ရတနာပုံ နန်းတွင်းအာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး သီပေါမင်းကိုယ်တိုင် ဖွင့်ဟဝန်ခံချက်များ
သီပေါမင်းဟာ အိန္ဒိယ ရတနာဂီရိ ရောက်နေတဲ့အချိန် မင်းညီမင်းသားတွေ ရှင်းခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အနားက လက်အောက်ငယ်သားတွေက မေးလို့ ၁၉၁၁ ခုနှစ်မှာ အောက်ကအတိုင်း ပြောခဲ့တယ်လို့ ဖတ်ရပါတယ်။
“ကျန်ရစ်သော မင်းသားများ စာရင်းပေးပါတောင်းမှ ကျပင်းမင်းသား၊ ကောလင်းမင်းသား၊ ပျဉ်းမနားမင်းသား၊ မြင်စိုင်းမင်းသား၊ လယ်ကြားမင်းသားတို့ကို ရရှိခေါ်ဆောင် သင်္ကန်းဝတ်စေပြီးလျှင် ဆရာတော်များထံ အပ်ထားရသည်။ ၎င်းမင်းသားများ ငါ့ကြောင့်သာ အသက်ရှင်သည်။ ယခုတိုင် အချို့ ရှိကြပါသေးသည်။ မေးလျှင်ပြောလိမ့်မည်။
ရနောင်မင်းသား၏ အခါလည်ကျော် သမီးတော်ကလေး ကျန်ရစ်ကြောင်းသိရ၍ အသက်မသေရန် မိန်းမစိုးမောင်မှဲ့အား ခေါ်ဆောင်ယူစေခဲ့ပြီး တောင်တွင်းစစ်ကဲ မောင်မြစ်မယား မိပုံ့ အထိန်းထားပြီး မွေးတော်မူလာလို့ အသက်ချမ်းသာရာ ရတယ်။ ယခုထက်တိုင် ကြည့်မြင်တိုင် စမ်းချောင်းမှာ အသက်ရှင်လျက် ရှိသေးတယ်။
ထို ၂ ပါးမှာ ၎င်းအကြောင်းများ သိသည်ကစ၍ စိတ်နှလုံးထိတ်လန့် တုန်လှုပ်ခြင်းဖြစ်ပြီး စိတ်ပြေစေရန် နေ့စဉ် တောင်စမုဒ်က ထွက်၍ သံဃာတော်များကို ဆွမ်းကြီးလောင်းတော်မူသည်။ ငါလည်း အလွန်စိတ်မကောင်း၊ တစ္ဆေလည်းကြောက်၊ နန်းတော်တွင်းမှာ နေ့ညမပြတ် ဆူဆူညံညံ ရှိစေခြင်းငှာ ပွဲခံစေသည်။
ဟိုအခါမှာ ငါကလည်းငယ်၊ အသက် ၂၀ ရွယ်၊ မင်းကြီးများ စီမံကြရသောအခါမှာဖြစ်သည်။ နောင်မိုးခေါင်လို့ မဟာဆီ မဟာသွေး မြေ၌မကျရာဟု ပညာရှိများ၊ ဘုန်းတော်ကြီးများက ပြောလျှင်၊ ညတိတ်တစ်ဆိတ် အလောင်းများကို တူးဖော်ပြီး အိုးထုပ်နှင့်ထည့်၊ လှည်းမှာတင်၊ မြစ်ဆိပ်ယူပြီး ရေလည် မြစ်ထဲချကြတယ်။” သီပေါမင်းပြောခဲ့တဲ့ ဒီစကားကို သမိုင်းပညာရှင် ဒေါက်တာ သန်းထွန်းက “ကိုယ့်အပြစ်လွတ်အောင် ရုန်းထွက်တဲ့ စကားပဲ ဖြစ်တယ်” လို့ ရေးပါတယ်။ (Kyaw Kyaw Thein Sint)