ့ဘယ်ရက်မှာ ဘယ်လောက်ရောင်းပေးမယ်ဆိုတဲ့ တိကျတဲ့ အချက်အလက်လည်း မပါဘဲနဲ့၊ ရွှေဈေးက ဘယ်လိုလုပ် ကျနိုင်မှာလဲ၊ စကစအနေနဲ့ သူတို့ လက်ထဲက ရွှေတွေကို ထုတ်ချင်တိုင်း ထုတ်ထားတဲ့ ကျပ်ငွေတွေနဲ့ လက်ခံမှာလား၊ ဒေါ်လာနဲ့ ဝယ်လို့ ရတယ်ဆို ဟုတ်သေးတယ်” လို့ ရွှေဈေးကွက်နဲ့ နီးစပ်တဲ့သူတဦးက မှတ်ချက်ပေးပါတယ်။
လက်ရှိအချိန်မှာ ရွှေဈေး အတက်အကျ အလွန်မြန်ဆန်နေပေမယ့်လည်း ဈေးကွက်ထဲမှာ အရောင်းအဝယ် တိတိကျကျ မရှိဘဲ လေထဲက ဈေးတွေအနေနဲ့သာ ဖြစ်နေတာကို တွေ့ရပါတယ်။ ရွှေဆိုင်များ အရောင်းအဝယ် ပိတ်ထားပြီး ဖွင့်ထားတဲ့ ရွှေဆိုင်တွေအနေနဲ့လည်း ၁၅ ပဲရည် အထည်များကိုသာ ရောင်းချပြီး ၁၆ ပဲရည် အခေါက်ရွှေကိုတော့ အဝယ်သာ လက်ခံထားပြီး အရောင်းကိုတော့ ပိတ်ထားတယ်လို့ သိရပါတယ်။