တရားဝင် မထုတ်ပြန်တဲ့ YBS ယာဉ်စီးခ ဈေးတက်သွားတဲ့ ကိစ္စ ဘယ်သူ့မှာ တာဝန်အရှိဆုံးလဲ…

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ YBS ယာဉ်လိုင်းအများစုဟာ ယာဉ်စီးခကို ကျပ် ၄၀၀ အထိ တိုးမြှင့် ကောက်ခံခဲ့ကြပါတယ်။

ယခင်ကလည်း အပိုင်းလိုက် ကောက်ခံမှုတွေ ရှိပေမယ့် အခုချိန်မှာတော့ ယာဉ်လိုင်း အတော်များများက ခရီးစဉ်ဖြတ်တဲ့ အကွာအဝေးကို ချုံ့ပစ်ပြီး ကျပ် ၄၀၀ မဖြစ်ဖြစ်အောင် လုပ်ခဲ့တာကို တွေ့ရပါတယ်။

ယခုလို ဈေးနှုန်းမြင့်တက်သွားတဲ့အတွက် YBS ကို နေ့စဉ်အသုံးပြုနေရတဲ့ ပြည်သူတွေအနေနဲ့ အပိုကုန်ကျမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အစစအရာရာ ကုန်ဈေးနှုန်းတွေ တက်နေတဲ့အချိန်မှာ သွားလာရေး စရိတ်တွေပါ တက်လာတာကို အခြေခံလူတန်းစားပြည်သူတွေက ခါးစည်းပြီး ခံနေရပါတယ်။

ထိုသို့ ဈေးနှုန်းတိုးမြှင့်ဖို့အတွက် ကြေညာချက်များ ကြိုတင် ထုတ်ပြန်ခြင်း မရှိသလို ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က တွဲဖက်အတွင်းရေးမှူး ဦးလျှန်ကျင့်မာန်က ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။

“ယာဉ်စီးခကို တိုးမြှင့်ဖို့ စာတင်တာတော့မရှိပါဘူး။ အရင်တည်းက အပိုင်းလိုက် လေးရာစီ ကောက်‌တဲ့ လိုင်းတွေရှိတယ်လေ။ ကျွန်တော်တို့ကတော့ Yangon Payment Service ကဒ်နဲ့လုပ်ပြီး အကွာအဝေးအရ ညှိလုပ်ဖို့ရှိတယ်။ အကွာအဝေးလိုက်ပေးဆောင်တဲ့စနစ်နဲ့ ကဒ်စနစ်လုပ်ဖို့ရှိတယ်။ ညှိတာပဲရှိတယ်။ တိုးခိုင်းတာတော့မရှိပါဘူး”

YBS တွေကို ကဒ်နဲ့ စီးနင်းရမယ့် စနစ်ဟာ အခုထိ မအောင်မြင်သေးဘဲ ယာဉ်မောင်းများက တပ်ဆင်ထားတဲ့ စက်တွေကိုပါ ဖြုတ်ထားကြတယ်လို့ သိရပါတယ်။

ယခင်က YBS တွေမှာ စပယ်ယာမပါပေမယ့် အာဏာသိမ်းပြီးတဲ့နောက်မှာ စပယ်ယာများ ပေါ်ပေါ်ထင်ထင် လိုက်ပါလာသလို ယာဉ်စီးနင်းခကိုလည်း ကောက်ချင်သလို ကောက်နေကြတယ်လို့ ခရီးသွားပြည်သူတွေက ပြောပါတယ်။

မီနီဘတ်စ်လိုင်းတွေက အခြေအနေ အဆိုးဆုံးဖြစ်ပြီး ယခင်ကြားကားပုံစံလိုဖြစ်ကာ ယာဉ်စီးနင်းခကို ၅၀၀ ပတ်ဝန်းကျင် ကောက်ခံနေကြတယ်လို့ သိရပါတယ်။

YBS ယာဉ်တွေပေါ်မှာလည်း ခါးပိုက်နှိုက်များ အလွန်ပေါများနေပြီး ခရီးသွား ပြည်သူတွေအနေနဲ့ လုံခြုံမှု ကင်းမဲ့စွာနဲ့ စီးနင်းနေရတယ်လို့ သိရပါတယ်။

အရင်ချိန်တွေကဆိုရင် ယခုလို ယာဉ်စီးခ တိုးကောက်မယ်ဆိုပါက လွှတ်တော်မှာ အငြင်းအခုံ ပြုလုပ်ပြီးမှသာ အကောင်အထည် ဖော်မှာ ဖြစ်ပေမယ့် အခုတော့ ပြည်သူကို အသိတချက် မပေးဘဲ ဈေးနှုန်းတက်ခဲ့တာဟာ ဒီမိုကရေစီ ဆုံးရှုံးခြင်းရဲ့ ပြယုဂ်တခုပဲ ဖြစ်နေပါတယ်။

ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေနဲ့လည်း မအောင်မြင်နိုင်မယ့် ကဒ်စနစ်ကို ဇွတ်အကောင်အထည် ဖော်နေမယ့်အစား ပရမ်းပတာဖြစ်နေတဲ့ YBS ယာဉ်လိုင်းတွေကို ဒီထက် ဝန်ဆောင်မှုပိုမိုကောင်းမွန်အောင် ပြုလုပ်သင့်ကြောင်း တိုက်တွန်းလိုက်ပါရေစ ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page