မြန်မာနိုင်ငံကို ဘယ်တော့မှ ပြန်မလာတော့မယ့် အမေရိကန်ဆရာမလေးများ
စေတနာ့ဝန်ထမ်းတွေနဲ့ ပြည်တွင်းမှာ စာသင်ပေးခဲ့ကြတဲ့ Peace Corps Myanmar အဖွဲ့ဟာ ပြည်တွင်းရေး မတည်ငြိမ်မှုကြောင့် ပိတ်သိမ်းလိုက်ပြီလို့ ဧပြီလ ၁၈ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီး နောက်ဆက်တွဲအခြေအနေတွေအရ ပြည်တွင်းမတည်ငြိမ်မှုတွေကြောင့် ပိတ်သိမ်းလိုက်ရတာလို့ အမေရိကန်အခြေစိုက် Peace Corps ရဲ့ အမှုဆောင်အရာရှိချုပ် Carol Spahn က ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
“စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ မတည်ငြိမ်မှု၊ တိုင်းပြည်မငြိမ်သက်မှုနဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် စေတနာ့ဝန်ထမ်းတွေ ဘေးကင်းကင်း ပြန်လာနိုင်ဖို့ မစီစဉ်နိုင်တော့ပါဘူး။ သေချာစဉ်းစားပြီး နောက်မှာတော့ Peace Corps Myanmar ကို ပိတ်တော့မှာ ဖြစ်ပါတယ်”
Peace Corps ဟာ မြန်မာနိုင်ငံမှာ စေတနာ့ဝန်ထမ်း ၈၇ ယောက်နဲ့ မြန်မာပြည်မှာ ရုံးစဖွင့်တဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ မတ်လအထိ အင်္ဂလိပ်စာပညာရေးနဲ့ မြန်မာကျောင်းတွေ၊ ကျေးလက်ဒေသတွေမှာ သင်ကြားပေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။
“Peace Corps ၏ မျှော်မှန်းချက်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ချစ်ကြည်ရင်းနှီးမှုကို မြှင့်တင်ရန်ဖြစ်ပြီး၊ အမေရိကန် စေတနာ့ဝန်ထမ်းများကို ကမ္ဘာ့နိုင်ငံများမှ ပြည်သူများနှင့် ယှဉ်တွဲနေထိုင်စေကာ စေတနာ့ဝန်ထမ်းဆောင်ရန် စေလွှတ်လျက်ရှိပါသည်။ မြန်မာနိုင်ငံ၏ မြို့ရွာများတွင် ဖြစ်ပေါ်လျက်ရှိသော ကာလရှည်ကြာ မတည်ငြိမ်မှုများသည် စေတနာ့ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်မှုများဖြစ်စေပြီး ၄င်းစေတနာ့ဝန်ထမ်းများ ပြန်လည်တာဝန်ထမ်းဆောင်ရန် မည်သည့်အချိန်တွင် ခေါ်ယူနိုင်မည်ကို မရေရာသော အခြေအနေတွင် ရှိနေခြင်းကြောင့်၊ Peace Corps ရုံးချုပ်သည် မြန်မာနိုင်ငံရှိ ရုံးကို ပိတ်သိမ်းရန် ဆုံးဖြတ်ခဲ့ပါသည်“ လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Peace Corps ဟာ နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ်တွေထဲက တစ်ခုဖြစ်ပြီး ပညာရေး၊ ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်၊ စိုက်ပျိုးရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေး၊ လူငယ်ဖွံ့ဖြိုးရေးတို့အတွက် စေတနာ့ဝန်ထမ်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။