နိုင်ငံရောင်းပြီး ဆပ်ရင်တောင် အကြွေးမကျေနိုင်တော့တဲ့ သီရိလင်္ကာရဲ့ သင်ခန်းစာယူစရာ ဖြစ်ရပ်

သီရိလင်္ကာနိုင်ငံကတော့ ဒေဝါလီ ခံလိုက်ပြီဆိုတဲ့ သတင်း တရားဝင်ကြေငြာလိုက်ပြီလို့ သိရတယ်။ နိူင်ငံတစ်နိူင်ငံ ဒေဝါလီခံလိုက်တယ်ဆိုတာ ထိတ်လန့်စရာပါပဲ။

ကမ္ဘာမှာ ဒီလိုမျိုး သတင်း ခုမှ ကြားဖူးတယ်။ အဓိက ကုန်ဈေးနှုန်းကြီးတာရယ် ဆီဈေးကြီးတာရယ် ထွက်ကုန်နည်းပါးပြီး စားနပ်ရိက္ခာရှားပါးလာမှုကြောင့်ရယ်၊ လျှပ်စစ်မီး မမှန်တာရယ်၊ပြည်ပ အကြွေး မဆပ်နိူင်တော့တာရယ်ကြောင့်လို့ သိရတယ်။

ပြည်ပအကြွေးမှာ အထူးသဖြင့် ပေါက်စီ စီကနေ ယူထားတဲ့ အကြွေးကို အတိုးတွေထပ် အတိုးပေါ် အတိုးထပ်ပေါ့။ မြန်မာနိုင်ငံလည်း စားနပ်ရိက္ခာ မကြာခင် ရှားပါးလာတော့မှာ ဖြစ်သလို ပြည်ပအကြွေးတွေလည်း ဆပ်ရအုံးမှာပါ။

အထူးသဖြင့် ပေါက်စီ ကနေ ယူထားတဲ့ အကြွေးတွေပါပဲ။ သိထားရမှာက ကိုယ့်ပြည်တွင်းရေး အခြေအနေ ဘယ်လိုရှိရှိ အကြွေးက ဆပ်ကို ဆပ်ရမှာပါ။ သူ့အချိန်နဲ့ သူ ပေးကို ပေးရတယ်။ မပေးနိုင်ရင် ရှိတာကို ပေးရတယ်။ တောင်းတာကို ပေးရတယ်။ လက်ညိုးထိုးတာကို ပေးရတယ်။

မြန်မာပြည်ကလူတွေက သူဌေးတွေပါ။ သင်္ကြန်ပဲကြည့်လေ။ အပျော်မပျက်ကြဘူး။ ပြီးရင် အော်ကြမယ်။ အလုပ်အဆင်မပြေတာတွေ စားစရာမရှိတာတွေ၊ လစာမလုံလောက်တာတွေ။ ဆီဈေးကြီးတာတွေ ကုန်ဈေးနှုန်းတက်တာတွေ။ လိုင်းပေါ်မှာ မြင်ရ ဖတ်ရ ငိုပြကြအုန်းမှာပါ။ နောင်တ ဆိုတာ နောက်မှ ရကြတာပါ။

တကယ့်အပူစစ်စစ် ဘာမှန်းဆိုတာ မသိကြသေးလို့ပါ။ ဒုက္ခစစ်စစ်ဆိုတာလည်း သေချာ မခံစားဖူးကြသေးလို့ပါ။ အဝင်အထွက် ရနေသေးတာလည်း ပါတယ်။ အဲဒိ အဝင်အထွက် ပိတ်သွားရင် အပူစစ်စစ် ခံစားလာရမှာပါ။ အပျော်အပါး လျော့ကြပါ။ အသုံးစရိတ် လျော့ကြပါ။ ယခုဖြစ်နေတာက မိမိအိမ်နီးချင်း နိုင်ငံတစ်ခုပါပဲ။ သင်ခန်းစာယူကြပါလို့ တိုက်တွန်းပါတယ်။ (မရှိခဏမုဆိုး)

သီရိလင်္ကာနိုင်ငံအနေနဲ့ ဒေဝါလီခံပါပြီလို့ ကမ္ဘာ့အသိုင်းအဝိုင်းကို တရားဝင်ကြေငြာလိုက်ရတယ်။ နိုင်ငံတစ်ခုလုံး ဒေဝါလီခံကြောင်းကြေငြာရတဲ့အဖြစ်ကတော့ ကမ္ဘာ့ဖြစ်ရပ်ဆန်းအနေနဲ့ ပြောစမှတ်တွင်သွားပါပြီ။

တရုတ်ကို အထူးအားကိုးခဲ့တာကြောင့် တရုတ်ရဲ့ကြွေးမြီထောင်ချောက်တွေထဲ တွင်းဆုံးကျပြီး သီရိလင်္ကာတွေအားလုံး ကျွန်ခံကြွေးဆပ်ရမယ့်အဖြစ်ပါပဲ။ သူ့ဟာသူ ဒေဝါလီခံခံ အကြွေးမဆပ်နိုင်ဘူးပြောပြော သီရိလင်္ကာရဲ့ ရေနက်ဆိပ်ကမ်းအားလုံးကို တရုတ်ကကြွေးနဲ့သိမ်းပြီးသားဖြစ်ပါတယ်။

တရုတ်ဟာ ကြွေးမြီထောင်ချောက်ဆင်ပြီး ဒီလိုအပိုင်သိမ်းတဲ့နည်းနဲ့ လုပ်လေ့ရှိကြောင်း အန်နယ်ဒီအစိုးရလက်ထက် စီးပွါးရေးအကြံပေး ဩစီနိုင်ငံသား ရှောင်တာနယ်လ်က တိတိကျကျထောက်ပြခဲ့ပြီး မြန်မာပြည်ထဲက တရုတ်စီမံကိန်းတွေ အထူးသဖြင့် မြစ်ဆုံနဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေမှာ ကြွေးဒဏ်ပိမယ့် သဘောတူညီချက်တွေကို ဖြုတ်ထုတ်ဖယ်ရှားနိုင်ခဲ့ပါတယ်။

ဒါကြောင့် တရုတ်ဟာ ရှောင်တာနယ်လ်ကို အမုန်းဆုံးဖြစ်ပြီး ဒုတိယအမုန်းဆုံးကတော့ အန်နယ်ဒီ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာ့ဒီမိုကရေစီဘက်သားတွေကိုပဲ ဖြစ်ပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုဟာ ရှောင်တာနယ်လ်ကို လုံးဝလွှတ်မပေးရဲပဲ ဆက်ပြီးဖမ်းဆီးထားတာဟာ တရုတ်နဲ့ စစ်အုပ်စုတို့ ပင်းထားတဲ့စီမံကိန်းအားလုံးကို သိနေလို့ဖြစ်ပါတယ်။

ရှောင်တာနယ်လ်ကို လွှတ်ပေးလိုက်ရင် တရုတ်နဲ့ အာဏာသိမ်းစစ်အုပ်စုတို့ မြန်မာနိုင်ငံကို အပေါင်းအနှံ အရောင်း အငှားလုပ်ပြီး ကိုယ်ကျိုးရှာခဲ့တဲ့လုပ်ရပ်တွေ ဗူးပေါ်သလို ပေါ်လာပါလိမ့်မယ်။ ဒါကြောင့် တရုတ်အလိုကျအတိုင်း ဩစီစီးပွါးရေးပညာရှင်ကို ဆက်ဖမ်းထားဦးမှာဖြစ်ပါတယ်။

သီရိလင်္ကာအကြောင်းပြောရင်း တရုတ်ရဲ့ မြန်မာအပေါ်စနက်မီးတွေအထိ ရောက်သွားပြန်ပြီ။ အနှစ်ချုပ်ပြောချင်တာကတော့ တရုတ်ဟာ မြန်မာအတွက် အိမ်နီးချင်းကောင်း ဆွေမျိုးပေါက်ဖော်ဆိုတာ မဟုတ်ပါ။

ပေါက်ဖော်ကြီးဟာ အရှေ့တောင်အာရှနဲ့ အာရှဒေသတွင်းက ပြည်သူလူထုတွေကို ပြဿနာပေး အမြတ်ထုတ်မယ့် နိုင်ငံလို့သာ ကင်ပွန်းတပ်ရပါလိမ့်မယ်။ (SMM)

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page