YBS ယာဉ်စီးခ ၄၀၀ ဆိုတဲ့ စာတွေ ပြန်ဖြုတ်ခိုင်းထား၊ ၂၀၀ ထက် ပိုမကောက်ဖို့ ညွှန်ကြားထားဟုဆို
ရန်ကုန်တိုင်းအတွင်း ပြေးဆွဲနေကြလျက်ရှိတဲ့ YBS ယာဉ်လိုင်းတချို့မှာ ၂၂.၂.၂၀၂၂ ရက်နေ့ကစတင်ပြီး ငွေသား (ပုံသေ) ၄၀၀ ကျပ်၊ YPS ကတ်နဲ့ဆို ၃၆၀ ကျပ် တိုးမြှင့်ကောက်ခံသွားတော့မှာ ဖြစ်ကြောင်း စာများကပ်ထားခြင်းကို ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ ပြန်လည်ဖြုတ်ခိုင်းထားတယ်လို့ သိရပါတယ်။
“ကားပေါ်က ကပ်ထားတဲ့ စာရွက်တွေကို အခု ဖြုတ်ခိုင်းထားပါတယ်။ အဲ့ဒါတွေက အတည် မဟုတ်ပါဘူး။ သူတို့ ကုမ္ပဏီတွေက တင်ပြထားတာပဲ ရှိသေးတယ်။ သူတို့က ဆွေးနွေး ထားတာတွေကို အခုလိုတွေ လျှောက်တင်တာပါ။ ခွင့်မပြုထားပါဘူး။ အဲ့ဒါတွေကို ဖြုတ်လည်း ဖြုတ်ခိုင်းထားတယ်။ စျေးလည်း တိုးမကောက်ဖို့ ပြောထားပါတယ်” လို့ YRTC ရဲ့တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က ဆိုပါတယ်။
စက်သုံးဆီအပါအဝင် အခြားအပိုပစ္စည်းများ ဈေးနှုန်းမြင့်တက်လာမှုနဲ့ မော်တော်ယာဉ်ပြုပြင်ထိန်းသိမ်းမှုစရိတ်တွေ မြင့်မားလာတဲ့အတွက် ရန်ကုန်မြို့တွင်းပြေးဆွဲနေတဲ့ YBS ယာဉ်စီးခတွေကို ငွေကျပ် ၄၀၀ သို့တိုးမြှင့်ကောက်ခံနိုင်ရေးအတွက် ယာဉ်လိုင်းကုမ္ပဏီများဘက်က ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်မှု ကြီးကြပ်မှုကော်မတီ (YRTC) ထံသို့တင်ပြထားကြောင်းနဲ့ ယခုလောလောဆယ်မှာတော့ ညှိနှိုင်းနေကြဆဲပဲ ရှိသေးတယ်လို့ သိရပါတယ်။
ဒါပေမယ့်လည်း YBS ယာဉ်တွေမှာ ယာဉ်စီးခတွေကို ၄၀၀ ကျပ်သို့ တိုးကောက်လျက်ရှိပြီး တချို့လိုင်းတွေမှာ ၅၀၀ အထိပါ တိုးကောက်နေတယ်လို့ သိရပါတယ်။ ပြည်သူတွေအနေနဲ့လည်း ယာဉ်စီးခ ၂၀၀ ကျပ်ကနေ ၄၀၀ ကျပ် (၁၀၀ ရာခိုင်နှုန်း) ပေးနေရတဲ့အတွက် အခက်အခဲ ဖြစ်ကြောင်း ပြောဆိုနေကြပါတယ်။
လက်ရှိအချိန်မှာ ယာဉ်လိုင်းတွေက တိုးကောက်နေပြီး ယာဉ်လိုင်းကြီးကြပ်မှုကော်မတီက တိုးမကောက်ပါဘူး ပြောတဲ့အတွက် ပြည်သူများအနေနဲ့ မျက်စိလည်နေကြပါတယ်။ ခေတ်စားနေတဲ့ မမဆောင်း စကားလို တိုးကောက်နေပေမယ့်လည်း တိုးမကောက်ပါဘူးလို့ ပြောရမလို ဖြစ်နေကြောင်း သိရပါတယ်။