နှစ်သောင်းတန်နဲ့ ငါးသောင်းတန် ရိုက်ထုတ်မယ်ဆိုတဲ့ သတင်းနောက်ကွယ်က အကြောင်းတရားများ
ဒီနေ့ အွန်လိုင်းပေါ်မှာ လူပြောအများဆုံး သတင်းကတော့ စကစက နှစ်သောင်းတန်နဲ့ ငါးသောင်းတန် ရိုက်ထုတ်တော့မယ် ဆိုတဲ့ သတင်းပဲ ဖြစ်ပါတယ်။
ပိုက်ဆံတွေ ရိုက်ထုတ်မယ်ဆိုတဲ့ သတင်းဟာ မနေ့က ဥဇဘက်ကစ္စတန် လေယာဉ်နဲ့ သယ်လာတဲ့ ပုံမနှိပ်ရသေးတဲ့ ငွေစက္ကူ တန် ၄၀ ကျော် သတင်းကနေ စတင်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာ့ပိုက်ဆံတွေ ရိုက်နှိပ်ရာမှာ သုံးတဲ့ စက္ကူ၊ မှင်နဲ့ အခြား ပုံနှိပ်ပစ္စည်းတွေကို အဓိက တင်သွင်းတဲ့ ဂျာမနီ ကုမ္ပဏီဟာ စကစ ကို အဆိုပါ ပစ္စည်းတွေ ရောင်းချမှု ရပ်တန့်နေကတည်းက ငွေစက္ကူတွေ ရိုက်လို့ မရဘဲ ဖြစ်နေတာ ကြာပါပြီ။
လက်ကျန် စက္ကူတွေနဲ့ မှင်တွေကို အသုံးပြုပြီး အရည်အသွေးနိမ့်တဲ့ တသောင်းတန်နဲ့ ငါးထောင်တန်တွေကိုပဲ ရိုက်နှိပ်နေရတဲ့ အနေအထား ဖြစ်နေပါတယ်။
မနေ့ကတော့ ရုရှား (သို့မဟုတ်) ရုရှားကျောထောက်နောက်ခံ နိုင်ငံတခုကနေ တင်ပို့လိုက်တဲ့ ငွေစက္ကူ အလွတ်တွေ ရောက်ရှိလာမှုနဲ့ အတူ ပိုက်ဆံ အရွက်ကြီး အသစ်တွေ ရိုက်ထုတ်မယ့် သတင်းကလည်း ကျယ်ကျယ်လောင်လောင် ဖြစ်လာပါတယ်။
စကစ လက်အောက်ခံ ဗဟိုဘဏ်ကတော့ အဲဒီသတင်းဟာ ကောလာဟလသာ ဖြစ်ကြောင်း၊ ငွေစက္ကူအသစ်များ ထုတ်ဝေမယ်ဆိုပါက ပြည်သူကို အကြောင်းကြားမှာ ဖြစ်ကြောင်း အလျင်အမြန် သတင်း ထုတ်ပြန်ပေမယ့် လူတွေကတော့ ယုံကြည်မှု မရှိကြတော့ပါဘူး။
ငွေစက္ကူ သတင်း စထွက်လာတာနဲ့ ချက်ခြင်းပဲ ဒေါ်လာဈေးနဲ့ ရွှေဈေးက အတက်ဖက်ကို ပြလာပြီ ဖြစ်ပါတယ်။
ဒေါ်လာနဲ့ ရွှေဈေးတက်မယ်ဆိုရင် နဂိုထဲက မကျတဲ့ ကုန်ဈေးနှုန်းက ဒုံးပျံအရှိန်နဲ့ မိုးထိအောင် တက်သွားမှာ ဖြစ်ပါတယ်။
အာဏာသိမ်းမှုကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေ ဆုံးရှုံးခဲ့ရလို့ ဝင်ငွေ လျော့နည်းလာတဲ့ ပြည်သူတွေဟာ အင်တာနက် အသုံးပြုခ မြင့်တက်လာခြင်း၊ ကုန်ဈေးနှုန်း မြင့်တက်လာခြင်းတို့ကြောင့် ဆင်းရဲတွင်း နက်သထက် နက်လာမယ်လို့ စီးပွားရေးကျွမ်းကျင် ပညာရှင်များက သုံးသပ်လျက် ရှိပါတယ်။