ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိပ်မသိသေးတဲ့ ဘဝအတွေ့အကြုံ ဖြစ်ရပ်များ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိပ်မသိသေးတဲ့ ဘဝအတွေ့အကြုံ ဖြစ်ရပ် (၉) ခုကို ဖော်ပြလိုက်ပါတယ်-

(၁) ဗိုလ်ချုပ်အောင်ဆန်း တက္ကသိုလ်မှ ဘွဲ့ရ/မရ ငြင်းခုံမှုများ

၂၀၁၅ ခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် နှစ် ၁၀၀ပြည့်ခဲ့သည့် လွတ်လပ်ရေး ဗိသုကာ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် တက္ကသိုလ်မှ ဘွဲ့ရ/မရနှင့် ပတ်သက်ပြီး ငြင်းခုံမှုများ ဖြစ်ပေါ်လျက်ရှိသည်။ ယင်းကိစ္စနှင့် ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ရေးသားခဲ့သော စာတွင်လည်း “ရန်ကုန်တက္ကသိုလ်တွင် ၆ နှစ်ခွဲနေခဲ့၍ နိုင်ငံရေး စိတ်သန်မှုကြောင့် ကျောင်းစာများ မလေ့ကျက်သဖြင့် ဘီအေအတန်းအထိ အောင်ရုံသာ အောင်ခဲ့သည်”ဟု အတိအလင်း ဖော်ပြထားသည်။

“အောင်ဆန်းသည် အချိန်ပြည့် ကျောင်းသားနိုင်ငံရေး လုပ်နေသည့်ကြားမှ ၁၉၃၇ ခုနှစ် မတ်လတွင် ကျင်းပသော ဘီအေစာမေးပွဲကို အင်္ဂလိပ်စာပေ ခေတ်သစ် ရာဇဝင်၊ နိုင်ငံရေး ဘာသာဗေဒများဖြင့် ချောမောစွာ အောင်မြင်သည်။၁၉၃၇-၃၈ ခုနှစ်တွင် အောင်ဆန်းသည် ကျောင်းသား နိုင်ငံရေး သာမက တိုင်းပြည်လွတ်လပ်ရေး အတွက်ပါ ဆောင်ရွက်နေရကာ ဥပဒေ ပထမနှစ် စာမေးပွဲ ရှုံးလေသည်။ သူ၏ ပထမဦးဆုံးနှင့် နောက်ဆုံး ရှုံးခြင်းပေတည်း။ အောင်ဆန်းကား အောင်ထားသော ဘီအေဘွဲ့ကိုပင် ဘွဲ့နှင်းသဘင်၌ တက်မယူပေ။ (ဗိုလ်ချုပ်အစ်ကိုဖြစ်သူ ဦးအောင်သန်း ရေးသားခဲ့သည့် တက္ကသိုလ်ကျောင်းသား ဘ၀ အောင်ဆန်း မှတ်တမ်းများမှ)

ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိရန် တက္ကသိုလ်ကျောင်း ပညာရေးအား စွန့်ခွာ၍ ကျောင်းထွက်ပြီး နိုင်ငံရေး လုပ်သည်ဆိုသော ပြောဆိုချက်၊ ရေးသားချက်များသည် မှားယွင်းကြောင်း တွေ့ရှိရသည်။

(၂) ဗိုလ်ချုပ် အင်္ဂလိပ်စကားပြော ကောင်း/မကောင်း

ဗိုလ်ချုပ်အောင်ဆန်းသည် မကွေးတိုင်း နတ်မောက်မြို့နယ်တွင် မွေးဖွားခဲ့သည့် အတွက် အင်္ဂလိပ်စကား သင်ကြားပေးရန် ကျောင်းကောင်းကောင်း မရှိခဲ့ပေ။ အသက်ရှစ်နှစ်သား အရွယ်အထိ ကျောင်းမနေခဲ့ဘဲ နောက်မှသာ နတ်မောက်ရှိ ဒီပင်္ကရာကျောင်း ခေါ် ဦးသောဘိတကျောင်းသို့ တက်ရောက် ပညာသင်ကြားသည်။ ထိုကျောင်းသည် ဘုန်းကြီးကျောင်း ဖြစ်သော်လည်း အတန်းကျောင်း ဖြစ်သောကြောင့် လောကဓာတ် ကျောင်းဟု ခေါ်ဝေါ်ခဲ့သည်။

ထို့နောက် ရေနံချောင်း အမျိုးသားကျောင်းမှ အောင်မြင်ပြီး တက္ကသိုလ် ရောက်သည့်အခါ တက္ကသိုလ် ကျောင်းဆောင် အမှုဆောင် ရွေးချယ်ပွဲတွင် အောင်ဆန်း၏ ဋ္ဌာန်ကရိုဏ်း မကျသော အင်္ဂလိပ် စကားကြောင့် ကျောင်းသားများ၏ လှောင်ပြောင်ခြင်း ခံခဲ့ရသည်။ သို့သော် တက္ကသိုလ်တွင် ကျောင်းအုပ်ကြီး မစ္စတာ စလော့၏ ခွေးများကို ထိန်းကျောင်းရသော စကော့တလန် လူမျိုး ဝီလီယံနှင့်အတူ အင်းယား ကန်ဘောင်တွင် မနက်တိုင်း လိုက်ပြီး လေ့ကျင့်ခဲ့သည့်အတွက် အောင်ဆန်းသည် အင်္ဂလိပ် တစ်ဦး နှင့်မခြား ပြောဆိုလာနိုင်သည်။

(၃) မအောင်မြင်သော အမွေ တောင်းခန်း

ဗိုလ်ချုပ်အောင်ဆန်းသည် တိုင်းပြည်ခေါင်းဆောင် ဖြစ်လာသော်လည်း စီးပွားရေး ကောင်းမွန်သောသူ မဟုတ်ပေ။ ဒေါ်ခင်ကြည်နှင့် အိမ်ထောင်ကျပြီးနောက် သားသမီးများ တစ်နှစ် တစ်ယောက် ထွန်းကားခဲ့သည်။ သားအကြီး နှစ်ဦးဖြစ်သော အောင်ဆန်းဦးနှင့် အောင်ဆန်းလင်းတို့ မွေးစဉ်က စိတ်မပူပန်သော ဗိုလ်ချုပ်သည် သမီးလေး အောင်ဆန်းစုကြည် မွေးဖွားလာသောအခါ သမီးလေး အတွက် စိတ်ပူပန်တတ်လာသည်။

ထို့ကြောင့် သမီးလေး အရွယ် ရောက်သောအခါ ရှင်ပြုနားသ လုပ်ရာတွင် ဝတ်ဆင်စရာ မရှိမည် စိုးသည့်အတွက် နတ်မောက်မြို့ရှိ မိခင်ဖြစ်သူ ဒေါ်စုထံ သွားရောက်ပြီး သမီးအတွက် ရွှေနားတောင်းကို အမွေတောင်းခဲ့သည်။ မိခင် ဖြစ်သူကလည်း သူ့တွင် အောင်ဆန်း တစ်ဦးတည်း မွေးထားခြင်း မဟုတ်ဘဲ ကျန်သားသမီးများပါ ရှိနေသည့် အတွက် မျက်နှာလိုက်၍ အမွေမပေးနိုင်ကြောင်း ပြောဆိုသည့်အတွက် ဗိုလ်ချုပ်၏ အမွေတောင်းခန်းမှာ မအောင်မမြင်ဖြင့် စခန်းသိမ်းခဲ့ရသည်။

(၄) ဗိုလ်ချုပ် အငြိမ့်မင်း သမီးဖြင့် အငြိမ့်စင်ပေါ်တွင် ကပြခြင်း

၁၉၄၂ ခုနှစ်က တပ်မတော် အတွင်း အခမ်းအနားတစ်ခု ပြုလုပ်ပြီး ညပိုင်းတွင် တပ်မတော် အရာရှိများကို အငြိမ့်ဖြင့် ကပြ ဖျော်ဖြေခဲ့သည်။ ထိုအချိန်က ဗမာ့တပ်မတော်အား ဂျပန်ကို ပြန်လည် တော်လှန်ရန်အတွက် တိတ်တဆိတ် အစီအစဉ် ချမှတ်နေရချိန် ဖြစ်သည်။

ဧည့်ခံပွဲသို့ အစိုးရ အဓိပတိ ဒေါက်တာဘမော် အပါအဝင် စစ်သေနာပတိ ဗိုလ်ချုပ် အောင်ဆန်းလည်း တက်ရောက်ခဲ့သည်။ ဗမာ့တပ်မတော်၏ ထိပ်တန်းတပ်မှူးများ အပြင် နယ်မှ ရောက်နေသော စစ်ဗိုလ်များလည်း ရှိနေပြီး ဂျပန်နှင့် နီးစပ်နေသော ဒေါက်တာဘမော်ကို အမြင် မကြည်လင်သည့် အချိန် ဖြစ်သည်။ ထို့ကြောင့် အရက်မူးနေသော ဗိုလ်မြဟန် ဦးဆောင်ကာ အဓိပတိ ဒေါက်တာ ဘမော်အား အငြိမ့်မင်းသမီးဖြင့် သီချင်းတွဲဆိုရန် တောင်းဆိုကြသည်။

အဓိက ရည်ရွယ်ချက်မှာ ဒေါက်တာဘမော်အား သိက္ခာချလို၍ ဖြစ်သည်။ ဒေါက်တာ ဘမော်ကလည်း ငြင်းဆို၍ မဖြစ်သည့် အတွက် စင်ပေါ်တက်ပြီး ပြင်သစ်သီချင်း တစ်ပုဒ်ကို သီဆိုဖျော်ဖြေခဲ့သည်။ သို့သော် အရက်မူးနေသော တပ်မှူးများက ဒေါက်တာဘမော်ကို ထပ်မံ တောင်းဆိုနေသည့် အတွက် ဗိုလ်ချုပ်အောင်ဆန်းက တော်လှန်ရေး ကိစ္စအား မရိပ်မိစေရန် ဆူဆူအောင့်အောင့်ဖြင့် စင်ပေါ်တက်လာပြီး မင်းသမီး လက်ကိုဆွဲကာ အချိုးမကျသော ပုံစံဖြင့် တွဲဖက်ကပြခဲ့သည်။ ထိုအခါမှ အခမ်းအနားတွင် ရှိနေသောသူ အားလုံး ငြိမ်သက်သွားခဲ့သည်။

(၅) ဗိုလ်ချုပ် သတင်းစာ အဖတ်မှားခြင်း

တို့ဗမာ အစည်းအရုံးတွင် တစ်ရက်၌ သခင်အောင်ဆန်းသည် သတင်းစာ ဂျာနယ်များကို ဖတ်လျက်ရှိသည်။ သတင်းစာ တစ်စောင်ကို ဖတ်နေရင်း တောင်တွင်းကြီးတွင် မီးလောင်သည်ဟု ဖတ်ပြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ အဘယ့်ကြောင့်ဆိုသော် တောင်တွင်းကြီးတွင် သခင် အောင်ဆန်း၏ ဆွေမျိုးများ ရှိနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သတင်းစာကို ပစ်ချကာ တောင်တွင်းကြီးသို့ မီးဘေး သတင်းမေးရန် အလျင်စလို ထွက်ခွာသွားသည်။

တို့ဗမာ အစည်းအရုံးမှ လုပ်ဖော်ကိုင်ဘက်များက သတင်းစာကို ပြန်ဖတ်ကြည့်ရာ မီးလောင်သောမြို့သည် တောင်တွင်းကြီး မဟုတ်ဘဲ တောင်ကြီး ဖြစ်နေသည်ကို တွေ့ရလေသည်။ ၃၊၄ရက် ကြာသောအခါ သခင် အောင်ဆန်းသည် တို့ဗမာ အစည်းအရုံးသို့ ပြန်ရောက်လာပြီး သတင်းစာ အဖတ်မှားပြီး တောင်တွင်းကြီး ရောက်ခဲ့သည်ဟု ပြုံးဖြဲဖြဲဖြင့် ဆိုရှာသည်။

(၆) တကသ ဥက္ကဋ္ဌအား ဆဲဆို ကြိမ်းမောင်းခြင်း

ဗိုလ်ချုပ်အောင်ဆန်းသည် တပ်မတော်မှထွက်ပြီး ဖဆပလ ဥက္ကဋ္ဌအဖြစ် မြန်မာနိုင်ငံ လွတ်လပ်ရေးရရန် အားသွန်ခွန်စိုက် ဆောင်ရွက်နေချိန် ဖြစ်သည်။ ထိုအချိန်တွင် ရန်ကုန် တက္ကသိုလ်ရှိ ကျောင်းသားများနှင့် တကသ အဖွဲ့အစည်းများကလည်း ဖဆပလကို ဝိုင်းဝန်း ထောက်ခံပံ့ပိုး နေချိန်ဖြစ်သည်။ သို့သော် တကသ ဥက္ကဋ္ဌ သူရိယ ဦးသန်းမောင် ခေါင်းဆောင်သော ကျောင်းသားများသည် ဖဆပလ အစိုးရအဖွဲ့ ကိုယ်စား ဗိုလ်ချုပ် အောင်ဆန်းအား တွေ့ဆုံပြီး တောင်းဆိုချက် ၁၀ချက်ကို တောင်းဆိုခဲ့သည်။

ဗိုလ်ချုပ်သည် နိုင်ငံလွတ်လပ်ရေးရရန် အလုပ် ရှုပ်နေသည့် အတွက် ရုတ်တရက် ဒေါသထွက်သွားပြီး သူရိယ ဦးသန်းမောင်နှင့် ကျောင်းသားများကို ဆဲဆိုကြိမ်းမောင်းခဲ့သည်။ ထို့နောက် ကျောင်းသားများ တောင်းဆိုသော အချက်များအား ဖတ်ရှုပြီး ပတ်ကားဖောင်တိန်ဖြင့် ခြစ်ကာ “ဒါရမယ် ဒါရမယ် ဒါမရဘူး ဒါမရဘူး တော်တော် ‌‌ေ-ာက်လုပ်ရှုပ်တဲ့ သန်းမောင် သွား…….ပြန်တော့”ဟု မောင်းထုတ် ခဲ့ဖူးကြောင်း သူရိယ ဦးသန်းမောင်မှ မကွယ်လွန်မီ အမှတ်တရ ပြောပြခဲ့ဖူးသည်။

(၇) ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနှင့် ဗိုလ်ချုပ် အောင်ဆန်း

၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ထိုအချိန်က ရှေ့နေချုပ် ဦးချန်ထွန်းမှ ရေးဆွဲခဲ့သည်။ ထိုဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတွင် နိုင်ငံတော်၏ ဘာသာအဖြစ် ဗုဒ္ဓဘာသာအား ထည့်သွင်းထားခြင်းကို ဒီးဒုတ်ဦးဘချို ဦးဆောင်ကာ ရေးဆွဲခဲ့သည်။ ထိုအချက်နှင့် ပတ်သက်၍ ပင်လုံစာချုပ် ဖြစ်မြောက်ရေး အတွက် အရေးပါခဲ့သော ဦးဖေခင်က အကြီးအကျယ် ကန့်ကွက်ခဲ့၍ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် အစည်းအဝေး ခေါ်ယူခဲ့ရသည်။

ဗိုလ်ချုပ်က ဒီးဒုတ်ဦးဘချိုနှင့် ဦးချန်ထွန်းအား ဖြောင့်ဖျပြီး ပြင်ဆင်ပေးရန် ကြိုးစားရာ ဦးချန်ထွန်းကလည်း အလျော့မပေးဘဲ တင်းခံနေခဲ့သည်။ ထိုအချိန်တွင် ဗိုလ်ချုပ်က စိတ်မရှည်တော့ဘဲ “တချို့ဟာတွေက မှန်ပေမယ့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲတော့ ထည့်စရာမလိုဘူးလို့ ကျွန်တော်ယူဆတယ်။ ဥပမာ ဦးချန်ထွန်း ချေးမစားဘူးဆိုတာ လူတိုင်းသိတယ်။ သို့သော်လည်း ဦးချန်ထွန်း ချေးမစားပါလို့တော့ ထည့်သွင်းရေးသားဖို့ မသင့်တော်ဘူး”ဟုဆိုကာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကိစ္စအား ဖြေရှင်းပေးခဲ့သည်။

(၈) မန္တလေးတွင် ပုဆိုးကျွတ်ကျခြင်း

နယ်ချဲ့ အစိုးရလက်ထက် အတွင်း ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ညီလာခံကို မန္တလေး၌ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ အိန္ဒိယနိုင်ငံမှ လွတ်လပ်ရေး ကြိုးပမ်းမှု ခေါင်းဆောင် မစ္စတာနေရူးနှင့် သမီးဖြစ်သူ အင်ဒီယာ ဂန္ဒီတို့လည်း ရောက်ရှိနေသည်။ ထိုညီလာခံတွင် ကျောင်းသား ခေါင်းဆောင် ကိုအောင်ဆန်း မိန့်ခွန်း ပြောကြားနေစဉ် သူ၏ပုဆိုးမှာ အောက်သို့ တဖြည်းဖြည်း လျှောလျှောပြီး ကျလာရာ ကျွတ်တော့မည့် အခြေအနေသို့ ရောက်လာသည်။

သို့သော် မိန့်ခွန်းကို စိတ်ပါလက်ပါ ပြောကြားနေသည့် ကိုအောင်ဆန်းက သတိမထားမိသော်လည်း နားထောင်နေသည့် ပရိသတ်များမှာ စိုးရိမ်ပူပန်မှုဖြင့် စိတ်မသက်မသာ ဖြစ်နေသည်။ သို့သော် ကိုအောင်ဆန်း၏ ထူးခြားသော ဆဋ္ဌမ အာရုံအရ ကျွတ်လုဆဲဆဲ အခြေအနေတွင် ပုဆိုးကို ပြန်ဝတ်ကာ မိန့်ခွန်းကို ရှောရှောရှူရှူ ပြောသွားနိုင်ခဲ့သည်။

(၉) One Die, Nevermind

ဗမာ့ တပ်မတော် ကာကွယ်ရေး ခေတ်တွင် ဘီဒီအေ အရာရှိများကို မင်္ဂလာဒုံရှိ ဗိုလ်သင်တန်းကျောင်းတွင် လေ့ကျင့် သင်ကြား ပေးသည်။ ထိုအချိန်က သင်တန်းဆရာ အများစုမှာ ဂျပန်များဖြစ်ပြီး နောင်တစ်ချိန်တွင် တပ်မတော်၏ တပ်မှူးကြီးများ ဖြစ်လာမည့် ဦးအောင်ရွှေ၊ ဦးကြည်မောင်၊ ဦးတင်ဦး၊ ဒေါက်တာမောင်မောင်တို့ အပါအဝင် တပ်မတော် အရာရှိငယ်များ သင်တန်း တက်ရောက်လျက်ရှိသည်။

ထိုသင်တန်းတွင် ပြင်းထန်သော စစ်ပညာများကို သင်ကြားရသည့် သင်တန်းသားများမှာ အထူး ပင်ပန်းလျက်ရှိသည်။ သို့သော် သင်တန်း ဆရာများက သင်တန်းသားများကို “One Die, Nevermind. Two Die, Nevermind. Three Die, Nevermind. All Die, Nevermind ဟု ပြောကြားသည့်အတွက် အားလုံး မကျေမနပ် ဖြစ်သွားသည်။

နောက်မှ ထိုစကားကို ဗိုလ်ချုပ်အောင်ဆန်းက ပြောကြားခိုင်းခြင်း ဖြစ်ပြီး အရေ အတွက် ထက် အရည်အချင်းကို တန်ဖိုးထားသော တပ်မတော် ဖြစ်စေရန် မျှော်လင့်ထားသောကြောင့် ပြောခြင်း ဖြစ်ကြောင်း ရှင်းပြမှသာ အရာရှိ သင်တန်းသားများ စိတ်ဆိုးပြေသွားကြသည်။

Tomorrow Journal ၊ သုတဇုန် (လေးစားမှုဖြင့် ခရက်ဒစ်)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page