သီတဂူဆရာတော်ကြီးက ပါကစ္စတန်နိုင်ငံကြီး အေးချမ်းသာယာစေဖို့ ဒေါ်လာ တသောင်း လှူဒါန်း
ယနေ့ ၉-၉-၂၀၂၂ မနက်ပိုင်း (၁၀:၀၀နာရီ)အချိန်တွင် ရွှေကျင်နိကာယ ဥက္ကဋ္ဌ သာသနာပိုင်၊ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော်ကြီးမှ မကြာသေးမီရက်ပိုင်းက ပါကစ္စတန်နိုင်ငံ သိန်းချီသောရေဘေးသင့်နေခဲ့သော ပြည်သူများအတွက် အမေရိကန် ဒေါ်လာ ၁၀၀၀၀ (တစ်သောင်း) ကို လှူဒါန်းခဲ့ပါတယ်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်း၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်၊ ကိုးထပ်ဆောင်မှာ သီတဂူအဓိပတိဆရာတော်ကြီးက ရန်ကုန်မြို့ရှိ ပါကစ္စတန်သံရုံး တာဝန်ခံများအား ပေးအပ်လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။
ပထမအကြိမ် (၁၆-၉-၂၀၁၄ နှစ်) ပါကစ္စတန် ရေးဘေးသင့်ချိန်ကလည်း ရေဘေးသင့်ပြည်သူများအတွက် အမေရိကန်ဒေါ်လာ တစ်သောင်း လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ လဆန်းပိုင်းတုန်းကလည်း သီတဂူဆရာတော်ကြီး ဦးဆောင်ပြီး စပိန်နိုင်ငံမှာ ဥရောပရဲ့ အကြီးဆုံး သီတဂူ ရွှေစည်းခုံ စေတီကြီး တည်မယ်လို့လည်း သတင်းကြားသိရပါတယ်။
သီတဂူကျောင်းတော်ကြီး စတင်ရာ စစ်ကိုင်းတိုင်းမှာ စစ်မက်ဒဏ်ကြောင့် ပြည်သူတွေ ခိုကိုးရာမဲ့ ဖြစ်နေပေမယ့်လည်း သီတဂူဆရာတော်ကြီးကတော့ နိုင်ငံခြားမှာပဲ သာသနာပြုဖို့ စိတ်အား ထက်သန်နေတာကို တွေ့ရပါတယ်။ အဲဒါကြောင့် စစ်ကိုင်းတိုင်းက ပြည်သူတွေက ဆရာတော်ကြီး ပြည်ပက ဘုရား၊ ရွာသားကောင်းမှုတွေအတွက် သာဓု၊ သာဓု၊ သာဓု သုံးကြိမ် ခေါ်ဆိုနေကြတယ်လို့ သိရပါတယ်။