မီးလာချိန် (၃) နာရီကို ၁၅ သိန်းနဲ့ လမ်းတလမ်းစာ ဝယ်လို့ ရတယ်တဲ့ (အတွင်းလူတွေ ‌ဖော်ပါပြီ)

ရန်ကုန်တမြို့လုံး လျှပ်စစ်မီးကို အလှည့်ကျရနေတာ ရက်သတ္တပတ်ပေါင်းများစွာ ကြာလာပါပြီ။ မတ်လ ၁၂ ရက်နေ့ကနေ ၁၈ ရက်နေ့အတွင်းမှာ လျှပ်စစ်မီးတွေ ပိုပြတ်နိုင်တယ်လို့လည်း ကြိုတင် ကြေညာထားပါတယ်။

ယခုအချိန်မှာ ရန်ကုန်မြို့ကြီးရဲ့ နေရာအတော်များများဟာ လျှပ်စစ်မီး ပြတ်တောက်တဲ့ ဒဏ်ကို ခံနေရပါတယ်။ လျှပ်စစ်မီးနဲ့ လုပ်မှ ရမယ့် အလုပ်တွေလည်း မပြီးတဲ့အပြင် နေ့စဉ်လူမှု ဘဝကိုပါ ထိခိုက်လာနေပြီ ဖြစ်ပါတယ်။

စီးပွားရေး မြို့တော် ဖြစ်တဲ့ ရန်ကုန်မှာ လျှပ်စစ်မီး ပြတ်တောက်တဲ့ ဒဏ်ကို ခံနိုင်ဖို့ မီးစက်၊ ဆိုလာနဲ့ အင်ဗာတာ ပစ္စည်းများ ရောင်းမလောက် ဖြစ်နေပြီး ပြည်သူတွေအနေနဲ့ အဲဒီပစ္စည်းတွေကို ထပ်မံဝယ်ယူရတာကြောင့် ငွေကြေး ကုန်ကျမှု ပိုမိုများပြားနေပါတယ်။

ရန်ကုန်မြို့ရဲ့ နေရာအတော်များများမှာ တနေ့ကို ၁၀ နာရီလောက်သာ လျှပ်စစ်မီး ရတဲ့ အခြေအနေ ဖြစ်နေပါတယ်။ ၄ နာရီတဖြတ်သာ လျှပ်စစ်မီးလာတာကြောင့် အဲဒီ ၄ နာရီအတွင်း လုပ်စရာ ရှိတာတွေကို အကုန်ပြီးအောင် လုပ်ထားရတဲ့ အခြေအနေကို ရောက်ရှိနေပါတယ်။

အဲဒီလို ဖြစ်နေချိန်မှာပဲ လိုင်းပေါ်မှာ ပြန့်လာတဲ့ သတင်းတခုကတော့ ၄ နာရီ တဖြတ် မီးလာတဲ့ အချိန်ကို ၃ နာရီ ထပ်တိုးချင်ရင် ၁၅ သိန်း ပေးရမယ်ဆိုတဲ့ သတင်းပါပဲ။

အဲဒီ ၁၅ သိန်းကတော့ လမ်းတလမ်းစာအတွက် ဖြစ်ပြီး ရပ်ကွက်တခုလုံးတော့ မရဘူးလို့ သိရပါတယ်။ ဒီသတင်းဟာ လျှပ်စစ်ဖြန့်ချိရေးနဲ့ ပတ်သက်တဲ့ အသိုင်းအဝိုင်းက ထွက်ပေါ်လာတာ ဖြစ်ပြီး သေချာမှန်ကန်တဲ့ သတင်း ဟုတ် မဟုတ်ကတော့ အတည်မပြုနိုင်သေးပါဘူး။

ဒါပေမယ့် လူတွေကြားမှာ အလျင်အမြန် ပျံ့နှံ့နေပြီး မီးပြတ်တာကို သည်းမခံနိုင်တဲ့ လူအချို့ကတော့ ပိုက်ဆံပေးပြီး မီးပေးချိန်ကို ဝယ်မယ်လို့ လုပ်နေကြသလို တချို့ကတော့ ဒီလို လုပ်စားတာကို ရှုံချနေကြတာကိုလည်း တွေ့ရပါတယ်။

အခြေခံ လိုအပ်ချက်ကိုတောင် ပြည့်စုံအောင် မလုပ်ပေးနိုင်တော့တဲ့ မြန်မာပြည်မှာ ဒီလို တရားမဝင်နည်းလမ်းမျိုးတွေ ဖြစ်ပေါ်လာတာဟာ အတော် ဝမ်းနည်းစရာ ကောင်းပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်း၊ ငွေရှာရ ခက်လာခြင်းတို့အပြင် ယခုလို အခြေခံလိုအပ်ချက်တွေ မပြည့်စုံတော့တဲ့ မြန်မာပြည်ရဲ့ အနာဂတ်ဟာ ဘာဖြစ်လာမလဲဆိုတာ ရင်တမမနဲ့ စောင့်ကြည့်ရင်း….

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page