ကမ္ဘာ့ရေနံဈေး ပြန်ကျနေပေမယ့်လည်း မြန်မာ့ဓာတ်ဆီဈေး ကျပ် (၁၀၀) သာ ပြန်ကျ
ယခုရက်ပိုင်းအတွင်းစံချိန်တင်မြင့်တက်ခဲ့သည့် ပြည်တွင်းစက်သုံးဆီဈေးနှုန်းများမှာ ယနေ့ (မတ် ၁၁ ရက်) နံနက်ပိုင်းတွင် တစ်လီတာလျှင်ကျပ် ၁၀၀ သာကျလာကြောင်း စက်သုံးဆီဈေးကွက် သတင်းအချက်အလက်များအရ သိရပါတယ်။
ပြည်တွင်းစက်သုံးဆီဈေးနှုန်းသည် ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင် ရန်ကုန်ဈေး ဒီဇယ်တစ်လီတာ ၂၄၇၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာ ၂၄၉၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၂၂၀၀ ကျပ်၊ အောက်တိန်း ၉၅ တစ်လီတာ ၂၂၆၅ ကျပ်၊ အောက်တိန်း ၉၇ တစ်လီတာ ၂၄၉၀ ကျပ်ရှိခဲ့ပြီး ယနေ့(မတ်လ ၁၁ ရက်) တွင် ဒီဇယ်တစ်လီတာ ၂၃၇၅ ကျပ်၊ ပရီမီယံ ဒီဇယ်တစ်လီတာ ၂၃၉၀ ကျပ်၊ အောက်တိန်း ၉၂ တစ်လီတာ ၂၁၀၀ ကျပ် ၊ အောက်တိန်း ၉၅ တစ်လီတာ ၂၁၆၅ ကျပ်၊ အောက်တိန်း ၉၇ တစ်လီတာ ၂၃၉၀ ကျပ်ရှိကြောင်းသိရပါတယ်။
ရုရှားသမ္မတ ပူတင်ဟာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားရဲ့လုပ်ရပ်ကို မကြိုက်နှစ်သက်လို့ ပိတ်ဆို့အရေးယူထားတဲ့ နိုင်ငံတွေကနေ ကမ်းလှမ်းလာခဲ့ရင်တောင် ရေနံစိမ်းကို ကြည်ကြည်ဖြူဖြူနဲ့ ရောင်းထုတ်ပေးသွားမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပြီးတဲ့နောက် ကမ္ဘာ့ရေနံစိမ်းဈေးတွေဟာ နှစ်ရက်ဆက်တိုက် ကျဆင်းသွားခဲ့ပြီပဲဖြစ်ပါတယ်။
ရုရှားက ကမ္ဘာ့ရေနံစိမ်းထောက်ပံ့မှု ၁၀ ရာခိုင်နှုန်းနဲ့ ဥရောပရဲ့ဓာတ်ငွေ့လိုအပ်ချက် ၄၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတဲ့နိုင်ငံဖြစ်တဲ့အတွက် လက်ရှိအချိန်မှာ ရုရှားဆီကနေပြီး ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့နဲ့ စွမ်းအင် မဝယ်ယူဘူးလို့ သပိတ်မှောက်ဆန့်ကျင်တဲ့နိုင်ငံတချို့ဟာ အခက်တွေ့နေကြရပြီဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုအခြေစိုက် WTI Crude ဈေးကွက်မှာ မနေ့တုန်းက ကမ္ဘာ့ရေနံစိမ်းတစ်စည်ပေါက်ဈေးဟာ အမေရိကန် ၁၀၉ ဒေါ်လာနဲ့အထက်မှာ ရှိခဲ့ပြီး ဒီကနေ့မှာတော့ WTI Crude ဈေးကွက်ရဲ့ရေနံစိမ်းတစ်စည်ပေါက်ဈေးက အမေရိကန် ၁၀၆ ဒေါ်လာဝန်းကျင်ဆီကို ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။
ရုရှားသမ္မတ ပူတင်ဘက်ကနေ အခုလို ဖြေလျှော့မှုတွေ လုပ်ဆောင်ပေးလိုက်တာက ကမ္ဘာ့ရေနံစိမ်းဈေးတွေ ဆက်တိုက်ဆိုသလို ကျဆင်းစေဖို့ အကြောင်းရင်းတစ်ရပ်သဖွယ် ဖြစ်လာနိုင်ကြောင်း ဈေးကွက်ရေးရာကျွမ်းကျင်သူတွေက သုံးသပ်ထားပြီး အခုအတိုင်း ရှေ့ဆက်ခဲ့ရင် သိပ်မကြာခင်မှာပဲ ကမ္ဘာ့ရေနံစိမ်းတစ်စည်ပေါက်ဈေးက အမေရိကန်ဒေါ်လာ ၁၀၀ အထိ ဈေးကျသွားနိုင်ကြောင်း မှတ်ချက်ပေးတာတွေလည်းရှိနေပါတယ်။
ကမ္ဘာ့ရေနံဈေး ဘယ်လောက်ကျကျ တက်ပြီးရင် ဘယ်တော့မှ ပြန်မကျတဲ့ မြန်မာပြည်မှာတော့ စက်သုံးဆီဈေးက ဆက်မြင့်နေဦးမှာပဲလို့ ပြည်သူတွေက မှတ်ချက်ပေးနေကြပါတယ်။