ကျချင်ယောင်ဆောင်ပြတဲ့ ရွှေ၊ ဒေါ်လာဈေးနဲ့ လက်မည်းကြီးတို့ရဲ့ ဈေးကစားခြင်း အနုပညာ

မြန်မာရွှေစျေးတွေ ထိုးကျပြနေတာဟာ ဒေါ်လာစျေးကို ကျ ယောင်ဆောင်ပြတဲ့ စျေးနှုန်းကြောင့်ပါ။ အမှန်က ရွှေစျေးဟာ ဒေါ်လာစျေးနဲ့ ချိန်ညှိထားလို့ ရွှေစျေးတွေ ထိုးကျပြရင် စျေးကွက်မှာ ဒေါ်လာစျေးတွေပါ လိုက်ပါ ကျလာမယ်ဆိုတဲ့ ကလေးအတွေးနဲ့ လုပ်နေလို့ပါ။

လက်ရှိ စျေးကွက်မှာ ဒေါ်လာစျေးကို နှိမ်ဝယ်နေကြလို့ အရောင်း မရှိသလောက်ပါပဲ။ ကမ္ဘာမှာ ဒေါ်လာစျေး မာလာတဲ့အချိန်မှာ မြန်မာမှာ ဒေါ်လာစျေးကျပြီ ဟစ်ကြွေးနေကြတာဟာ ဟာသ တခုပါပဲ။ ရွှေစျေးတွေ ထိုးကျတာလည်း လုပ်ဇာတ်တခု လုပ်ပြနေတာကို သိရင် အခုချိန် အဝယ်သင့်ဆုံးပါ။

အမေရိကန်ဗဟိုဘဏ်က အတိုးမြှင့်လိုက်တာ သေချာသွားလို့ ဒေါ်လာစျေးက မာသထက် မာသွားတယ်။ အမေရိကန်ဟာ သူဒေါ်လာတွေ သူဆီပြန်လာဖို့ ဖိတ်ခေါ်လိုက်တော့ အခုလို နိုင်ငံတကာမှာ ကိုဗစ်နဲ့ စစ်ပွဲတွေကြောင့် စီးပွါးမကောင်းတော့တဲ့ ငွေရှင်တွေက အမေရိကန်ထဲမှာ ပြန်ရင်းဖို့ အာရုံကျလာတော့ အမေရိကန် စီးပွါးရေးဟာ ပြန် တက်လာဖို့ ရှိပြီး နည်းပညာတွေလည်း တိုးတက်လာဖို့ ရှိတယ်။ အမေရိကန်ဒေါ်လာတွေ မာလာတော့ ကျန်တဲ့ နိုင်ငံတကာက စီးပွါးရေးတွေဟာ ထိုးကျ ရပ်တန့်သွားမည့်အနေအထား ဖြစ်သွားတာ။

မြန်မာနိုင်ငံအတွက်ဆို ဒေါ်လာစျေးတွေက တက်သထက် တက်လာတော့မှာ။ ပြည်ပထွက် အလုပ်လုပ်တဲ့သူ ဘယ်လောက်များတယ်ပဲ ဆိုဆို မြန်မာကျပ်ငွေ တန်ဖိုးကျနေတဲ့ အရှိတရားကိုမျက်ကွယ်ပြုပြီး စျေးနှိမ်ဝယ်နေတဲ့ ငွေကြေးပေါ်လစီအမှားကြောင့် မှောင်ခိုစျေးကွက်တွေ ဖြစ်ပြီး ဒေါ်လာ အဝယ်နဲ့ အရောင်း စျေးကွာဟချက်တွေကြောင့် ပြည်ပက လူတွေဟာ သူမိသားစုအတွက် ငွေလွှဲပေးချင်တာတောင် လူထက်ဝက်ကျော်ဟာ မလွှဲတော့ပဲ ဖြစ်နိုင်ရင် တမိသားစုလုံးကို ပြည်ပ ခေါ်ထုတ်ဖို့တွေ လုပ်လာကြတယ်။

စိုက်ပျိုး မွေးမြူရေးကနေ နိုင်ငံခြားငွေတွေ ရဖို့အတွက်ကလည်း စိုက်ပျိုးမွေးမြူလို့ကောင်းတဲ့ နေရာတွေမှာ စစ်ပွဲတွေ ဖြစ်နေတော့ စိုက်မည့်တောင်သူ၊ မွေးမည့် မွေးမြူရေးသမားလည်း နည်းကုန်တော့ စိုက်ပျိုးမွေးမြူရေး အထွက်ကျပြီး နိုင်ငံခြားငွေက ရဖို့ ခက်နေတယ်။ ရွှေတွေ ထွက်ပြီး တူးဖော်ဖို့ကျတော့ ရွှေတူးရာမှာ အသုံးပြုတဲ့ အရာတွေဟာ တားမြစ် ကုန်စည်တွေအဖြစ် ပိတ်ထားတော့ ရွှေအထွက်က နည်းလာတယ်။

မြန်မာကျပ်ငွေတန်ဖိုးကျတာဟာ အမေရိကန်ဒေါ်လာစျေးတက်တာနဲ့လည်း မဆိုင်ပြန်တော့ ဒေါ်လာစျေးဟာ တက်သထက် တက်ဖို့ပဲရှိတယ်။ သွင်းကုန်တွေ တင်ပို့ရာမှာ တားဆီးပိတ်ပင် အခက်အခဲတွေ လာဘ်ထိုးမှုတွေ များလာတော့ ဆေးအပါအဝင် အစားအစာ ကုန်စည်တွေဟာ စျေးကြီးသထက် ကြီးလာတယ်။ ကုန်စျေးနှုန်းတွေ တက်တော့ ကျပ်ငွေရဲ့ ဝယ်နိုင်စွမ်းတွေ ကျသထက် ကျလာလို့ မြန်မာကျပ်ငွေ တန်ဖိုးက ပိုကျလာတယ်။

တချို့ က ဒေါ်လာစျေးတွေ ကျတာတောင် အခြေခံ စားကုန်စျေးတွေ မကျလို့ အားမလို အားမရဖြစ်နေတယ်။ အခြေခံစားကုန်စျေးတွေဟာ ဒေါ်လာစျေးနဲ့ တစိတ်တပိုင်းပဲ သက်ရောက်တာ။ စက်သုံးဆီစျေးတွေကို လက်ဝါးကြီးအုပ် အမြတ်ထုတ်နေကြတာရယ်။ သွင်းကုန်တွေကို လူတစုကသာ အမြတ်ထုတ် သွင်းခွင့်ရနေတာတွေဟာ အခြေခံစားကုန်စျေးတွေကို မြင့်တက်စေပြီး ကျပ်ငွေတန်ဖိုးကို နေ့စဉ် ကျဆင်းစေတဲ့ အကြောင်းရင်းတွေပဲ ဖြစ်တယ်။

အခု ဒေါ်လာနဲ့ ရွှေကို လူတစုလက်ထဲမှာ စိတ်ကြိုက်အနေအထားနဲ့ ထိန်းထားနိုင်လို့ မြန်မာကျပ်ငွေ တန်ဖိုးဟာ ပြန်မာလာသလိုတွေ ဝါဒဖြန့်နေကြတာ။ တကယ်ကတော့ အဲဒီဝါဒဖြန့်နေသူအများစုဟာ စျေးအကျစောင့်ပြီး ခိုင်မာမှု အရှိဆုံး ရွှေနဲ့ ဒေါ်လာကို သိမ်းချင်လို့ပဲ၊ အဲဒီလူတွေဟာ မြန်မာကျပ်ငွေတန်ဖိုးဟာ ထိန်းမရအောင် တင်းကြပ်မှုတွေကြားကနေ တန်ဖိုးကျနေတာ သိတော့ စျေးကွက်ထဲမှာ သူတို့ လိုချင်တဲ့ ဒေါ်လာနဲ့ ရွှေကို စျေးပေါပေါနဲ့ ရအောင် သိမ်းဖို့ စီးပွါးရေးသီအိုရီတွေ ချပြပြီး တွက်ပြနေတာ။

တကယ်တော့ မြန်မာစီးပွါးရေးဟာ သီအိုရီမရှိတဲ့ အာဏာရှင်တွေ စိတ်ကြိုက် သွန်ချင်သလို သွန်၊ မှောက်ချင်သလို မှောက် ကစားနေတာကို သတိပြုမိရင်ပဲ မိမိလက်ထဲမှာ အခိုင်မာဆုံးဖြစ်တဲ့ ရွှေနဲ့ ဒေါ်လာကိုပဲ ကိုင်ထားကြမှာပါ။ (Aung Kyaw Oo)

Leave a Reply

Your email address will not be published.

x

You cannot copy content of this page