ကျွန်ပညာရေး (သို့) ဖားပညာရေး အဆင့်ကို ပြန်ရောက်တော့မယ့် မြန်မာ့ပညာရေးစနစ်
ကျွန်ပညာရေး ဆိုတာ ဘာလဲ
ဒီတခါတော့ ပညာရေး ဌာနနဲ့ ပတ်သက်တာကို ပြောချင်တယ်။ စကားလုံး ကြမ်းရင်လည်း ခွင့်မလွှတ်နဲ့။
မလွန်ဆန်နိုင်တဲ့ အခြေအနေတွေအရ လုံးဝမဟုတ်ဘဲ လိုလိုလားလားနဲ့ကို နန်းစီဒီအမ် နေတဲ့ ကျွန်ယုတ် ပညာရေး ဝန်ထမ်း အမည်ခံ ဆရာ၊ဆရာမများ ပြောတတ်တဲ့ စကားတခွန်း ရှိတယ်။
“အခု လက်ရှိကို စစ်ကျွန် ပညာရေးဆိုတော့ အရင်ကရော ဘယ်သင်ရိုး ညွှန်းတမ်းနဲ့ သင်နေခဲ့လို့လဲ” ဆိုတဲ့ စကားပေါ့။ အဲဒီ စကားကို ဟို ကျက်သရေတုန်းကောင် ဇော်မဲလုံးကလည်း ဟိုတနေ့က ပြောသွားတယ်။
ဆိုတော့…၊ စဉ်းစားကြည့်တယ်။ အဲဒီလူတွေရဲ့ ခေါင်းထဲမှာ စဉ်းစားတွေးတောတတ်တဲ့ ဉာဏ်ဆိုတာ တစိုးတစိလေးတောင် မရှိကြဘဲ ကိုယ်နေသာရုံ သက်သက် အတွက် မအလ လို လူမျိုးကို လိုလိုလားလားကြီး ကျွန်ခံချင်ကြတာ သိပ်တော့ မဆန်းဘူးဘဲ။
သူတို့က သင်ရိုးညွှန်းတမ်း တူခြင်း မတူခြင်း ဆိုတာလောက်ကိုပဲ လိုရာဆွဲယူ ပြောနေတယ်။ “ကျွန် ပညာရေး” ဆိုတာရဲ့ အဓိပ္ပာယ်က ဘာကို ပြောချင်တာလဲ ဆိုတာ လုံးဝ နားမလည်ဘူး။ နားလည်နိုင်တဲ့ ဉာဏ်ရည်လည်း မရှိဘူး။
သင်ရိုးညွှန်းတမ်းတွေ၊ ပြဋ္ဌာန်းစာအုပ်တွေ တူပါလျက်နဲ့ မအလ လက်ထက်မှာမှ ဘာလို့ “ကျွန်ပညာရေး” လို့ ခေါ်ရသလဲ ရှင်းပြမယ်။
အဲဒီ မအလ လက်ထက်မှာ ကလေးတွေကို တကယ် ပညာတတ်စေဖို့ထက် အတန်းတွေ တိုးသွားဖို့ကိုသာ ပိုဦးစားပေးတော့မှာ (သူ့ပထွေးတွေ လက်ထက်ကလည်း ဒီလိုပဲ လုပ်ခဲ့တာ) ဖြစ်လို့ ပြဋ္ဌာန်းစာအုပ်တွေ၊ သင်ရိုး ညွှန်းတမ်းတွေ ဆိုတာ အကုန် အလကား ဖြစ်လိမ့်မယ်။
ကလေးတွေကို ပညာတကယ် တတ်စေဖို့ထက် သူတို့ကို ပြန်ပြီး မလှန်ရဲစေဖို့ကိုပဲ ဦးစားပေး လုပ်ကြလိမ့်မယ်။ စာအုပ်တွေက စာအုပ်တွေ သပ်သပ်၊ သူတို့ လုပ်ခိုင်းတာတွေက သပ်သပ်ပဲ။
ဥပမာ ပြောမယ်။ မေးခွန်းမေးရင်တောင်မှ မအလ တသိုက်ကို ဖားယားတဲ့ မေးခွန်းတွေကို မေးပြီး ကလေးတွေ ဦးနှောက်တွေကို သင်း-တ်လိမ့်မယ်။ ကလေးတွေဟာ အတန်းတွေသာ ကြီးသွားတိုးသွားပြီး ဘာမှကို မတတ်ကြတဲ့ အတန်းအောင် ပညာမဲ့တွေ ဖြစ်လာကြလိမ့်မယ်။
ပြီးတော့…၊ မှတ်မိကြဦးမလား။ ကလေးတွေရဲ့ စကားပြောနဲ့ အာဝဇ္ဇာန်း စွမ်းရည်ကို ရွှင်စေတဲ့ “ကျပန်း စကားပြောပွဲ” လို ဟာမျိုးကိုတောင် ဟိုအရင် စစ်အာဏာရူးတွေ လက်ထက်မှာ ဘယ်လိုတွေ ဖျက်ဆီးခဲ့ကြသလဲ။
“ကျွန်တော် ဆရာဝန်ကြီး ဖြစ်ခဲ့ရင်” “ကျွန်တော် အဆိုတော်ကြီး ဖြစ်ခဲ့ရင်” “ကျွန်တော် ကျောင်းအုပ်ဆရာကြီး ဖြတ်ခဲ့ရင်” ဆိုတဲ့ အင်မတန် ချစ်စရာ ကောင်းတဲ့ ကျပန်းစကားပြော ခေါင်းစဉ်တွေ နေရာမှာ စစ်တပ်ကို အမွှမ်းတင်တဲ့ ခေါင်းစဉ်မျိုးစုံကို အစားထိုးပြီး ကလေးတွေကို အဖားသင်ခဲ့ကြ၊ ဦးနှောက်တွေကို ဖျက်ဆီးခဲ့ကြတာ ဘယ်သူတွေလဲ။
အဲဒါဆိုရင်ရော “ပြဋ္ဌာန်းစာအုပ်တွေက အတူတူပဲ” လို့ ခင်ဗျားတို့ ပြောကြဦးမလား။ “ကျွန် ပညာရေး” ဆိုတာ အဲဒါမျိုးကို ပြောတာ။ ပြဋ္ဌာန်းစာအုပ် တူခြင်း မတူခြင်းတွေနဲ့ မဆိုင်ဘူး။
အဲဒီ ပြဋ္ဌာန်းစာအုပ်တွေ တူနေကြရင်တောင် ကလေးတွေရဲ့ စဉ်းစားတွေးတော ဉာဏ်ရည်နဲ့ စိတ်ကူးစိတ်သန်းတွေ ဘယ်လို ထက်မြက်အောင် ဘယ်လို အားထုတ်မလဲ ဆိုတာကို တိုင်းပြည်ကို ခေါင်းဆောင် လုပ်ချင်တဲ့လူက ဘယ်လောက် တွေးတာတတ်သလဲ၊ ဘယ်လောက် စေတနာ ထားနေတာလဲ ဆိုတာကို ကြည့်ပြီး “ကျွန် ပညာရေး” “သခင် ပညာရေး” ဆိုတာကို ပြောနေရတာ။
ဒီတော့ စာအုပ်တွေ တူနေတာလောက်ကိုပဲ တွေးတတ်တဲ့ ခင်ဗျားတို့ဟာ တကယ့် ကျွန်ယုတ်တွေပဲ။ ကျွန်ခံချင်တဲ့ စိတ်ကလွဲရင် တခြားဘာမှ တွေးနိုင်တာ မဟုတ်ဘူး။
ဪ။ မေးဦးမလို့လား။ “မင်းကရော ဘယ်သူ့လက်ထက်မှာ ဘယ်ပညာရေးတွေ သင်လာရလို့လဲ” ဆိုတဲ့ မေးခွန်းလား။ ဟုတ်တာပေါ့။
အဲဒီ ေ-ာက်ကျက်သရေတုန်း စစ်အာဏာရှင် လက်ထက် ပညာရေးနဲ့ အတန်းတွေသာ တိုးလာပြီး တကယ်တမ်းမှာ ဘာမှ မတတ်ခဲ့လို့ ေ-ာက်ရှက်တွေ အကြိမ်ကြိမ်ကွဲရ၊ အသက်ကြီးမှ မောင်ကျည်ပွေ့လုပ်ပြီး တကယ်တတ်သင့်တာကို အသည်းအသန် ပြန်သင်ရတာပေါ့။
ကျုပ်တို့ ခါးခါးသီးသီး ဖြတ်ခဲ့ရဖူးတဲ့ ကျက်သရေတုန်း ကာလတွေကို နောင်လာမယ့် ကလေးတွေကို ထပ်မဖြတ်စေချင်တော့ဘူး။ အဲဒီ ကာလကြီးဟာ ကျက်သရေ မရှိခဲ့မှန်း သိသိကြီးနဲ့ အဲဒီလို ကာလမျိုးကိုပဲ လိုလိုလားလား ပြန်သွားချင်ပြီး ခင်ဗျားတို့ ကျုပ်တို့ရဲ့ နောင်မျိုးဆက် အားလုံးကိုပါ ကျွန်ဇာတ် ဆက်သွင်းချင်နေတဲ့ ကျွန်ယုတ် စိတ်တွေကိုလည်း အံ့ဩလို့ကို မဆုံးဘူး။
ကျွန်ကြီးတွေကနေ ကျွန်ကလေးတွေ မွေးထုတ်ပြီး ကျွန်ကလေးတွေ ထပ်ကြီးပြင်းလာတော့ နောက်ထပ် ကျွန်သားပေါက်ကလေးတွေသာ ဆက်မွေးထုတ်ကြနဲ့ ကျွန်ယုတ် သံသရာတွေကို ရပ်စေချင်လို့ ဒီ မအလ လက်ထက် ကျွန်ပညာရေးကို ခါးခါးသီးသီး ဆန့်ကျင်နေရတာပဲ။ ဟုတ်ပြီလား။
ကလိုစေးထူး