ဒေါ်လာဈေး ၃၁၀၀ နဲ့ ရွှေဈေး ၂၈ သိန်း ရုတ်တရက် ထိုးတက်သွားရတဲ့ အဓိက အကြောင်းရင်း
ပြည်တွင်းဈေးကွက်တွင်တစ်ဒေါ်လာလျှင် ကျပ် ၃၁၀၀နှင့် ရွှေတစ်ကျပ်သားလျှင် ကျပ် ၂၈သိန်းကျော်အထိဈေးတက်လာကြောင်း သိရပါတယ်။ ဩဂုတ်၁၃ ရက်တွင်တစ်ဒေါ်လာလျှင် ၃၀၀၀ ကျပ်အထိစံချိန်တင်ဈေးတက်ခဲ့ပြီးနောက် စကစက ဒေါ်လာဝယ်ရောင်း အချို့ကို ဖမ်းခြင်း၊ ဖမ်းဆီးမည်ဟု ခြိမ်းခြောက်ပြီးနောက် ၃၀၀၀ ကျပ်အောက် ခေတ္တပြန်ကျခဲ့ပါတယ်။
ထိုနောက် ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဈေးနှုန်းမြင့်တက်လာရာ ယနေ့တွင် ၁ ဒေါ်လာ ၃၁၀၀ ကျပ်ဈေးအထိ ဘယ်တုန်းကမျှ မရောက်ဖူးသောနှုန်းသို့ မြင့်တက်လာကာ ၊ကျပ်ငွေတန်ဖိုးထပ်မံစံချိန်တင်ကျဆင်းခဲ့ခြင်းဖြစ်ပါတယ်။
ရွှေဈေးမှာ တစ်ကျပ်သားလျှင် ၂၈ သိန်းကျော် (၂,၈၁၀,၀၀၀) အထိဈေးတက်လာသည်ဟု ဈေးကွက်အတွင်းကနေ သိရပါတယ်။ “ဒီနေ့ညနေပိုင်းအထိ ဒေါ်လာလိုက်ဝယ်နေကြတယ်။ တချို့နေရာတွေမှာ တစ်ဒေါ်လာ ၃၂၀၀ ကျပ်အထိ ပေါက်ဈေးရှိတယ်” လို့ ဒေါ်လာအရောင်းအဝယ်လုပ်သူ တဦးက ပြောပါတယ်။
ဒေါ်လာဈေးသည် ဩဂုတ်လ ၂၃ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၂၈၀၀ ကျပ်မှ ၂၉၀၀ကျပ်အထိသာ ပေါက်ဈေး ရှိခဲ့သော်လည်း ယနေ့ နေ့လယ်ပိုင်းမှ စတင်ပြီး တစ်ဒေါ်လာလျှင် ကျပ် ၃၁၀၀ ကျော်အထိ တဟုန်းထိုးမြင့်တက်ခဲ့ခြင်းဖြစ်ပါတယ်။
“မနက်က စစ်ခေါင်းဆောင်တွေကို အိုင်စီစီမှာ တရားစွဲမယ်လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ထုတ်ပြန်တာကြောင့် ဈေးကွက်ထဲမှာ ဒေါ်လာနဲ့ရွှေဝယ်တဲ့သူများလာတာ။ ဘယ်လောက်များလဲဆိုတော့ ညဘက်အထိ လိုက်ဝယ်နေကြတုန်း”ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူတစ်ဦးက ပြောပါတယ်။
ထိုအပြင်ဒေါ်လာငွေစက္ကူအသစ်နှင့် နံပတ်စဉ်လိုက်ရှိသည့် ဒေါ်လာငွေစက္ကူထုတ်များမှာ ဈေးကွက်အတွင်း ကြိုက်ဈေးရနေသည်ဟု ဒေါ်လာအရောင်းအဝယ်လုပ်သူများကပြောပါတယ်။ ပြည်တွင်းအခေါက်ရွှေဈေးမှာလည်း တနေ့က တစ်ကျပ်သားလျှင် ၂၇ သိန်းခွဲခန့်သာရှိသော်လည်း ယနေ့နေ့လယ်ပိုင်းတွင် ၂,၈၁၀,၀၀၀ကျော်အထိမြင့်တက်လာတာ ဖြစ်ပါတယ်။
ဒေါ်လာနှင့်ရွေဈေးနှုန်းများ စံချိန်တင်မြင့်တက်နေသော်လည်းဈေးကွက်အတွင်း အခေါက်ရွှေတုံးများဝယ်ယူ၍မရကြောင်းလည်း ရွှေလုပ်ငန်းရှင်များက ပြောပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာလျှင် ကျပ် ၂၁၀၀ နှင့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်အသင်းက အခေါက်ရွှေတစ်ကျပ်သား ၂,၀၆၂,၀၀၀ကျပ်သာ ဈေးဖွင့်ထားပါတယ်။ လက်ရှိတွင် ဒေါ်လာနှင့်ရွှေမှာ ဝယ်လိုအား များနေသောကြောင့် ဈေးဆက်လက်မြင့်တက်နိုင်သည်ဟု ဒေါ်လာနှင့်ရွှေအရောင်းအဝယ်လုပ်သူများက ပြောပါတယ်။