တဒေါ်လာ ၆ ကျပ် ပုံသေထားမိလို့ ဆင်းပေးလိုက်ရတဲ့ ဦးနေဝင်းနဲ့ ဇက်ကြိုးတပ်မရတဲ့ ငွေကြေး

ငွေကြေးဆိုတာက ထိန်းချုပ်လို့ မရတဲ့သဘောရှိတယ်။ တကမ္ဘာလုံးမှာ အခုသုံးနေကြတဲ့ ငွေတွေရဲ့ တန်ဖိုးက ဘယ်လိုမှကို အမိန့်အာဏာနဲ့ ထိန်းချုပ်လို့ မရဘူး။ သူ့တန်ဖိုးအမှန်အတိုင်းပဲ သူ့အလိုလို ရောက်သွားတာ။ ငွေကြေးရဲ့သဘောကို မြင်သာအောင် ဥပမာ ပြပါမယ်။

အိမ်တအိမ်မှာ ညီအကို ၁၀ယောက် နေတယ် ဆိုပါတော့ သူတို့မှာ မိဘအမွေ ရွှေ ၁၀သား ရှိတယ် အားလုံးစုပေါင်းပိုင်ဆိုင်တယ်။ ဒါကို အလွယ်တကူ အချင်းချင်း လှည့်လည်လို့ရအောင် ကူပွန် ၁၀ခု လုပ်ပြီး တယောက်တခုစီ ယူထားတယ်။ အဲဒီ ကူပွန် တခုစီက ရွှေ ၁ကျပ်သားနဲ့ ညီမျှတယ်လို့ သဘောတူထားကြတယ်။ အပြင်ကလူတွေကိုလည်း ဒီအကြောင်း ပြောထားတာကြောင့် ရပ်ကွက်ကလည်း လက်ခံတယ်။ သူတို့မှာ ရွှေ ၁၀သား ရှိနေမှန်း သိကြတယ်။

အဲဒီလိုနဲ့ တချိန်မှာ အိမ်ထောင်ပြုလိုက်ကြတာ လူ ၂၀ ဖြစ်သွားတယ်။ အဲဒီအခါ လူတိုင်း အဆင်ပြေအောင် ဆိုပြီး ကူပွန် ၁၀ခု ထပ်လုပ်ပြီး မိန်းမတွေကို ထပ်ပေးလိုက်တယ် ။ ရွှေက ၁၀သား၊ ကူပွန်က ၂၀ ၊အဲဒီအချိန်မှာ ကူပွန် ၁ ခုဟာ ရွှေငါးမူးသားပဲ ဖြစ်သွားပြီ ၊ကူပွန် ၁ခုရဲ့တန်ဘိုးက မူလအတိုင်း ရွှေ ၁ကျပ်သားပါပဲလို့ သူတို့ ဘယ်လို ပြောပြော လူတွေက လက်မခံတော့ဘူး။

ဒါက ငွေကြေးဖောင်းပွမှု Inflation ကို အလွယ်ဆုံး ဥပမာ ပေးတာပါ ။ကျောထောက်နောက်ခံ ဥစ္စာဓန (Wealth ) မရှိဘဲ ငွေစက္ကူတွေ ရိုက်ထုတ်တာ အဲဒီသဘောပါပဲ။ တချိန်မှာ သူတို့တွေ တနည်းနည်းနဲ့ အမွေထပ်ရလို့ဖြစ်စေ ဝင်ငွေကောင်းလာလို့ဖြစ်စေ နောက်ထပ် ရွှေ ၁၀သ ား ထပ်စုမိလာတဲ့ အချိန်မှာတော့ ကူပွန် ၁ ခုရဲ့ တန်ဘိုးဟာ ရွှေ ၁ကျပ်သား ပြန်ဖြစ်လာတာပဲ။

ငွေကြေးဆိုတာ အဲဒီသဘောပဲ။ သူ့တန်ဖိုးကို အမိန့်အာဏာနဲ့ သတ်မှတ်လို့ မရဘူး။ စီးပွားရေးအခြေအနေ၊ ဥစ္စာဓနပိုင်ဆိုင်မှုတွေက ဆုံးဖြတ်ပေးတာ ကိုယ့်ငွေကြေးရဲ့ ပကတိတန်ဖိုး အပေါ်မူတည်ပြီး နိုင်ငံတကာ ငွေကြေးတွေနဲ့ လဲလှယ်တဲ့နှုန်း ( Exchange Rate )က ပြောင်းနေတယ် ။ကိုယ့်ငွေကြေး တန်ဖိုးတက်ရင် ငွေလဲနှုန်းက လျော့ကျသွားမယ်။ ကိုယ့်ငွေကြေး တန်ဘိုးကျသွားရင် ငွေလဲနှုန်းက မြင့်တက်လာမယ် ။

ဒီနေရာမှာ မေးခွန်းတခုက ငွေလဲနှုန်း (Exchange Rate) ကို နှုန်းသေ (Fixed Rate)ထားချင်ရင် ရသလားဆိုတာပါပဲ။ အဖြေက ရပါတယ်။ ဒါပေမယ့် အဲဒီ နှုန်းကို ကျောထောက်နောက်ခံပေးနိုင်မယ့် ဥစ္စာဓန (Wealth)မျိုး ရှိမှရတယ်။ ဥပမာတခု ပြပါမယ် ကာတာနိုင်ငံသုံးငွေကြေး ရီးယဲလ် (Qatari Riyal) ဟာ နှုန်းသေပါပဲ။ ၁ ဒေါ်လာကို ၃.၆၄ ရီးယဲလ် ဆိုပြီး ဒေါ်လာနဲ့ အသေချိတ်ထားတာ ဒေါ်လာဈေးတက်တက် ကျကျ သူ့ငွေလဲနှုန်းက ဒီတိုင်းပဲ။

ဘာလို့ အဲဒီလို လုပ်လို့ရလဲဆိုတော့ ကာတာဟာ ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံတွေထဲပါလို့ သူ့ဥစ္စာဓနနဲ့ သူ့ငွေကို ကျားကန်ထားတယ်။ ဒေါ်လာ ကြိုက်သလောက် လာရောင်း အဲဒီနှုန်းနဲ့ ဝယ်နိုင်တယ် ။ အဲဒီလိုပဲ သူ့ငွေနဲ့ ဒေါ်လာကြိုက်သလောက်လာဝယ် အဲဒီနှုန်းနဲ့ ရောင်းပေးနိုင်တယ် ။ဒီတော့ ပြဿနာမရှိဘူး။

အဲဒီလိုမလုပ်နိုင်ရင်တော့ နှုန်းသေ သွားလုပ်လို့မရဘူး ။နှုန်းရှင် (Floating Rate)ပဲ ထားရတယ်။ဈေးကွက်ရဲ့ ပေါက်ဈေးအတိုင်းပေါ့ ။ ဒီလို မလုပ်နိုင်ဘဲ နှုန်းသေသွားလုပ်ရင် ကမောက်ကမတွေ ဖြစ်တာပဲ။ ဆိုရှယ်လစ်ခေတ်ကတည်းကနေ ၁ ဒေါ်လာကို ၆ကျပ်ခွဲ လို့ ပုံသေသတ်မှတ်ထားတာ ၁ ဒေါ်လာကို ၁၀၀၀ ကျော်လာတဲ့အထိလည်း သူ့နှုန်းက ၆ကျပ်ခွဲပဲ။

ဒါပေမယ့် အဲဒီနှုန်းနဲ့ တကယ်လဲပေးနိုင်လား ဆိုတော့ မပေးနိုင်ဘူး။ ဒီတော့ ဒေါ်လာမှောင်ခိုဈေးကွက်ကြီး အကြီးကြီးကို ပေါ်လာတာပေါ့။ တကယ် ဒေါ်လာ အရောင်းအဝယ်က အဲဒီမှာပဲ ဖြစ်တာလေ။ တကယ့် ငွေလဲနှုန်းအမှန်က အဲဒီမှောင်ခိုဈေးကွက်က ပေါက်ဈေးပဲ။ အမှန်တကယ်လုပ်ရမှာက ဒေါ်လာကို နှုန်းရှင် လုပ်လိုက်ကတည်းက ဒေါ်လာမှောင်ခိုဈေးကွက် ပျောက်သွားတာပဲ။ သူ့ပေါက်ဈေးအတိုင်း တရားဝင် ကြိုက်ရောင်းကြိုက်ဝယ်ပဲလေ။ မှောင်ခိုက ဘယ်သူက ဝယ်တော့မှာလဲ။

နှုန်းသေပြန်လုပ်တော့ ပေါက်ဈေးအမှန်နဲ့ ကွာဟသွားပြီ ။အဲဒီ ကွာဟသွားတဲ့ တန်ဖိုးကို ကာမိအောင် ဈေးတွေ တင်ကြမှာပဲ။ စီးပွားရေး-Business လုပ်တာ ဘယ်သူမှ အရှုံးခံမလုပ်ကြပါဘူး ။ ဈေးကို တင်လို့ ရရင်ရ မရလို့ ရှုံးရင် ရပ်ပစ်လိုက်မှာပဲ ။ ဒီတော့ ကုန်ပစ္စည်းတွေ ဈေးတက်ရင်တက် ၊မတက်ရင် ရှားပါးသွားပြီပေါ့။

စီးပွားရေး-Business ရဲ့ သဘောမှာက ရှုံးနေရင် ရပ်ပစ်ရတယ်။ မရပ်ဘဲ ဆက်လုပ်နေရင် လုပ်လေ ရှုံးလေ ဖြစ်မှာမို့ ရပ်ပစ်လိုက်ရင် မရှုံးတော့ဘူးပေါ့ ။(တချို့ လုပ်ငန်းတွေကျတော့ ရာသီအလိုက် ရှုံးတတ်တဲ့ မြတ်တတ်တဲ့ အချိန်တွေရှိတယ် ။အဲဒါမျိုးကိုတော့ မဆိုလိုပါဘူး။ ဒါမျိုးကျ အရှုံးအမြတ်ကို ၁နှစ်စာ ခြုံငုံပြီး ကြည့်ရတာပေါ့)

အဲဒီလို ရပ်ပစ်လိုက်တော့ ဘာဖြစ်လာမလဲဆိုရင် ကုန်ပစ္စည်းတွေ အကုန် ရှားပါးသွားပြီပေါ့။ ကုန်ပစ္စည်းရှားပါးတာနဲ့အမျှ ဈေးကွက်သဘောအရ ဈေးက တက်လာမှာပဲ ။အဲဒါကိုလည်း အမိန့်နဲ့ အာဏာနဲ့ထိန်းလို့ မရဘူး ထိန်းရင် မရောင်းဘဲ နေလိုက်ကြမှာပဲ ။ ရောင်းစရာ ပစ္စည်းမှ မရှိရင်လည်း ဘယ်လို အမိန့်ထုတ်ထုတ် ရောင်းလို့ကို မရဘူးလေ။ ငွေကြေးသာ ပြိုလို့ကတော့ တဆင့်ချင်းစလာလိုက်တာ ဘဏ်တွေ အကြပ်အတည်းကနေ အခု ပြင်းထန်တဲ့ ငွေကြေး ဖောင်းပွမှု အထိ လာပြီ။ အချိန်ဘာမှ မကြာလိုက်ဘူး။

ဇင်ဘာဘွေမှာလို Hyperinflation အထိ မဖြစ်သေးပေမယ့် ဒါကို မထိန်းနိုင်ရင် မကြာခင်ဖြစ်လာနိုင်တော့မယ့် Risk ရှိနေတယ်။ ငွေတန်ဘိုး ပြန်တက်ဖို့ ခဏထား ဆက်မကျအောင် (တည်ငြိမ်လာအောင်) လုပ်ဖို့တောင် အတော်ကို ခက်တာပါ။ ငွေကြေးကို ထိန်းဖို့ တခုတည်းသော နည်းလမ်းက “ငွေ” ပဲ ။ ငွေရှိမှရမယ် ငွေနဲ့ ထိန်းနိုင်ရင်ထိန်း၊မထိန်းနိုင်ဘဲ ဆေးမြီးတိုတွေနဲ့ ထင်ရာ လျှောက်လုပ်နေရင်တော့ ဆိုးသထက်ဆိုးလာမှာပဲ။ (Harry Lwin)

(ဖြည့်စွက်ချင်တာက – ငွေရှိရမယ် ငွေနဲ့ထိန်းဖို့အတွက် ပြည်တွင်းကလုပ်ငန်းရှင်တွေကို လွတ်လပ်စွာလုပ်ကိုင်ခွင့်ပြန်ပေးရပါမယ် ။သူတို့က ပြည့်ဝမ်းစာတွေပါ။ လတ်တလောကုစားနိုင်ရေးအတွက် သူတို့လုပ်နိုင်ကိုင်နိုင်ဖို့ အထူးအချိန်ကာလတစ်ခုသတ်မှတ်ပြီး ထိန်းချုပ်ကန့်သတ်ချက်မှန်သမျှ (သုည) အထိလျော့ချပြီး ပြည်တွင်းဓနအင်အား ငွေကြေးအမြန်ပြန်လည်လည်ပတ်နိုင်ဖို့ လုပ်ကြရပါမယ်။ လည်ပတ်မှုအရှိန်အဟုန်ပြန်ရတဲ့အချိန်မှသာ Market Control Policy ကိုပြန်အသက်သွင်းဖို့လုပ်ကြရပါမယ်) (AungMoeHan)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page