ကြောက်ခေတ်ထဲက မိသားစုတစု အကြောင်း (သို့) ခေတ်ပျက်ထဲက လူငယ်တယောက်ရဲ့ ဖွင့်ဟဝန်ခံချက်

ခေတ်က ဟင်းငတ်စေပါတယ်

ကျွန်တော်တောထဲရောက်နေတာမဟုတ်ဘူး။ အိမ်မှာပဲ ညစာစားနေတာ.. ဒါသိသာပါတယ်။ ပုံရဲ့အဓိကရည်ရွယ်ချက်က ခေတ်ဟာ လူတွေကိုဘယ်လိုပြောင်းလဲပစ်နိုင်သလဲဆိုတာ ပြောပြချင်လို့ပါ။ တိကျမှန်ကန်တဲ့ အချက်အလက်တွေမဟုတ်လောက်ပေမယ့် ကျွန်တော်ကြားခဲ့ သိခဲ့ရတာတွေဆိုတာတော့ စင်စစ် ကျိန်းသေပါတယ်။

ညစာထမင်းဟင်းကို ဖြစ်သလိုစားတဲ့အကျင့်ဟာ ကျွန်တော်တို့မိသားစုမှာ တွယ်ကပ်နေတာ ရာစုနှစ်နဲ့ချီနေပါပြီ။ နှစ်စဉ် ဆောင်းတွင်းဘက်များရဲ့ နေ့ရက်တိုင်းမှာ ဒီလိုပဲဖြစ်သလိုစားကြတယ်။ အတူနေတဲ့ အမေကြီးအတွက်တော့ ဟင်းတစ်ခွက်သီးသန့်ချက်ပေးထားလေရဲ့။

အမေကြီးက အခုဆိုရင် အသက် ၁၀၀ ပြည့်ဖို့ ၃ နှစ်ပဲလိုပါတော့တယ်။ သူဟာ ဗိုလ်ချုပ်တို့နဲ့ တစ်ခေတ်တည်းအတူရှိခဲ့ပြီး စစ်ဒဏ်ကို မှတ်လောက်သားလောက်အောင် ခံစားဖူးတယ်။ ညဘက် ဖယောင်းတိုင်မထွန်းရဲတဲ့ဘဝမှာနေဖူးတယ်။ ဗုံးခိုကျင်းဆီ အဆင်သင့်ပြေးဖို့ လမ်းကိုဦးတည်ပြီး အိပ်ခဲ့ဖူးတယ်။ မရှိရှိတာကို ကြံဖန်ပြီး မလောက်မင စားသောက်ဖူးတယ်။

သူပြောခဲ့တဲ့ ဂျပန်ခေတ်ရဲ့ပုံပြင်တွေ မှန်မမှန်ကျွန်တော်မသိ၊ အတည်ပြုစရာလည်းမလိုခဲ့ပါဘူး။ သူ့အပြုအမူတွေက အခိုင်မာဆုံးသက်သေပဲ။ ည ၇ နာရီဆို အိမ်တံခါးသော့ခတ်ခိုင်းတယ်။ ၈ နာရီအိမ်ပြန်မရောက်ရင် ငိုမတတ်ရင်ပူတယ်။ ၉ နာရီခွဲ ၁၀ နာရီ မီးရောင်မြင်နေရရင် အိပ်မပျော်ဘဲ ထထအော်တယ်။ ထမင်းစားရင် ထပြေးတော့မယ့်အမူအရာနဲ့စားတယ်။ ဟင်းတွေရှိပါလျက် မလောက်မငပုံစံ တို့ကနန်းဆိတ်ကနန်းစားတယ်။ ဒါအမေကြီးရဲ့ ခေတ်ကြောင့် ဖြစ်ပေါ်လာခဲ့တဲ့ ဘဝနေထိုင်မှုပုံစံပါ။

အဖေက ၈၈ မှာ ဆယ်တန်းအောင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် အဲဒီတုန်းက သူ ဘာမှမလုပ်ခဲ့ဘူး။ ဘာလို့လဲဆို အဘိုးဖြစ်သူက ရွာရဲ့သူကြီးဖြစ်နေပြီး တော်လှန်တာကို ပုန်ကန်တယ်လို့ယူဆခဲ့လို့ပဲ။ အဲဒီခေတ်ကနေ နောက်ပိုင်း အဖေဘာတွေကြုံခဲ့လဲ ကျွန်တော်မမေးခဲ့ဖူးပါဘူး။ တက္ကသိုလ်ကဘွဲ့ရပြီးတော့ အိမ်မှာပဲနေပြီး အမေနဲ့လက်ထပ်ခဲ့တယ်။ မြဝတီကို ညတိုင်းကြည့်တယ်။ အခုချိန်ထိ ကြည့်နေတုန်းပဲ။

အမေက ပညာသင်ခွင့်မရခဲ့လို့ အလယ်တန်းတောင် မအောင်ဘူး။ အဖေပြောသမျှယုံတယ်။ သူများကို စိတ်ကျေနပ်အောင် လိုက်နေပေးတတ်တယ်။ အိမ်အလုပ်လုပ်ရမှာပျင်းတယ်။ ဒါကိုယ့်မိသားစု‌အတင်း ကိုယ်ထိုင်ပြောနေတာမဟုတ်သလို ရှက်စရာလည်းမပါဘူးလို့ထင်တာပဲ။ နောက် အမေက ပိုက်ဆံကို တအားနှမြောတယ်။

အဖွားရယ် အဖေရယ် အမေရယ်ပေါင်းပြီးနေတဲ့ အိမ်လေးမှာ ကျွန်တော့်ငယ်ဘဝမှာ ကျောင်းမုန့်ဖိုးမရပါဘူး။ စာကလွဲရင် အပြင်ထွက်ဆော့ကစားခြင်း မရှိခဲ့ပါ။ သူငယ်ချင်းတွေထက် အကျိုးလိုလို့လာပေါင်းတဲ့သူများပါတယ်။ တစ်ရွာလုံးက အရူးလို ဝိုင်ဘုံမြှောက်ထားတယ်။ အတန်းထဲကဘယ်သူဖြစ်ဖြစ် သူတို့အိမ်ကို ဘာလုပ်မယ်ပြောလိုက်တိုင်း ကျွန်တော့်နာမည်ကိုထည့်ပြောကြတယ်။ ကျွန်တော်ပါမှ လွှတ်မယ်ဆိုတဲ့ မိဘတွေတဲ့ .. မသိမသာနဲ့ ကြောက်စရာအင်မတန်ကောင်းတဲ့ ကျေးရွာလေးပါ။

ဆောင်းတွင်းရောက်တိုင်း ပဲကောက်ပဲခူးရတဲ့အတွက် အိမ်မှာလူမရှိပါဘူး။ ဟင်းလျာပြင်ဆင်ပြီးစားတာမျိုးရှားပါတယ်။ ဒါကိုအရေးကြီးတယ်လို့မထင်ပါဘူး။ စုဖို့အတွက်ငွေကိုရှာပြီး သုံးဖို့အတွက် ငွေကိုမရှာကြပါ။ သားသမီးကို ဝင်ငွေရှာဖို့ဦးတည်ပြီး ကျောင်းထားပါတယ်။ Slow Lane ဖြစ်တဲ့ တက္ကသိုလ်တက်၊ ဘွဲ့ယူ၊ အလုပ်ရှာ၊ ငွေစု၊ အိုမင်း – ချမ်းသာဆိုတဲ့လမ်းကို တစ်ခုတည်းသောလမ်းလို့ယုံကြည်ပါတယ်။

သူတို့ရဲ့အယူအဆတွေဟာ သူတို့ရဲ့ခေတ်ကြောင့် ဖြစ်လာပြီး ကျွန်တော်တို့မောင်နှမရဲ့ခေတ်ကိုပါ လာထိခိုက်ပါတယ်။ အပြစ်တင်တာမဟုတ်ပါဘူး၊ အဖြစ်မှန်ကိုပြောပြနေတာပါ။ ဘာလို့ဆို လေယာဉ်ပျံသံကြားတိုင်း ထထအော်တဲ့အမေကြီးကို ကျွန်တော်ချစ်နေဆဲမို့ပါ။ ခေတ်ဟာ သူတို့အတွက်တစ်ခေတ်တည်းရှိခဲ့ပါတယ်။ ကြောက်ကြောက်နေ ကြောက်ကြောက်စား ကြောက်ကြောက်သေဆိုတာပါပဲ။

အခုကျွန်တော်တို့ခေတ်ဟာ အဲဒီဘက်ကိုယိမ်းလာတာ တအားသိသာတယ်နော်။ ညဘက်တွေမှာ ပိုသိသာတယ်။ တောတောင်ထဲမှာ ပိုသိသာတယ်။ နယ်ဝေးဒေသတွေမှာ ပိုသိသာတယ်။ ဒါပေမယ့် ကျွန်တော်တို့ မသိချင်ယောင်ဆောင်ကြပါတယ်။ ဟုတ်တယ်မလား။ ကြောက်ခေတ်ဆိုတာ ကြောက်မှဖြစ်တာပါဆိုပြီး အိမ်အပြင်မထွက်ရဲတဲ့ လူငယ်များပေါ့။

ဘာရယ်မဟုတ်ပေမဲ့ ကျွန်တော့်အဖွားရဲ့ခေတ်မျိုး နောက်တကြော့ပြန်ခဲ့ရင် ကျွန်တော့်မြေးတွေရဲ့ခေတ်ဟာ ကျွန်တော်နဲ့လာထပ်တူကျလာလိမ့်မယ်လို့တွေးမိတိုင်း ညဘက်အိပ်မပျော်သောပါပဲ။ ဒီစာဟာ တိုက်တွန်းဖို့ရေးတာမဟုတ်သလို၊ ဆော်ဩဖို့လည်းမဟုတ်၊ သတိပေးဖို့ဆို ဝေလာဝေး။ ကျွန်တော့်မိဘတွေ ဘယ်လိုကြောက်တတ်ကြောင်းပဲ ပုံပြင်တစ်ပုဒ်လာပြောပြတယ်မှတ်ပါ။ ခေတ်ဟာ ကျွန်တော်တို့ကို ပုံစံသွင်းနေပါပြီ။ မသိချင်ယောင်ဆောင်ထားလို့သာ အေးချမ်းနေကြတာ …

Htoo Aung Zaw

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page