တနှစ်အတွင်း ဆယ်နှစ်စာ နိမ့်ကျသွားတဲ့တိုင်းပြည်နဲ့ ခိုကိုးရာမဲ့တွေ ပေါလာတဲ့ မြေပြင်အခြေအနေ
ပကတိမြေပြင်အခြေအနေသိဖို့
မနက်က အသိတစ်ယောက်နဲ့စကားပြောဖြစ်တယ်။ အာဏာမသိမ်းခင်က တစ်ခွေကို ၁၀၀၀ ပေးရတဲ့တိပ်တွေ အခု တစ်ခွေ ၆၀၀၀ ပေးရသတဲ့။ လမ်းခရီးအတွက်ပေးရတာတွေကြောင့် သယ်ယူစားရိတ်အရမ်းတက်သွားတာအကိုရေတဲ့။
အခြေခံလူသုံးကုန်ပစ္စည်းတွေ ဈေးအကုန်တက်ကုန်ပါတယ်။ ဘယ်သူမှအရှုံးခံပြီးမရောင်းနိုင်ဘူးလေ။ စကားပြောနေရင်း နောက်ဖုန်းဝင်လာပါတယ်။ ကျနော့်မိတ်ဆွေတစ်ယောက်ပါ။ နပတကိုသွားရင်းတွေ့ခဲ့ပုံကိုပြောပါတယ်။
အခု သူတောင်းစားတွေ ပိုများလာသတဲ့။ အခုလေးတင် ရေသန့်ဘူးကောက်ရင်း အိမ်တွေမှာစားစရာတောင်းနေတဲ့ ကလေးနှစ်ယောက်တွေ့ခဲ့သတဲ့။ သူတို့ကမှ ကောင်းရောင်းကောင်းဝယ် တတ်နိုင်သလောက်လုပ်ပါသေးတယ်။
ဒါပေမယ့်အခြေအနေကတော့ တစ်နှစ်အတွင်း ဆယ်နှစ်စာနိမ့်ကျသွားတာ မျက်မြင်ပါပဲ။ လူတွေဘယ်လောက်တောင်ငတ်လာသလဲဆိုရင် ခြံထဲမှာလူမရှိရင် စားစရာအပင်တွေ့ရင်တောင် ချိုးခူးယူသွားတဲ့အခြေအနေဖြစ်နေသတဲ့။
နပတသွားတဲ့လမ်းမှာလည်း သူတောင်းစားတွေချည်း တွေ့ခဲ့သတဲ့။ သူတောင်းစားတွေကြီးစိုးတဲ့ခေတ်ကို ရောက်လို့မဖြစ်ဘူးဆိုတာ သိထားဖို့လိုပါတယ်။ (Richard Myo Thant)
ခိုကိုးရာမဲ့နေတဲ့ အဖိုးအဖွားတွေ တွေ့ရှိရတာပိုများလာတယ်လို့ အခက်အခဲကြုံတွေ့နေ ရတဲ့အဖိုးအဖွားတွေကို ကူညီမှုတွေလုပ်ဆောင်ပေးနေတဲ့ ကိုပူတူးနဲ့ဘော်ဒါများပရဟိတအဖွဲ့က ကိုပူတူးက ပြောပါတယ်။
မိသားစု ကစွန့်ပစ်သွားတာ၊ အသက်အရွယ်ကြီးလာလို့ရှာဖွေ မစားသောက်နိုင်တာ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် ခိုကိုးရာမဲ့နေတဲ့ အဖိုးအဖွားတွေကို ပိုတွေ့လာရတာလို့ ဆိုပါတယ်။
အကြောင်းမျိုးမျိုးကြောင့် ခိုကိုးရာမဲ့ အဖိုးအဖွားတွေကို အတွေ့များလာကြောင်း၊ ယခုတလော အတွေ့ များလာကြောင်း ကိုပူတူး ကပြောပါတယ်။
လက်ရှိအခြေအနေမှာ တွေ့ရှိနေရတဲ့ခိုကိုးရာမဲ့အဖိုးအဖွားတွေရဲ့အသက်အရွယ်ဟာ (၅၀)နှစ်ကျော်ဝန်းကျင် လောက်ကနေ အသက်(၉၀)နှစ်ကျော်ဝန်းကျင်လောက်ရှိသူတွေ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ကိုပူတူးနဲ့ဘော်ဒါ များပရဟိတအဖွဲ့ဟာ ကိုဗစ်ကာလမှာ ကျန်းမာရေးအခက်အခဲဖြစ်နေသူတွေကို လူနာတင်ယာဉ်နဲ့ကူညီပို့ဆောင် ပေးတာ၊ သွေးနဲ့အောက်ဆီလိုအပ်နေသူတွေကို ကူညီပေးတာ၊ အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသွားကြတဲ့ ရုပ်အလောင်းတွေကို သယ်ယူပို့ဆောင်ပေးတာ လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။
စားသောက် နေထိုင်ရေး အခက်အခဲကြုံတွေ့နေသူတွေကို ကူညီလှူဒါန်းတာ၊ ကိုယ်လက်အင်္ဂါမစုံလင်သူတွေနဲ့ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်လှူဒါန်းတာတွေကိုလည်း တက်တက်ကြွကြွလုပ်ဆောင်နေသူ ဖြစ်ပါတယ်။
မြေပြင်မှာ မျက်မြင်တွေ့ရတဲ့ အနေအထားအရတော့ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်တဲ့သူတွေ၊ အိမ်ခြေမဲ့တွေ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။