လူငယ်တွေ စာမဖတ်ကြတော့ဘူးလို့ ထင်နေတုန်းလား (အောင်မြင်မှု ရရှိခဲ့တဲ့ စာအုပ်ဈေးပွဲတော်)

Yangon Book Plaza မှာ အောက်တိုဘာ ၇ ရက်ကနေ စခဲ့တဲ့ စာအုပ်ဈေးပွဲတော်ဟာ ထင်မှတ်မထားလောက်အောင် အောင်မြင်ခဲ့တာကို တွေ့ရပါတယ်။ အောက်တိုဘာ ၇ ရက်နေ့ကနေ စပြီး ဆိုင်လုံးကျွတ် စာအုပ်များကို ဈေးလျှော့ပေးတဲ့ အနေနဲ့ ရုပ်ပြစာအုပ်များ၊ ဝတ္ထုစာအုပ်များကို (၄) အုပ် ၁၀၀၀၊ (၃) အုပ် ၁၀၀၀၊ (၁) အုပ် ၅၀၀၊ ရုပ်ပြစာအုပ်ကြီး တအုပ်ကို ၁၀၀၀ ဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။

တခြားစာအုပ်တိုက်များကလည်း ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်း အသီးသီး လျှော့ပြီး ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ တခေတ်တခါက လူငယ်တွေကြားမှာ ရေပန်းစားခဲ့တဲ့ ဝတ္ထုနဲ့ ရုပ်ပြစာအုပ်တွေကို လက်ဖက်ရည်ဆိုင် တခါထိုင်စာ မရှိတဲ့ ဈေးနှုန်း၊ မုန့်ဟင်းခါး တပွဲစာ ဈေးနှုန်းနဲ့ ရောင်းချပေးခဲ့တာကြောင့် လူငယ်တွေ အထူးစိတ်ဝင်စားပြီး အများအပြား လာရောက် ဝယ်ယူခဲ့တယ်လို့ သိရပါတယ်။

အောက်တိုဘာ ၇ ရက်နေ့ကနေ စပြီး နေ့စဉ် နံနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ ဖွင့်လှစ်ထားတဲ့ စာအုပ်ဈေးပွဲတော်ဟာ ယနေ့ဆိုရင် နောက်ဆုံးနေ့ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ လက်ရှိကာလမှာ လူပြောအများဆုံး ဝေဖန်မှုတခုကတော့ လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုတဲ့ အကြောင်းအရာပဲ ဖြစ်ပါတယ်။

အဆိုပါ အကြောင်းအရာကို လူအတော်များများ ဝေဖန်ကြပေမယ့် လုံးစေ့ပတ်စေ့တော့ မဟုတ်ကြပါဘူး။ လူငယ်တွေ စာမဖတ်ကြတော့ဘူးဆိုတာ ဘယ်လိုအမျိုးအစားကို မဖတ်ကြတော့တာလဲဆိုတာ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ပြောင်းလဲလာတဲ့ ခေတ်ရေစီးကြောင်းနဲ့ အညီ လူငယ်တွေရဲ့ ရသ စာပေ ခံစားမှုကလည်း စာအုပ်စာပေတွေကနေ ဒစ်ဂျစ်တယ်နည်းပညာကို ပြောင်းလဲ သွားခဲ့ပြီ ဖြစ်ပါတယ်။

ယခင်က ရသစာပေဖြစ်တဲ့ ဝတ္ထု၊ ဝတ္ထုတိုတွေ ဖတ်မှသာ ခံစားမှု ရသကို ရရှိနိုင်ပေမယ့် လက်ရှိခေတ်မှာတော့ လူမှုကွန်ရက်ပေါ်မှာတင် ခံစားမှု ရသကို လူငယ်တွေ ရရှိနေပြီ ဖြစ်ပါတယ်။ ရသစာပေပိုင်း အားနည်းသလို ရှိလာပေမယ့်လည်း သုတစာပေပိုင်းမှာတော့ ဘာသာပြန် စာအုပ် အများအပြား ထုတ်ဝေလာတာကိုလည်း တွေ့မြင်ရပါတယ်။

စက္ကူဈေးတွေ အဆမတန်တက်လာချိန်မှာ ထုတ်ဝေသူများအနေနဲ့ အခက်အခဲ အကျပ်အတည်းတွေကြားကနေ စာအုပ်များ ထုတ်ဝေပေးနေပြီး မြန်မာစာပေလောကကြီး အလုံးစုံ မပျက်စီးသွားစေဖို့ ကျားကန် ပေးလျက် ရှိနေပါတယ်။

ယခုလို ဈေးနှုန်း လျှော့ချပေးတဲ့ စာအုပ်ဈေးပွဲတော်တွေ မကြာခဏ ပြုလုပ်ပေးခြင်းဖြင့် လူငယ်တွေ အနေနဲ့ စာအုပ်ကိုင်ဖတ်ရတဲ့ အရသာကို ပိုမိုကြိုက်နှစ်သက်လာမှာပဲ ဖြစ်ပါတယ်။ ၉၀ ခုနှစ်ဖွားတွေ အနေနဲ့လည်း ငယ်ဘဝ အမှတ်တရတွေကို ပြန်လည် အောက်မေ့သတိရစေမှာပဲ ဖြစ်ပါတယ်။ အားလုံးအတွက် အကျိုးရှိစေနိုင်တဲ့ စာအုပ်ဈေးပွဲတော်ကို သွားဖြစ်အောင် သွားကြဖို့ တိုက်တွန်း လိုက်ရပါတယ် ခင်ဗျာ။

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page