အမေရိကန်နိုင်ငံသားတွေကို မြန်မာပြည် ခေါ်ပြလိုက်ချင်တဲ့ အဖြစ် (လွတ်လပ်ခြင်းရဲ့ တန်ဖိုးဆိုတာ)

သူတို့နဲ့ ကျွန်တော်တို့…

အိုမီခရွန်ကြောင့်လားတော့ မပြောတတ်ဘူး၊ ယူအက်စ်မှာ ကိုဗစ်ကေ့စ်တွေ တော်တော်ကို ပြန်ထိုးတက် လာပြန်တယ်။

နေ့စဉ် ကေ့အသစ် ကူးနှုန်းက နှစ်သိန်း အထက်နဲ့ သေဆုံးမှုနှုန်း နှစ်ထောင်ကျော် ရှိတယ်။ ကျွန်တော် လက်ရှိ နေတဲ့ ပြည်နယ်မှာတောင် ရှိတာမှ လူဦးရေ ၆ သန်းလောက်မှာ နေ့စဉ် ၅၀၀၀ နဲ့ ၇၀၀၀ ကြား ကူးစက်မှုနှုန်း ရှိပြီး လူ ၁၀၀ ဝန်းကျင် ကိုဗစ်ကြောင့် နေ့စဉ် အသက်ဆုံးနေရတယ်။

ဒီလိုတွေ ကူးစက်တာတွေ မြင့်တက်နေလို့ အသွားအလာ၊ အနေအထိုင်တွေက ထူးပြီး ခြားနားမယ်တော့ မထင်ပါနဲ့။ ပွဲတွေ ကျင်းပမြဲ၊ လူအုပ်ကြီးတွေ ထူထပ်မြဲ။ ကျွန်တော်တို့တွေလည်း သွားလာနေရမြဲ။

ဒီမှာ (ယူအက်စ်မှာ) ကျတော့ အခုနောက်ပိုင်း ပြဿနာက လူထူထပ်တာ၊ ပွဲကျင်းပတာတွေထက် ကာကွယ်ဆေး မထိုးကြတဲ့ ပြဿနာပါ။

လက်ရှိ ယူအက်စ် အစိုးရဟာ သူ့နိုင်ငံမှာ ကာကွယ်ဆေး ထိုးပေးဖို့ အားထုတ်ရာမှာ မညံ့ခဲ့တဲ့ အပြင် ဂရုစိုက်ပေးခြင်းရဲ့ ဟိုဘက်တောင် လွန်နေသေးတယ်လို့ ပြောလို့ရတယ်။

ကာကွယ်ဆေး ထိုးဖို့ သူ့နိုင်ငံသား ဖြစ်နေဖို့ မလို၊ ကျန်းမာရေး အာမခံ ရှိနေဖို့ မလို၊ ငွေကြေး တစုံတရာ ပေးစရာလည်း မလို (တချို့နေရာတွေဆို ကာကွယ်ဆေးထိုးရင် ဒေါ်လာ ၁၀၀ ပေးပါ့မယ်တောင် စည်းရုံးတာမျိုး)၊ ကာကွယ်ဆေး သွားထိုးရမယ့် နေရာကို သွားဖို့ အကြိုအပို့ပါ လိုအပ်ရင် စီစဉ်ပေး၊ ကျန်းမာရေး ဝန်ထမ်းတွေ ဆိုတာလည်း ဖော်ရွေလိုက်တာမှ…။

ဒါပေမယ့် …။ “မထိုးဘူးကွ၊ ငါတို့က ဘာအတွက်နဲ့ ကာကွယ်ဆေး ထိုးရမှာလဲ၊ ဘာများ ထူးနေလို့လဲ၊ ငါ့လွတ်လပ်ခွင့်နဲ့ငါ မထိုးတော့ ဘာဖြစ်သလဲကွ” ဆိုတဲ့ လူတွေက နိုင်ငံ့ လူဦးရေရဲ့ သုံးပုံတပုံ မကတောင် ရှိနေတယ် ဆိုရင် အံ့ဩနေကြမလား။

အဲဒီလို ကာကွယ်ဆေး မထိုးကြတဲ့ လူတွေကို ဘာကြောင့်လဲ ဆိုတာ စူးစမ်းကြည့်တယ်။ တချို့ကကျ ဘာသာရေး အယူအဆ တမျိုးကြောင့် မထိုးတာ။ တချို့ကကျ နိုင်ငံရေး အယူအဆကြောင့် မထိုးတာ။ တချို့ကကျ ကာကွယ်ဆေး ဆိုတာကို မယုံလို့ မထိုးတာ၊ ကိုဗစ် ရှိတယ် ဆိုတာ ဘယ်လိုပြောပြော မယုံလို့ မထိုးတာ။

အဲဒီထက် နည်းနည်း ပိုထူးဆန်းတဲ့ တချို့ကတော့.. ဘိုင်ဒန်ကို ကြည့်မရလို့ မထိုးတာ…တို့၊ ကာကွယ်ဆေးကြောင့် ယောက်ျားတွေ ပန်းသေပန်းညှိုး ဖြစ်မယ် ဆိုလို့ (ဘယ်သူက ပြောလိုက်မှန်း မသိ) မထိုးတာ..တို့၊ အဲဒီလိုတွေလည်း ရှိတယ်။

ကာကွယ်ဆေး မထိုးလို့ လူထူထပ်တဲ့ နေရာမှာ အဲဒီလူတွေ Mask တပ်ကြလား ဆိုတော့ သူတို့ပဲ ကာကွယ်ဆေး ထိုးပြီးလေဟန်နဲ့ မတပ်ကြသူတွေက ခပ်များများ။

ဒီလိုပါပဲ။ တရက်တော့ ကျွန်တော်ရယ်၊ အလုပ်ထဲက မန်နေဂျာ တချို့နဲ့ Shift lead တွေရယ် အစည်းအဝေး တခု အပြီးမှာ ထွေရာလေးပါးတွေ နည်းနည်းပါးပါး ပြောဖြစ်ကြတော့ တယောက်က ကျွန်တော်ကို တမှတ်တရ သဘောနဲ့ မေးတယ်။ “မင်းတို့ တိုင်းပြည် အခြေအနေ ဘယ့်နှယ့်တုန်းကွ၊ သတင်းတွေထဲမှာ တွေ့နေရလို့”

လူက ငိုချင်ရက် လက်တို့လို ဖြစ်နေတာကို အဲဒီလို လာမေးတော့ သူမေးတာ တခြား၊ ကိုယ်ဖြေတာ တခြား ဖြစ်ချင်လည်း ဖြစ် စိတ်ထဲ ရှိတာတွေ ပြောချတော့တာပဲ။

“ကျုပ်တို့ တိုင်းပြည် အကြောင်း ပြောရမယ် ဆိုရင် ခင်ဗျားတို့ နိုင်ငံသား တချို့ကို ကျုပ်တို့ မြန်မာနိုင်ငံကို ခေါ်သွား ပြချင်တာပဲဗျ။ ဘာလို့လဲ သိလား၊ ခင်ဗျားတို့ နိုင်ငံသားတွေထဲမှာ လွတ်လပ်ခြင်းရဲ့ အရသာကို ဘာမှန်း မသိကြသူတွေ၊ စနစ်ကောင်းတခု ရှိခြင်းရဲ့ တန်ဖိုးကို နားမလည်ကြသူတွေ တော်တော်ကို တွေ့မိလို့ပဲ။ အထူးသဖြင့် လူငယ် အတော်များများပဲ။

လွတ်လပ်ခွင့် ရပြီးသား၊ စနစ်ကောင်း ရှိပြီးသား နိုင်ငံမှာ မွေးလာတော့ အဲဒါတွေ ရဖို့ ဘယ်လောက်တောင် ခက်ခဲခဲ့ရတယ်၊ တခြားနိုင်ငံတွေမှာ ဘယ်လောက်တောင် ခက်ခဲနေရတယ် ဆိုတာ သူတို့ တကယ်ကို မသိကြတော့ဘူး။

အဲဒါတွေ မြင်နေရတဲ့အခါ ငါတို့နိုင်ငံကျမှ အဲဒီလောက် ကံဆိုးနေရတာလား လို့ ခံစားရတယ်ဗျ။ အခု ကျုပ်တို့နိုင်ငံ အခြေအနေလား။ သူတို့တွေ လူ့ဂုဏ်သိက္ခာ ရှိရုံလေး နေခွင့်ရဖို့ အတွက်ကိုပဲ အသက်တွေပေးပြီး တိုက်ပွဲ ဝင်နေရတယ်၊ အဲဒါပါပဲ”

အစည်းအဝေးခန်းထဲက ထွက်လာတော့ အဲဒီလူတွေ တယောက်မျက်နှာ တယောက်ကြည့်ပြီး ကျန်ခဲ့ကြတာပဲ။

ကလိုစေးထူး

Leave a Reply

Your email address will not be published. Required fields are marked *

x

You cannot copy content of this page