စံချိန်တင် ရွှေဈေးနဲ့ ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ အလုပ်မဖြစ်တဲ့ ဆုံးဖြတ်ချက်များ လားရာ
ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် YGEA အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ကို အသင်းရုံး အစည်းအဝေးခန်းမတွင် ယနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ အဖွင့် အမှာစကားကို အသင်းနာယက ဦးစန်းလွင်က ပြောကြားပြီးနောက် လမ်းညွှန်အမှာစကားကို အသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားခဲ့ပါတယ်။
အသင်းအထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က ရွှေဈေးနှုန်းတည်ငြိမ်စေရေးအတွက် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ အသင်းသားများနှင့် ဝိုင်းဝန်းဆွေးနွေးပြီးနောက် အစည်းအဝေး ဆုံးဖြတ်ချက် (၃) ခုကို ချမှတ်ခဲ့ပါတယ်။
ရွှေဈေးနှုန်း တည်ငြိမ်စေရေးအတွက် ယနေ့ YGEA တွင်ပြုလုပ်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ (၁) စျေးကွက်ပေါက်စျေး အတိုင်းသာ ရောင်းချရန် (၂) ဘဏ်စာရင်းအသုံးပြုရန်နှင့် (၃) YGEA ၏ ရည်ညွန်းစျေး တင်ရန် စသည့် ဆုံးဖြတ်ချက် ၃ ခုကို ချမှတ်ခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဆုံးဖြတ်ချက်များအနက် နံပါတ် (၁) ဖြစ်တဲ့ ဈေးကွက်ပေါက်ဈေးအတိုင်းသာ ရောင်းချရန်နှင့် နံပါတ် (၃) ဖြစ်တဲ့ YGEA ရဲ့ ရည်ညွှန်းဈေးတင်ရန် ကိစ္စ (၂) ခုမှာ ရှုပ်ထွေး လျက်ရှိပါတယ်။ ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ နေ့စဉ်ထုတ်ပြန်နေတဲ့ မဖြစ်နိုင်တဲ့ ရွှေဈေး ထုတ်ပြန်မှုကို ရပ်ဆိုင်းပြီး ဈေးကွက်အတိုင်း တင်ပေးမှာလား၊ ရည်ညွှန်းဈေးကိုပဲ ထပ်မံတိုးမြှင့်ပေးမှာလား ဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။
လက်ရှိ မြန်မာ့ရွှေဈေးကွက်မှာ ရွှေတကျပ်သားကို ၂၉၁၅၀၀၀ သို့ ရောက်ရှိနေပြီး စံချိန်တင် ဈေးမြင့်င်နေတာကို တွေ့ရပါတယ်။ ရွှေဈေး ၃၅ သိန်းအထိ ရောက်ရှိမည်ဟု သတင်းများ ထွက်ပေါ်နေပြီး လက်ရှိအချိန်မှာ လူလတ်တန်းစားများကပါ လက်ထဲရှိသမျှ ပိုက်ဆံနဲ့ ရွှေတွေကို အသည်းအသန် ဝယ်ယူနေကြတယ်လို့ သိရပါတယ်။