စကစကို အံတုရင်ဆိုင်နေသည့် ဦးဖုန်ကြားရှင် ယနေ့ ကွယ်လွန်
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) ၏ တည်ထောင်သူနှင့် ဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးဖုန်ကြားရှင်သည် ယနေ့ ၂၀၂၂ ဖေဖော်ဝါရီ၁၆ရက် မနက်ပိုင်းတွင် လူကြီးရောဂါဖြင့် MNDAA ဌာနချုပ်မှာပင် ကွယ်လွန်သွားပြီလို့ သိရပါတယ်။
ဦးဖုန်ကြားရှင်သည် ကွယ်လွန်ချိန်တွင် အသက်၉၀ကျော်အရွယ်ရှိပြီဖြစ်ပါတယ်။ သူ၏ဈာပနအား MNDAA ဌာနချုပ်တွင်ပင် ကျင်းပမည်ဟု သိရပါတယ်။
ဦးဖုန်ကြားရှင်သည် ၁၉၈၉ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် မြန်မာအမျိုးသားအမှန်တရားနှင့် တရားမျှရေးပါတီ (MNTJP) ကို တည်ထောင်ခဲ့သူဖြစ်ပြီး ၎င်း၏ လက်နက်ကိုင်တပ်ဖွဲ့မှာ MNDAA ဖြစ်ပါတယ်။
စတင်တည်ထောင်ခဲ့သည့် ၁၉၈၉ ခုနှစ်တွင်ပင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီစာချုပ်ချုပ်ဆိုခဲ့ဖူးပါတယ်။ စာချုပ်ချုပ်ဆိုပြီးနောက် ကိုးကန့်ဒေသမှာ ရှမ်းပြည်နယ်အထူးဒေသ (၁) ဖြစ်လာခဲ့တယ်လို့ သိရပါတယ်။
၂၀၀၉ စက်တင်ဘာတွင် MNDAA ကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲရန် ညွှန်ကြားခံခဲ့ရ ပြီးနောက် တပ်မတော်နှင့် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ကာ ပြည်ပသို့ တိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။ ယင်းနောက် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ၊ ၂၀၁၇ ခုနှစ် မတ်လတို့တွင် စစ်တပ်နှင့် တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလည်း ကွမ်လုံမြို့နယ်ထဲတွင် တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပါတယ်။
MNDAA အနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၂၁ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် NRPC နှင့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့၈ ဖွဲ့ တွေ့ဆုံမှုသို့ တက်ရောက်ခဲ့သည့်နည်းတူ ၂၀၁၉ ခုနှစ် ဧပြီ ၃၀ ရက်က မူဆယ်မြို့တွင် ပြုလုပ်ခဲ့သည့် (NRPC) ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုကိုလည်း တက်ရောက်ခဲ့သည့်အပြင် ၂၀၁၉ ခုနှစ် သြဂုတ် ၃၁ ရက်ကလည်း ကျိုင်းတုံမြို့တွင် မြောက်ပိုင်းလေးဖွဲ့နှင့် NRPC တို့ တွေ့ဆုံမှုပြုလုပ်ခဲ့ပြီး ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည့်အဖွဲ့ဖြစ်ပါတယ်။